contents

သတင်းများ

ပလတ်စတစ် ထိုင်ခုံနှစ်လုံး လက်ခံယူခဲ့သည့် ဘူးသီးတောင်မြို့နယ် လဝက ဦးစီးမှူးကို ဒေသပြောင်းရွှေ့ခဲ့ဟု ပြည်ထောင်စုဝန်ကြီးပြော

နေ့ရက်:
Sep 13, 2018 17:20:23


အမျိုးအစား :
အခြား
yangonmedia
စက်တင်ဘာ ၁၂ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက''ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်လဝကဦးစီးမှူးသည် ဒေသခံတိုင်းရင်းသားများအားနိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစား ပြုလုပ်ပြီး ငွေကြေးတံစိုးလက်ဆောင် တောင်းခံခြင်းအား အရေးယူပေးရန် အစီအစဉ်ရှိမရှိ''မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ''နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူထံမှ ပလတ်စတစ်ထိုင်ခုံနှစ်လုံးလက်ခံရယူခဲ့သည့်မြို့ နယ်လဝကဦးစီးမှူးကို ယခုလ ၅ ရက်နေ့က ရုံးအမိန့်ထုတ်ပြီး ဒေသ ပြောင်းရွှေ့တာဝန်ချထားပေးခဲ့ပါတယ် ''ဟု ၎င်းကပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့်သူ မောင်ကိုဇော်ဦးမှ ရပ်ဝေးမှလာရောက်သည့်လျှောက်လွှာရှင်များ အဆင်ပြေစွာနားနေနိုင်ရေးအတွက် မြို့နယ်လဝကမှူး၏ တောင်းဆိုမှုကြောင့် ပလတ်တစ်ထိုင်ခုံနှစ်လုံးပေးအပ်ခဲ့မှုကိုပြုခဲ့ရကြောင်း၊ ယင်းပလတ်စတစ်ထိုင်ခုံနှစ်လုံးကိုလည်း ပဲမြို့နယ်မှူးကလက်ခံပြီး ရုံးမှာထားရှိခဲ့ခြင်းကြောင့် လုပ်ထုံးလုပ် နည်းတွေမှားယွင်းကြောင်း စိစစ်တွေ့ရှိကြောင်း ၎င်းကပြောသည်။ အဆိုပါလဝက ဦးစီးမှူးမှာ ဘူးသီးတောင်မြို့နယ်တွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ၂၁ ရက်က ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံတိုင်းရင်းသားများက နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရာတွင် ငွေကြေးတံစိုးလက်ဆောင်ပေးရပြီး အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအကြိမ်ကြိမ်သွားရောက်နေရခြင်းကြောင့် ငွေကုန်ကြေးကျများကာ အချိန်မီမရပဲအခက်အခဲတွေ့နေရကြောင်း တိုင်ကြားလာသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့(၂ဝ၁၈)ခုနှစ် မေ ၁၄ ရက်က တိုင်ကြားခဲ့ ကြောင်း ဘူးသီးတောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှဝန်ကြီးဌာနကိုရက်ပေါင်း ၆ဝ အတွင်း ဆောင်ရွက်နေမှုအခြေအနေများ တင်ပြပေးရန်အကြောင်းကြား စာမိတ္တူကို ၎င်းထံပေးပို့ခဲ့သော်လည်း ရက်ပေါင်း ၆ဝ ပြည့်သည်အထိတစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် သြဂုတ် ၇ ရက်တွင် ဒုတိယအကြိမ်ထပ်မံတိုင်ကြားခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက''တိုင်ကြားတဲ့ရက် ၆ဝ အတွင်း ကျွန်တော်တို့ သက်ဆိုင်ရာကိုဖြေ ကြားဖို့ ကန့်သတ်ချက်ရှိတာကတော့ တိုင်ကြားတဲ့လူသက်သေများကိုကျွန်တော်တို့ခေါ်ယူတဲ့အခါမှာ မပြည့်စုံတဲ့အတွက်ကြန့်ကြာခဲ့ခြင်း ဖြစ်ပါတယ်''ဟုဖြေကြားခဲ့သည်။
အလားတူမဖြစ်စေရန်အတွက်လည်း ဝန်ထမ်းအဆင့်ဆင့်ကို ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့်ဌာနအနေဖြင့် အလေးထားကြပ်မတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဝန်ထမ်းများမှမိမိတို့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားဆောင်ရွက်ခြင်း၊ တံစိုးလက်ဆောင်တောင်းခံခြင်းများကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အချိန်မရွေးတိုင်ကြားနိုင်ပြီး နိုင်ငံဝန်ထမ်းနည်းဥပဒေ၊ ဥပဒေများနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 
NT
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။