contents

သတင်းများ

ရန်ကုန်ဆေးရုံကြီးရှိ စည်းကမ်းမဲ့ ဈေးဆိုင်ခန်းကိစ္စ နိုင်ငံတော် စီမံချက်ဖြင့် ဆောင်ရွက်မည် ဟုဆို

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
အခြား
yangonmedia
''ဆေးရုံကြီးရဲ့ စည်းကမ်းမဲ့ ဈေးသည် တွေရဲ့ကိစ္စကို ရန်ကုန်တိုင်းလွှတ်တော်က လူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီကိုတော့ တိုက်တွန်းထားပါတယ်။ အဲဒီကော်မတီဥက္ကဋ္ဌကနေတစ်ဆင့် ဝန်ကြီးချုပ်ဆီကို သဝဏ်လွှာပေးပို့သွားမယ်လို့တော့သိရတယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ မသိပါဘူး။ အဲဒီက ခွင့်ပြုချက်ကျမှ ပုဂ္ဂလိက လုံခြုံရေးကော်မတီကို တင်ဒါပြန်ခေါ်ပြီး မီဒီယာတွေရဲ့ရှေ့မှာ ဆိုင်ခန်းတွေကို အသစ်ပြန်လျှောက်ခိုင်းပြီး တော့ စာချုပ်ချုပ်ဆိုသွားမယ်''ဟု ၎င်းကပြောသည်။ ရန်ကုန်ဆေးရုံကြီးတွင် တရားဝင်ချထား ပေးသည့် ဆိုင်ခန်းအရေအတွက်မှာ အခန်း ၇ဝ ရှိပြီး လက်ရှိအထိ ၆၈ ခန်း ဈေးရောင်း ချနေကြောင်း သိရသည်။ ယင်းဆိုင်ခန်းများအနက် အချို့မှာ ဆိုင်ခန်းနေရာ ချထားပေး ရာတွင် ခေါ်ယူခဲ့သော တင်ဒါစည်းမျဉ်းစည်းကမ်း ၂၁ချက်အား လိုက်နာခြင်းမရှိကြောင်း သိရသည်။
''အဓိကပြသနာက သူပိုင်နေရာပုံစံမျိုးသတ်မှတ်ပြီး နေကြတယ်။ ဖယ်ခိုင်းတဲ့အခါမှာလည်း မင်းမဲ့စရိုက်ဆန်ဆန် စကားအသုံး အနှုန်းတွေနဲ့ ကိုယ်အမူအရာတွေကအစ လုပ် ပြတယ်။ ကျွန်တော်တို့ စည်းကမ်းချက်ထဲမှာ ပါတဲ့အချက်တစ်ခုမှ လိုက်နာတာမရှိဘူး။ အဆိုးဆုံးက ညအိပ်ညနေ နေထိုင်ခွင့်မပြု ထားတာကို နေထိုင်ကြတာပါပဲ။ ဒါကြောင့် နိုင်ငံတော်အဆင့် စီမံချက်နဲ့ လုပ်မှရမယ့် အခြေအနေ ဖြစ်နေတယ်''ဟု လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။ အဆိုပါဆေးရုံကြီးအတွင်းရှိ ဆိုင်ခန်းများအား သန့်ရှင်းရေးခအဖြစ် တစ်ခန်းလျှင် တစ်လကျပ် ၉ဝဝဝ သာ ကောက်ခံထားပြီး ခြောက်လလျှင်တစ်ကြိမ် စာချုပ်အသစ်ချုပ်ဆိုရကြောင်းသိရသည်။ ရန်ကုန်ပြည်သူ့ဆေး ရုံကြီးဝင်းအတွင်းရှိ ဆိုင်ခန်းများ၏စာရင်းကို ဇူလိုင် ၉ရက်က ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ စာရင်းကောက်ယူခဲ့ပြီး ဆေးရုံကြီး၏ ပြင်ပဧရိယာတွင်လည်း ပျံကျဈေးသည်များအား ဖယ်ရှားရှင်းလင်းနေကြောင်းသိရသည်။
''ဘာမှမလုပ်ရသေးပါဘူး။ ဒီဝန်းကျင်မှာရှိတဲ့ စည်းမယ့်ကမ်းမဲ့ကောင်တွေကိုတော့ ပုံမှန်အတိုင်းလုပ်နေတာပါ။ အထဲထဲကသူ တွေကိုတော့ လုပ်တာမဟုတ်ဘူး။ အထဲကသူတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့လုပ်မှရမှာပါ။ တစ်ယောက်တည်းလုပ်လို့လည်း မရပါဘူး''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနောက်ပိုင်းခရိုင်မှူး ဦးငွေစိုးက ပြောသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး လူမှု ရေးနှင့် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ဦးလှ ဌေးက ''ကျွန်တော်တို့ကော်မတီကတော့ မြေ ပြင်မှာရှိနေတဲ့ အခြေအနေ၊ ဆရာဝန်ကြီး တွေ၊ ဆရာမကြီးတွေရဲ့ အခက်အခဲတွေကို လေ့လာပြီးတော့ လိုအပ်တာတွေကို မှတ်တမ်းလုပ်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် ဝန်ကြီးချုပ်ဆီကို သဝဏ်လွှာပို့တယ်။ ဒီသဝဏ်လွှာမှာတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်နေတယ်၊ အခြေအနေအရဘယ်လိုရှိတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေကနေဘယ်လိုနည်းလမ်းနဲ့ လုပ်ဆောင်ရင်တော့ ဖြစ်နိုင်ပါ တယ် စတာတွေကို အကြံပြုတယ်။ ကျန်တဲ့အပိုင်းကတော့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌကြီးပို့တဲ့ သဝဏ်လွှာကိုယူပြီးတော့ ဖတ်ပြီးတော့မှ သက်ဆိုင်ရာ လူကြီးတွေနဲ့ ဆက်လက်ပြီးတော့ အစိုးရဘက်ကဆောင်ရွက်သွားမှာပါ''ဟု ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းကမ်းချက်၂၁ချက်တွင် အဓိကအားဖြင့် ကွမ်းယာ၊ ဆေးလိပ်နှင့် အရက်သေစာ ရောင်းချခြင်းမပြုရန်၊ လျှပ်စစ်မီး သွယ်တန်းခြင်းအား ခွင့်မပြုရန်အပြင် အခြေချနေ ထိုင်ခွင့်မပြုခြင်း စသည်တို့ကို တားမြစ်ထား ကြောင်းသိရသည်။ ထပ်မံခေါ်ယူမည့် တင်ဒါစည်းကမ်း အနေဖြင့်လည်းယင်းအချက် ၂၁ချက်ဖြင့်သာ သတ်မှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဌေးဌေး
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။