contents

သတင်းများ

ရော်နယ်ဒို ဂျူဗင်တပ်နဲ့ ပူးပေါင်းခြင်းက မက်ဆီထက် ပိုကောင်းကြောင်း သက်သေပြချင်လို့ပဲ ဆိုလိုက်တဲ့ ရိုင်ယန်ဂစ်

နေ့ရက်:
Jul 13, 2018


အမျိုးအစား :
အားကစား
Akonthi

ပေါ်တူဂီစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ၊ ၄ နှစ် စာချုပ်နဲ့ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ ပူးပေါင်းလိုက်ပြီပဲ ဖြစ်ပါတယ်။



ရော်နယ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အတွက်  ၉ နှစ် ကစားပေးပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးပေးအပြီးမှာ ဘာနေဗျူးမှ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ခြင်းက အံ့သြစရာ ကောင်းနေပေမယ့် ယခင် မန်ယူအသင်းမှာ သူနဲ့ အတူ ကစားဖူးတဲ့ ရိုင်ယန်ဂစ်ကတော့ ရော်နယ်ဒို အခုလို အသင်းပြောင်းခြင်းဟာ မက်ဆီထက် ပိုကောင်းတယ်ဆိုတာကို သက်သေပြချင်တာကြောင့်ပဲ ဖြစ်မယ်လို့ သူ့ရဲ့ ထင်မြင်ယူဆချက်ကို အခုလို ပြောပါတယ်။


ronaldo and giggs

"သူ အခုလို  ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာပြီး အီတလီကို သွားတယ်ဆိုတာ သိရတော့ ကျွန်တော့်အဖို့ တော်တော်လေးကို ထူးဆန်းနေတယ်" လို့ ဂစ်က ITV Sport မှာ ပြောပါတယ်။



"ဒါဟာ သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့် အသင်းကြီးတစ်သင်းကို သူသွားတာပါ။ ခင်ဗျားတို့အနေနဲ့ သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ဂျူ၊ဗင်တပ် အားလုံးက အသင်းကြီးတွေပဲ။ ဒါဟာ ကောင်းတဲ့ကိုယ်ရေးရာဇ၀င်တစ်ခုပါ"


Ronaldo and Messi

"သူ့မှာ မက်ဆီထက် ပိုကောင်းချင်တဲ့ စွဲလန်းတဲ့ စိတ်တစ်ခုတော့ ရှိတယ်။ လူတွေက မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူကပိုကောင်းလဲဆိုတဲ့ မေးခွန်းတွေ ထုတ်ကြတယ်။ အခုတော့ သူပြောဖို့ ရှိလာပြီ - 'ကျွန်တော်ဟာ အင်္ဂလန်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ စပိန်မှာလည်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ အခု အီတလီမှာ အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ နောက်ပြီး ပေါ်တူဂီအသင်းနဲ့အတူ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်'ဆိုပြီး ပြောလို့ရပြီ။ ဒါကြောင့် မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲလို့ မေးရင် ဒါဟာ သူ့အတွက် ချေပစရာတစ်ခု ဖြစ်လာလိမ့်မယ်" လို့ ရိုင်ယန်ဂစ်က ပြောလိုက်ပါတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။