Lotayamm

search
မာတိကာ

contents

သတင်းများ

ဟံသာဝတီလေဆိပ်စီမံကိန်း စတင်နိုင်ရန် ဂျပန်အစိုးရ၏ ခွင့်ပြုချက် တောင်းခံမည်

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ပြည်တွင်း
Akonthi

ဟံသာဝတီလေဆိပ်စီမံကိန်း စတင်နိုင်ရန်အတွက်  ဂျပန်နိုင်ငံအစိုးရ၏ ခွင့်ပြုချက် ကို တောင်းခံသွားမည်ဖြစ်ပြီး ရရှိပါက လာမည့်နှစ်တွင် ကနဦး စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးဌာနမှ သိရသည်။



အဆိုပါစီမံကိန်းကို မြန်မာအစိုးရ နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သောကြောင့် လာမည့် စက်တင်ဘာတွင် ဂျပန်အစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံသွားမည်ဖြစ်ကာ ခွင့်ပြုပါက ODA  ချေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ODA ချေးငွေရရှိပါက ဂျပန်နိုင်ငံတွင် နိုင်ငံတာအဆင့် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။



“ဂျပန်အစိုးရကို တင်ပြသွားမယ်။ ခွင့်ပြုလို့ရှိရင်တော့ ချေးငွေရပြီး ချေးငွေရရင် တင်ဒါစပြီးခေါ်မယ်။ ဂျပန်နိုင်ငံမှာပဲ တင်ဒါခေါ်မှာဆိုတော့ ဂျပန်ကုမ္ပဏီတွေကိုပဲ ဦးစားပေးခေါ်သွားမှာပါ။ နှစ်ကုန်ပိုင်းဆိုရင်တော့ လုပ်ငန်းကို စတင်နိုင်ဖို့ မှန်းထားတယ်”ဟု ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က ပြောသည်။



ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို Phase 1 ၊ Phase 2 ၊ Phase 3 ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ကျငွေကို ကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလျံ ကုန်ကျမည်ဖြစ်ကာ ယင်းမှ ၁၅ ရာခိုင်နှုန်းကို ဂျပန်ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်း စီမံကိန်းပြီးစီးပါက Phase 1 တွင် ခရီးသည် ၁၂ သန်း၊ Phase 2 တွင် ခရီးသည် သန်း ၂၀ ၊ Phase 3 တွင် ခရီးသည် သန်း ၃၀ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။



 - စုသက်နှင်း(အကုန်သိသတင်းဌာန)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။