contents

သတင်းများ

အဂတိလိုက်စားမှုတွင် ပူးပေါင်း ပါဝင်ခဲ့သူ မည်သူမဆို အမှုမှန်ပေါ်ပေါက်ရေး တရားရုံးတွင် သက်သေအဖြစ် ထွက်ဆို အစစ်ခံပါက ထိုသူအား အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးရန် လွှတ်တော် ကိုယ်စားလှယ်ပြော

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
မတ် ၁၃ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးရာ ယင်းသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဦးလှမြင့်ဦး (ခ) ဦးလှမြင့်သန်းက အဂတိလိုက်စားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ မည်သူမဆို အမှုမှန်ပေါ်ပေါက် ရေးအတွက် သက်ဆိုင်ရာတရားရုံးရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို၍ အဂတိလိုက်စားမှု၌ မိမိပူးပေါင်းဆောင်ရွက်ခဲ့မှုများကို သက်သေအဖြစ် ထွက်ဆိုအစစ်ခံပါက ထိုသူအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူအပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေးရမည်ဟု အသစ်ဖြည့်စွက်ပြဋ္ဌာန်းပေးဖို့ လိုအပ်ဟုဆိုသည်။ 

 
''ဒီလိုပြဋ္ဌာန်းပေးဖို့ လိုအပ်တဲ့ အကြောင်းအရင်းကတော့ တံစိုးလက်ဆောင်ဟာ အဂတိလိုက်စား မှုအခန်း၌ အဓိကပါဝင်ကြောင်း အားလုံးအသိပဲ ဖြစ်ပါတယ်။ တံစိုး လက်ဆောင်ပေးရာ၌ဖြစ်စေ၊ တံစိုးလက်ဆောင်ပေးဖို့ ကြိုးစားအား ထုတ်ရာမှာဖြစ်စေ၊ ရယူတဲ့အခါမှာ ဖြစ်စေ၊ လက်ခံရယူဖို့ ကြိုးစားအား ထုတ်ရာမှာဖြစ်စေ အနည်းဆုံး တော့ နှစ်ဖက်မှာတစ်ဦးထက်ပို သော လူအများပါဝင်တတ်ကြပြီး လျှို့ဝှက်စွာ၊ ကျစ်လျစ်စွာကျိတ်ပြီး လုပ်ကြတာချည်း ဖြစ်ပါတယ်။ ကိုယ်တိုင်သော်လည်းကောင်း၊ ကြား ခံတစ်ဆင့်ကသော်လည်းကောင်း လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်တာ ကြောင့် ခိုင်မာတဲ့သက်သေအ ထောက်အထားရဖို့ မလွယ်ပါဘူး။ ဒါကြောင့် အဂတိလိုက်စားမှုများ ဖွင့်ဟဖော်ထုတ်နိုင်မယ့် အခွင့်အလမ်းတစ်ရပ်ကို ကမ်းလှမ်းပေးဖို့ (သို့မဟုတ်) ဖွင့်ထားပေးဖို့လိုအပ် တယ်လို့ ယုံကြည်ပါတယ်''ဟု ဦးလှ မြင့်ဦး (ခ) ဦးလှမြင့်သန်းက ပြော သည်။
 
တံစိုးလက်ဆောင်ပေးထား ရသူက မကျေနပ်သည့်အခါဖြစ် စေ၊ တံစိုးလက်ဆောင်ပေးရာ၌ ပါဝင်ကြသူထဲမှ တစ်ဦးဦးက အ ကြောင်းအမျိုးမျိုးကြောင့် မကျေ လည်ဖြစ်သော အခါဖြစ်စေ အဂတိလိုက်စားမှုကို ဖော်ထုတ်ဖွင့်ဟတတ် သည့် သဘောသဘာဝရှိကြောင်း ၎င်းကဆိုသည်။ ''အဲဒီသဘောသဘာဝကို ဆုပ် ကိုင်ပြီးတော့ အခွင့်အလမ်းတစ်ခုအဖြစ် ဖွင့်ထားပေးမယ်ဆိုရင် တံစိုးလက်ဆောင်ကြောင့်ဖြစ်ရတဲ့ အဂတိလိုက်စားမှုများကို ယခုထက်ပိုပြီး အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်မယ့်အပြင် လျော့ကျနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ဦးလှမြင့်ဦး (ခ) ဦးလှမြင့်သန်းက ပြောသည်။ ယင်းသို့ဆိုပါက လာဘ်ပေး ရန်အညှစ်ခံရပြီး မပေးချင်ဘဲ ငွေကြေး လက်ဆောင်ပေးရသည့် သူများအနေနှင့်လည်း ထုတ်ဖော် ပြောဆိုရုံသာမက ပူးပေါင်း ဆောင်ရွက်မှုကိုပါရရှိစေကြောင်း ၎င်းကပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက ၁၉၄၈ ခုနှစ် အဂတိဥပဒေတွင် မမှန်မကန်တိုင်ကြားသူများကို အရေးယူရန် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ မမှန်မကန်တိုင်ခြင်း၊ ပြောခြင်းကို ရာဇသတ်ကြီးတွင် အရေးယူရန် ပါပြီးသားဖြစ်ကြောင်း ပြောသည်။ ''လွန်ခဲ့တဲ့နှစ်သုံးဆယ်နီးပါး ကာလတစ်လျှောက်မှာလည်းပဲ မှန်ကန်စွာတိုင်ကြားသော်လည်း တိုင်ကြားသူများဘက်က ရပ်တည်မယ့်သူမရှိတဲ့အတွက်ကြောင့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမရှိတာကြောင့် တရားလို တွေဟာ တရားခံဖြစ်ခဲ့တာကို ကျွန်တော်တို့ကိုယ် တွေ့မြင်ခဲ့ရပါတယ်။ အများအပြားရှိခဲ့ပါတယ်''ဟု ဦးကြည်ဝင်းကဆိုသည်။ အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီ၌ ပြန်လည်ကြား နာရန်ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
YM,MO
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။