Lotayamm

search
မာတိကာ

contents

သတင်းများ

ကမ္ဘာ့ဖလားပွဲစတင်ရန် ရက်ပိုင်းအလို၌ စပိန်အသင်းနည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ 

နေ့ရက်:
Jun 15, 2018


အမျိုးအစား :
အားကစား
Akonthi

 စပိန်ဘောလုံးအဖွဲ့ချုပ်သည် စပိန်အသင်း၏ ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကစားရန် နှစ်ရက်သာလိုချိန်တွင် စပိန်အသင်း၏ နည်းပြဖြစ်သူ ဂျူလန်လိုပီတီဂူအား ရာထူးမှ ထုတ်ပယ်ကာ စပိန်ကွင်းလယ်ခံစစ်ကစားသမားဟောင်း ဖာနန်ဒိုဟီယာရိုအား နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်လိုက်သည်။



ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် စပိန်အသင်းနည်းပြအဖြစ် တာဝန်ယူနေသူ လိုပီတီဂူသည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရီးရဲမက်ဒရစ်အသင်းနည်းပြအဖြစ် သုံးနှစ်သက်တမ်းဖြင့် တာဝန်ယူမည် ဖြစ်ကြောင်း ရီးရဲအသင်း၏ သတင်းထုတ်ပြန်မှုကို စပိန်ဘောလုံးအဖွဲ့ချုပ်မှ မကျေမနပ်ဖြစ်ခဲ့ကာ နည်းပြ အပြောင်းအလဲပြုလုပ်နိုင်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ်ရူဘိုင်လက်စ်က ပြောဆိုခဲ့ပြီး မကြာမီ၌ပင် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။



စပိန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲ ပါဝင်ကစားခဲ့ကာ ၂၉ ဂိုး သွင်းယူနိုင်ခဲ့သူ ဟီယာရို(၅၀နှစ်)သည် စပိန်လက်ရွေးစင်အသင်းတွင် အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေခဲ့သူဖြစ်သည်။ စပိန်အသင်းနည်းပြ သစ်ဖြစ်လာခဲ့သူ ဟီယာရိုသည် ရီးရဲမက်ဒရစ်အသင်း လက်ထောက်နည်းပြအဖြစ်လည်းကောင်း၊ စပိန်အသင်းငယ်တစ်သင်းဖြစ်သည့် ရီးရဲအိုဗီဒိုအသင်းနည်းပြအဖြစ်လည်းကောင်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။



စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘိုင်လက်စ်က “ရီးရဲမက်ဒရစ်အသင်းအနေနဲ့ သူတို့အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် နည်းပြကို ရှာဖွေခဲ့တာပါပဲ။ ဒါက သာမန်ဖြစ်စဉ်တစ်ခုပါ။ ဒါကို ကျွန်တော့်အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူနေချိန်မှာတော့ ဒီလို လုပ်လို့မရဘူး။ စပိန်အသင်းကစားသမားတွေနဲ့လည်း ကျွန်တော် စကားပြောပြီးပါပြီ။ သူတို့ရဲ့ တုံ့ပြန်မှုကလည်း ကောင်းပါတယ်။ စပိန်ကစားသမားတွေက နည်းပြသစ်ရဲ့ လက်အောက်မှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ တတ်စွမ်းသမျှ ကြိုးစားသွားကြမှာပါ။ အောင်မြင်မှုရဖို့က အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ အခြား အရေးကြီးတဲ့ကိစ္စတွေလည်း ရှိပါသေးတယ်။ နည်းပြ လိုပီတီဂူက နည်းပြကောင်းတစ်ဦးပါ။ ကျွန်တော်တို့ အနေနဲ့ အခုလို ဆုံးဖြတ်ချက်ချဖို့ ဖိအားဖြစ်ခဲ့ပါတယ်။ စပိန်အသင်းအတွက် လိုပီတီဂူ စွမ်းဆောင်ပေးခဲ့မှုတွေကြောင့် သူ့ကို ကျေးဇူးတင်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး ကြိုးပမ်းမှုမှာ တာဝန်အရှိဆုံးလူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို မလွှဲမရှောင်သာပဲ ရာထူးကနေ ထုတ်ပယ်လိုက်ရတာပါ”ဟု ပြောဆိုခဲ့သည်။



စပိန်အသင်းသည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်တွင် ပေါ်တူဂီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။