Lotayamm

search
မာတိကာ

contents

သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းရန် ငလျင်ဆိုင်ရာဖိုရမ် ကျင်းပမည်

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ပြည်တွင်း
Akonthi

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး အတွက် ဒုတိအကြိမ်မြောက် ငလျင်ဆိုင်ရာဖိုရမ်ကို ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။



လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန။ ဘေးအန္တရာယ်ဆိုင်ရာ ဦးစီးဌာန ( ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး) နှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့တို့ ပူးပေါင်းကာ ငလျင်ဘေး အန္တရာယ်များ ကျရောက်လာပါက ကာကွယ်နိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ် (ကြို့ကုန်း) တွင် ကျင်းပမည်ဖြစ်သည်။ 



“ ပထမရက်မှာ ပညာရပ်ပိုင်းဆိုင်ရာ အကြံပြုချက်နဲ့ လေ့လာဆန်းစစ်တွေ့ရှိချက်တွေကို စာတမ်းဖတ်ကြားမှာ ဖြစ်သလို ဒုတိယနေ့မှာတော့ လက်တွေ့လုပ်ကိုင် ဆောင်ရွက်ထားပုံနဲ့ ပြင်ဆင်ထားပုံ အခြေအနေကို ဆွေးနွေးကြမှာ ဖြစ်တယ်။ ဒီဖိုရမ်က ထွက်လာတဲ့ ဆွေးနွေးအကြံပြုချက်တွေကို စုစည်းပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ငလျင်အန္တရာယ် ကာကွယ်ရေးအစီအစဉ်ရေးဆွဲရာမှာ ထည့်သွင်းနိုင်အောင် အကြံပြုသွားမှာ ဖြစ်တယ်။ ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှသာလျင် ထိခိုက်ပျက်စီးမှု လျော့နည်းမှာ ဖြစ်တယ်'' ဟု ငလျင်ဆိုင်ရာဖိုရမ်ဖြစ်မြောက်ရေး အကြံပေး ဒေါက်တာဝင်းဦးက ပြောသည်။



အဆိုပါ ဖိုရမ်၏ ပထမနေ့တွင် ငလျင်ဆိုင်ရာ နောက်ဆုံးလေ့လာဆန်းစစ်တွေ့ရှိချက်စာတမ်း ၆ စောင်ကို သက်ဆိုင်ရာ အဖွဲ့အစည်း ၆ ခုက ဖတ်ကြားသွားမည်ဖြစ်သည်။ 



ဖိုရမ်၏ ဒုတိယနေ့တွင် ငလျင်အန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ လေ့ကျင့်ပြင်ဆင်ထားခြင်း၊ ထိခိုက်ဒဏ်ရာရမှုနှင့် အရေးပေါ်ကုသမှုအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပြင်ဆင်ဆောင်ရွက်ထားခြင်း၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အရေးပေါ်အခြေအနေများအတွက် စည်းရုံးဆောင်ရွက်ခြင်းများကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။



ငလျင်ဆိုင်ရာဖိုရမ် ပထမအကြိမ်မြောက်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဌာနများ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ငလျင်အန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ ငလျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို လိုက်ပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။



- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။