contents

သတင်းများ

လူမှုကွန်ရက်ပေါ်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ လိုက်နာရမည့်စည်းမျဉ်းများ ချမှတ်ပေးရန် နိုင်ငံတော်သို့ တောင်းဆိုထား

နေ့ရက်:
Aug 14, 2018


အမျိုးအစား :
နည်းပညာ
Akonthi

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကုန်ပစ္စည်းများအရောင်းအဝယ်ပြုလုပ်ရာ၌ လိုက်နာရမည့် စည်မျဉ်းစည်းကမ်းများ သတ်မှတ်ပြဋ္ဌာန်းရန် နိုင်ငံတော်သို့ တင်ပြထားကြောင်း မြန်မာနိုင်ငံလက်လီလက္ကား ရောင်းဝယ်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။



အွန်လိုင်းမှ ကုန်ပစ္စည်းများအရောင်းအဝယ်ပြုလုပ်ရာတွင် ရောင်းချသူဘက်မှဖြစ်စေ၊ ဝယ်ယူသူဘက်မှဖြစ်စေ နစ်နာမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရန် စည်းမျဉ်းဥပဒေသများသတ်မှတ်ပြဋ္ဌာန်းနိုင်ရန် မြန်မာနိုင်ငံ လက်လီလက္ကားရောင်းဝယ်ရေးအသင်းမှ ကုန်သည်/စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ (၂)ဦးဆောင်သောလစဉ်အစည်းအဝေး၌ တင်ပြတောင်းဆိုထားခဲ့ကြောင်း သိရသည်။ “ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Page တွေထောင်တယ်။ အလွယ်တကူတက်ရောင်းတယ်။ အမှန်တကယ် ဆောင်ရွက်နေသူတွေကို မဆိုလိုပါဘူး။ ရောင်းမှားဝယ်မှားဖြစ်လို့ သူတို့ပြောစကားတွေကို ကြည့်မယ်ဆိုတဲ့ အချိန်မှာ အကုန်ပျောက်ကုန်ရော။ ဖျက်ချလိုက်ပြီ။ ရောင်းသူဝယ်သူဘက်က မှားတဲ့အမှားမျိုးကို စားသုံးသူကာကွယ်ရေးဥပဒေနဲ့ လိုက်လို့ရတယ်။ အွန်လိုင်းမှာက တကယ့်တကယ်လိုက်ရင် အရမ်းခက်ခဲတယ်။ ဒါကို စည်းမျဉ်းတစ်ခုအနေနဲ့ ထုတ်ပြန်ပြီး နှစ်ဦးစလုံးကို ဘယ်လိုဖြေရှင်းလို့ရမလဲ။ ဒါကိုပြန်လိုက်လို့ရအောင် ဘယ်လိုသွားမလဲဆိုတာ တင်ပြထားတာဖြစ်တယ် ” ဟု မြန်မာနိုင်ငံလက်လီလက္ကား ရောင်းဝယ်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကုန်ပစ္စည်းများရောင်းချသည့်လုပ်ငန်းများ တွင်ကျယ်လာသည်နှင့်အညီ အရောင်းအဝယ်ပြုလုပ်သူ ဦးရေများပြားလာကြောင်း သိရသည်။



သို့ရာတွင် လုပ်ငန်းလိုင်စင်လျောက်ထားပြီး အမှန်တကယ်ရောင်းချသူများရှိသော်လည်း ရောင်းမှားဝယ်မှား ပြဿနာများမကြာခဏဖြစ်ပေါ်နေသည့်ပြသနာကို ကာကွယ်သည့်အနေဖြင့် လူမှုကွန်ရက်စာမျက်နှာဖြင့် ကုန်ပစ္စည်းအရောင်းအဝယ်ပြုလုပ်သူများလိုက်နာရမည့် စည်းကမ်းချက်များကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။ ယင်းသို့ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ပြဌာန်းနိုင်ရန် IT သတင်းအချက်အလက်နည်းပညာကျွမ်းကျင်သူများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိတွင်ဆွေးနွေးမှု တစ်ကြိမ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ 



  - သင်းသင်းလှိုင်


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။