contents

သတင်းများ

ကားနှစ်စီး အရှောင်အတိမ်း ခက်သည့် ကမ္ဘားနီ မီးရထားကူးတံတား အသစ်ဆောက်မည်

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
ပြည်တွင်း
yangonmedia
ကမ္ဘားနီတံတားသည် ဂန့်ဂေါ ကလေးလမ်း (၅၁/၅) နှင့် (၅၁ /၆) မိုင်အကြား မဏိပူရမြစ်ပေါ်တွင် မီးရထားဖြတ်ကူးတံတားနှင့် မော်တော်ယာဉ်များသွားလာနိုင်သည့် တံတားဖြစ်ပြီး ခွင့်ပြုတန်ချိန်မှာ ၂၁ တန်ဖြစ်ကာ ကလေးဒေသနှင့် မြောက်ပိုင်းချင်း တောင်မြို့များသို့ ရာသီမရွေးသွားလာနိုင်သဖြင့် ကလေးဒေသအတွက် မဟာဗျူဟာ မြောက်တံတားဖြစ်သည်။
ကမ္ဘားနီတံတားအသစ် တည်ဆောက်ရန် အဆိုပြုမေးခွန်းအား ကလေးမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အေးအေး မူ(ခ) ဒေါ်ရှားမီးမှပြီးခဲ့သည့် ဇွန် ၁၉ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း အဖြစ်တင်ပြတောင်းခံခဲ့ရာ စက်တင်ဘာ ၉ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်မှ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ထည့်သွင်းအတည် ပြုသဖြင့်ဘဏ္ဍာငွေ ခွဲဝေချထားကြောင်း လွှတ်တော်သတင်းများတွင် ဖော်ပြထားသည်။
''ဘတ်ဂျက်ရေးဆွဲချိန် အရမ်းနီးကပ်နေပြီဖြစ်လို့ ဒီဘတ်ဂျက်မှာ မပါဝင်နိုင်မှာစိုးရိမ်မိလို့ ဒီမေးခွန်း မေးမြန်းခွင့်မရခင်ကတည်းက ကလေးမြို့ဆောက်လုပ်ရေးဌာနတာ ဝန်ရှိသူများနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်။ သက်ဆိုင်ရာဝန်ကြီးဌာနကို သွားရောက်ပြီး ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူများနဲ့ တွေ့ဆုံကာ ဒေသတွင်းတစ်ကယ်လိုအပ်နေတဲ့ တံတားတစ်စင်းဖြစ်လို့ ဖြစ်နိုင်သမျှအမြန်ဆုံး တည်ဆောက်ပေးနိုင်အောင်တင်ပြခဲ့ပါတယ်။ ကံကောင်းထောက်မမှုများစွာနဲ့ အချိန်တိုအတွင်းမှာပဲ ဘတ်ဂျက်မှာ ပါဝင်လာပြီး တံတားအသစ်တည်ဆောက်ပေးနိုင်ဖို့ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်ကနေ စက်တင်ဘာ ၁၁ ရက်မှာအတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်'' ဟု ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးကပြောသည်။
ကမ္ဘားနီတံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်တည် ဆောက်မည်ဖြစ်ရာ ကလေးမြို့အတွက် ပြည်ထောင်စုဘတ်ဂျက်စီမံကိန်းတွင်ပါရှိသည့် စီမံကိန်းများကို မကြာမီရက်ပိုင်းအတွင်း ပြည်သူများသိရှိနိုင်ရန် အသိပေးသွားမည်ဖြစ်သည်။ 
DW
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။