contents

သတင်းများ

အင်္ဂလိပ်မီဒီယာများသည် ခရိုအေးရှားအပေါ် လျော့တွက်ခဲ့ကြကြောင်း လူကာမိုဒရစ် ဝေဖန်

နေ့ရက်:
Jul 13, 2018


အမျိုးအစား :
အားကစား
Akonthi

အင်္ဂလိပ်မီဒီယာများသည် ခရိုအေးရှားအသင်းအပေါ် အထင်သေးလျော့တွက်ခဲ့ကြကြောင်း ခရိုအေးရှားကွင်းလယ် ကစားသမား မိုဒရစ်က ဝေဖန်ပြောဆိုလိုက်သည်။ ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှားနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲအပြီးတွင် မိုဒရစ်က ယခုကဲ့သို့ ပြောဆိုခဲ့သည်။



ခရိုအေးရှားသည် ဆီမီးဖိုင်နယ်အဆင့်တွင် အင်္ဂလန်အသင်းအား အချိန်ပိုတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရကာ  ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခွင့် ရခဲ့သည်။ ခရိုအေးရှားအသင်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၄.၁၇ သန်းသာရှိသည့် ခရိုအေးရှားနိုင်ငံသည် ၁၉၅၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်သည့် အသေးငယ်ဆုံးနိုင်ငံဖြစ်သည်။


အင်္ဂလိပ်မီဒီယာများသည် ခရိုအေးရှားအပေါ် လျော့တွက်ခဲ့ကြကြောင်း လူကာမိုဒရစ် ဝေဖန်

ကွင်းလယ်ကစားသမား မိုဒရစ်က “ကျွန်တော်တို့ဟာ လူတွေ ခန့်မှန်းပြောဆိုနေခဲ့တာနဲ့ လုံးဝကွဲပြားခြားနားတဲ့ အခြေအနေကို လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်မီဒီယာတွေ၊ ဘောလုံးခန့်မှန်းသူတွေရဲ့ အထင်အမြင်တွေနဲ့ ဆန့်ကျင်ဘက် အခြေအနေကို လုပ်ဆောင်ပြနိုင်ခဲ့တာပါ။ အင်္ဂလိပ်မီဒီယာတွေနဲ့ ဘောလုံးခန့်မှန်းသူတွေက ဆီမီး ဖိုင်နယ်ပွဲအတွက် ခရိုအေးရှားအသင်းကို အထင်အမြင်သေးခဲ့ကြတယ်။ ဒါဟာ ကြီးမားတဲ့အမှားပါပဲ။ အင်္ဂလန်မီဒီယာတွေအနေနဲ့ အင်္ဂလန်အသင်းရဲ့ ပြိုင်ဘက်တွေအပေါ် အခုထက် ပိုမိုပြီး လေးစားသင့်တယ်။ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှား အသင်းဟာ စိတ်ဓာတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ စိုးမိုးနိုင်ခဲ့တယ်။ အခုလို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့တာက ခရိုအေးရှားနိုင်ငံရဲ့ အားကစားသမိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှုပါ။ ဒီလို စွမ်းဆောင်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်”ဟု ပြောဆိုခဲ့သည်။


အင်္ဂလိပ်မီဒီယာများသည် ခရိုအေးရှားအပေါ် လျော့တွက်ခဲ့ကြကြောင်း လူကာမိုဒရစ် ဝေဖန်

Ballon d’Or ဆု ရရှိနိုင်မည့် အလားအလာနှင့် ပတ်သက်၍ မေးမြန်းမှုကို မိုဒရစ်က “လက်ရှိအချိန်မှာ ခရိုအေးရှားအသင်းရဲ့ အောင်မြင်ရေးကိုသာ အာရုံစိုက်ထားပါတယ်။ ဒါက ကျွန်တော့်အတွက် ပိုအရေးကြီးတယ်”ဟု ဖြေဆိုခဲ့သည်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။