Lotayamm

search
မာတိကာ

contents

သတင်းများ

ရိုက်တာ သတင်းထောက်နှစ်ဦး အမှု၏ လိုပြသက်သေ တစ်ဦး ဖြစ်သူ တပ်ကြပ်ကြီး ခင်မောင်လင်းကို ရဲတပ်ဖွဲ့မှ ထုတ်ပယ်

နေ့ရက်:
May 17, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
''တပ်ကြပ်ကြီးခင်မောင်လင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်မှာရှိနေတယ်ဆိုတာကို မသိရဘူး။ ရုံးတော်မှာတော့ တပ်ကြပ်ကြီးခင်မောင်လင်းကို တပ်ကနေ အမြဲတမ်း ထုတ်ပယ်လိုက်တယ်ဆိုတဲ့ဟာကိုတော့ မှုခင်းမှတ်တမ်းကနေပြီးတော့ လာရောက်ထွက်ဆိုသွားတယ်။ သူ့လိပ်စာအသစ်ကိုရှာပြီးတင်မယ်လို့တော့ ပြောတယ်။ ဘာအကြောင်းကြောင့် ထုတ်ပယ်လိုက်တာကိုလဲ မပြောဘူး''ဟု ရိုက်တာသတင်းထောက်နှစ်ဦး၏ ရှေ့နေတစ်ဦး ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကဆိုသည်။ ဒုတပ်ကြပ်နိုင်လင်းမှာလည်း ကိုဝလုံးတို့နှစ်ဦးနှင့် တွေ့ဆုံချိန်တွင် ကိုဝလုံးတို့ဘက်မှ မည်သည်မျှတောင်းဆိုခဲ့ခြင်းမရှိသလို ၎င်းဘက်မှ မည်သည့်အရာမျှပေးခဲ့ခြင်းမရှိဟု ထွက်ဆိုထားကြောင်း သိရသည်။
''ဒုတပ်ကြပ်နိုင်လင်းကတော့ ရဲမှူးချုပ်တင်ကိုကို အမိန့်ပေးတယ်ဆိုတဲ့ဟာကို ထည့်မပြောသွားဘူး။ တော်တော်များများ သူဘာမှမသိဘူးဆိုတဲ့အကြောင်းကို ပြောသွားတယ်။ စားသောက်ဆိုင်မှာ ဝလုံးတို့နဲ့ တွေ့တယ်ဆိုတဲ့ဟာကိုတော့ သူပြောသွားတယ်။ နောက်ပြီး တော့ သူနဲ့အတူ တခြားဘယ်သူမှမပါဘူးဆိုတာကို အကြိမ်ကြိမ် ငြင်းဆန်သွားတယ်။ ကျွန်တော်တို့ သိထားတာက တခြားအရာရှိတစ်ယောက်ပါတယ်''ဟု ၎င်းကဆိုသည်။ ဒုတပ်ကြပ်နိုင်လင်းမှလည်း တရားရုံးတွင် အမှန်အတိုင်း ထွက်ဆိုထားကြောင်း သတင်းမီဒီယာများမှ မေးမြန်းချိန်တွင် ပြောကြားခဲ့သည်။ ''တပ်ကြပ်ကြီးခင်မောင်လင်းက ဘယ်အချိန်မှာ ရုံးပြန်ရောက်လာမလဲဆိုတာကို ကျွန်တော်တို့ တိတိကျကျမသိရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါက တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တရားမျှတမှု လိုချင်ပါတယ်။ ကျွန်တော်တို့အပေါ်မှာလဲ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနိုင်ဖို့လဲ ကျွန်တော် တို့ မျှော်လင့်ပါတယ်''ဟု ဖမ်းဆီးခံထားရသည့် သတင်းထောက်ကိုဝလုံးက ပြောသည်။
ဆက်လက်စစ်ဆေးရန်အတွက် လိုပြသက်သေ ခြောက်ဦး ကျန်ရှိနေပြီး လာမည့် ရုံးချိန်းကို မေ ၂၁ ရက်နှင့် ၂၂ ရက်သို့ ချိန်းဆိုထားသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၂၅ ဦး တင်သွင်းထားကာ လက်ရှိတွင် ၁၈ ဦးကို တရားရုံး၌ စစ်ဆေး ပြီးဖြစ်ကြောင်း သိရသည်။  နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက် ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲ ရေးဝန်ကြီးဌာနမှ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းခဲ့ခြင်းမရှိဟု ပြောကြားထားသည့်အပေါ်ကိုလည်း အဆိုပါပြောကြားချက်သည် အမှုအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုရှိမည်ဟု ယူဆကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး၏ရှေ့နေက ဆိုသည်။
အာကာထက်
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။