contents

သတင်းများ

မူးယစ်ဆေးဝါး သတင်းပေးသူကို ဖမ်းဆီးရမိသည့် အဆောက်အအုံ၊ ယာဉ်နှင့် ရွှေငွေတို့မှ ထိုက်သင့်သည့် အချိုးအတိုင်း ချီးမြှင့်မည်ဟု သမ္မတ ဆို

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
အခြား
yangonmedia
''တားဆီးနှိမ်နင်းရေးလုပ်ငန်းများအတွက် သတင်းပေးသူကို ဖမ်းဆီးရမိသည့် အဆောက်အအုံ၊ ယာဉ်နဲ့ ရွှေငွေတို့မှ ထိုက်သင့်တဲ့အချိုးကို ချီးမြှင့်ငွေများအဖြစ် ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်နှိမ်နင်းရေးသည် ပြည်သူများအပါအဝင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ပိုမိုအောင်မြင်မှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကိစ္စများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ပြည်ထဲ ရေးဝန်ကြီးဌာနများသို့ တိုင်ကြားနိုင်ပါတယ်''ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပြောသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရ၊ ပြည်နယ် တရားလွှတ် တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲအခမ်း အနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ ပိုမိုပူးပေါင်းပါဝင်နိုင်ရန် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။
''ပြုပြင်ပြောင်းလဲလိုသည့် မိမိတို့ရဲ့ စိတ်နေသဘောထားတွေကို ပြန်လည်သုံးသပ် ကြရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမည့် အချိန်အခါအခွင့်ကောင်းကို လက်တွေ့ကျကျ အသုံးပြုကြရမှာဖြစ်ပြီး ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့တာဝန်ဝတ္တရားများကို တိုင်းပြည်နဲ့လူမျိုးအတွက် ကျေပွန်စွာ ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝေဒနာကို ဖြေသိမ့်၍ ပြည်သူတို့ရဲ့ ဝေဒနာတွေကို တရားဥပဒေနှင့်အညီ ကုစားပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့သည် ဝန်ထမ်းများ၏ အလှတရားပင် ဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းအပြင် တရားမျှတသည့် အုပ်ချုပ်ရေးကဏ္ဍ ဖြစ်စေရန်အတွက် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် အဓိကကျပြီး တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုကာ ပြည်သူလူထု၏ လွတ်လပ်မှု၊ လုံခြုံမှုနှင့် ပျော်ရွှင်မှုကို အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးယန္တရားဖြစ်စေလိုကြောင်း ပြောကြားသည်။
 အာကာထက်
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။