Lotayamm

search
မာတိကာ

contents

သတင်းများ

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကျင်းပရန် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် တိုက်တွန်း

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
နိုင်ငံရေး
yangonmedia
''ဒေသအလိုက်နှင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် ကျင်းပနိုင်ရန် အလေးအနက်ထားတိုက်တွန်းပါတယ်။ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကသာ ဦးဆောင်ကျင်းပရမည်။ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲ များကို အစိုးရကသာ ဦးဆောင် ကျင်းပရမည်ဆိုသော ကန့်သတ်ချက်များကို ပယ်ဖျက်ရန် အကြံပြုထားပါတယ်''ဟု CSFoP မှ ဆရာတော် ဦးသြဘာသက အိတ်ဖွင့်ပေးစာပါ တောင်းဆိုချက်အချို့ကို ပြောသည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်ခင် ဒေသအချို့တွင်သာ ပြုလုပ်နိုင်ခဲ့ပြီး လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ တတိယစည်းအဝေးမတိုင်ခင် လက်ရှိအချိန်တွင် ကျန်ဒေသများ၌ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းမရှိ သေးကြောင်း သိရသည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ မှ ပဒိုစောတာဒိုးမူး၊ UNFC ၏ ကိုယ်စားလှယ်အဖွဲ့ဖြစ်သော DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်တို့ထံ လိပ်မူပေးပို့ထားကြောင်း သိရသည်။ ယခုလအတွင်း နေပြည်တော်တွင် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ကို ပြုလုပ်ရန် စီစဉ်ထားရာ ကဏ္ဍာအားလုံးကို ဆွေးနွေး ခွင့်ပေးရန်နှင့် နိုင်ငံရေးဆွေး နွေးပွဲအဆင့်ဆင့်တွင် ဆွေးနွေးခဲ့ သော မှတ်တမ်းများကိုလည်း အများပြည်သူသိရှိနိုင်ရေး ထုတ်ပြန် ပေးရန်လည်း အိတ်ဖွင့်ပေးစာတွင် ပါရှိကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့စည်းများ ငြိမ်းချမ်းရေးဖို ရမ်အတွက် ပြည်နယ်နှင့် တိုင်းအလိုက် ဖိုရမ်အသီးသီးကို ကျင်းပလျက်ရှိပြီး CSFoP  အဖွဲ့မှာ အဆိုပါ ဖိုရမ်များနှင့် အပြိုင်အဖွဲ့အစည်းမဟုတ်ဘဲ လိုအပ်မှုကိုကူညီပေးရန် လုပ်ဆောင် နေခြင်းသာဖြစ်ကြောင်းသိရသည်။ အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် (CSFoP) လုပ် ငန်းကော်မတီဝင် ဦးရန်ကျော်က ''ကျွန်တော်တို့က CSO Forum  ကြီးကို ပြိုင်တဲ့အဖွဲ့လည်း မဟုတ်ပါဘူး။ CSO Forum  ကြီးနဲ့ မျဉ်း ပြိုင်သွားနေတဲ့ အဖွဲ့လည်းမဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ လိုအပ် တဲ့အရာကိုကူပေးဖို့ လုပ်နေတာဖြစ်ပါတယ်။ ဘေးကနေ ဝိုင်းဝန်းတွန်း ပို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစုအဖွဲ့ကြီးတစ်ခုဖြစ်ပါတယ်''ဟု ပြောသည်။ 
 
YM
#democracytoday