
ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက အလုံရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများသည် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု သတင်းထွက်နေသည့် အလုံနန်းတော်ဈေး နယ်မြေရှိ အသက် ၃ဝ အရွယ်ရှိ လူငယ်အမျိုးသား၏နေအိမ်အား စောင့်ဆိုင်းကြည့်ရှုနေခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
''ဒီကောင်လေးရဲ့အိမ်ကို ကျွန်တော့်အဖွဲ့ကို စောင့်ကြည့်နေခိုင်းတာ။ အဲဒီနေ့ နေ့လယ်ပိုင်းက ဝယ်သူဝင်သွားတာကိုမြင်မှ ကျွန်တော်တို့တွေ အိမ်ကိုဝိုင်းထားပြီး ရဲကို ဖုန်းဆက် ခေါ်လိုက်တာ''ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။ အလုံရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်လာသည့်အချိန်တွင် အိမ်ပိုင်ရှင်လူငယ်နှင့်အတူ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့အား တွေ့ရှိခဲ့ကြောင်းဆိုသည်။
အမျိုးသားသုံးဦးနှင့်အတူ မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၃၇၃ဝဝဝ၊ ဆိုင်ကယ်နှစ်စီး၊ ဖုန်းမျိုးစုံရှစ်လုံးနှင့် ငွေခြောက်သိန်းနီးပါးတို့အား ရှာဖွေ့တွေ့ရှိခဲ့ကြောင်းသိရသည်။ ယင်းအမျိုးသားသုံးဦးအား အလုံရဲကင်းစခန်းမှူး ရဲအုပ်မျိုးမြင့်အောင်က တရားလို ပြုလုပ်တိုင်တန်း၍ မုံရွာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုးမြစိုး( မုံရွာ )
#theyangontimes