contents

သတင်းများ

အဝိုင်း ၊ လေးထောင့် ၊ မျဉ်းကွေးလေးတွေကပြောတဲ့ သင့်ရဲ့ စိတ်အနေအထား

နေ့ရက်:
Jun 11, 2018


အမျိုးအစား :
အခြား
Lotayamm

         ဂျီသြမေတြီပုံသဏ္ဍာန်လေးတွေဖြစ်တဲ့ စတုရန်း၊ စက်ဝိုင်း၊ တြိဂံ အစရှိတာတွေထဲက တစ်ခုခုက သင့်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေးနိုင်တယ်ဆိုရင် သင်အံ့သြသွားမလား၊ ဟုတ်ပါတယ်၊ ဒါအမှန်ပါပဲ။ လူတွေရဲ့ စိတ်ခံစားချက်ကို ဖော်ပြညွှန်းဆိုတဲ့နေရာမှာ အဝိုင်း၊ လေးထောင့် အစရှိတဲ့ ဂျီသြမေတြီပုံစံလေးတွေကို ရွေးချယ်စေတဲ့နည်းလမ်းက အထိရောက်ဆုံးပါပဲတဲ့။ ကဲဒါဆိုရင် အောက်မှာဖော်ပြထားတဲ့ ပုံသဏ္ဍာန်လေးတွေထဲက တစ်ခုကို ရွေးချယ်ပြီး ကိုယ်ဟာ ဘယ်လိုလူစားထဲမှာ ပါဝင်နေတယ်ဆိုတာကို ရွေးချယ်ကြည့်ရအောင်ပါနော်။





၁- စတုရန်း



           သင်ဟာ စတုရန်းပုံကိုရွေးချယ်တဲ့သူဆိုရင်တော့ အလုပ်အကိုင်လုပ်တဲ့နေရာမှာ ဘယ်တော့မှ မောပန်းတယ်ဆိုတာ မရှိတဲ့သူပါပဲ။ အလုပ်ကြိုးစားသူ၊ လုံ့လဝီရီယရှိသူ၊ အောင်မြင်မှု ရရှိဖို့ အမြဲကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံတတ်ပြီး အလုပ်လုပ်ရမှာ စည်းစနစ်တကျလုပ်တတ်တဲ့ ကျွမ်းကျင်သူတွေပါပဲ။ သင်ဟာ သတင်းအချက်အလက်တွေကို အမြဲလိုစုဆောင်းထားလေ့ ရှိပြီး ရရှိထားတဲ့ အချက်အလက်ပေါ်မှာ သင့်တော်သလို ပြန်လည်အသုံးချတတ်သူဖြစ်လို့ ပရော်ဖက်ရှင်နယ် ကျတဲ့သူတစ်ဦးအနေနဲ့ ပတ်ဝန်းကျင်က အသိအမှတ်ပြုကြမှာဖြစ်ပါတယ်။ ကျိုးကြောင်းဆီလျော်တဲ့ အတွေးအခေါ်မျိုးရှိသူဖြစ်ပြီး အလွန်အမင်း တိကျတဲ့စိတ်ထားပိုင်ရှင်လို့လည်း ဆိုရမှာပါ။ ပင်ကိုယ်စရိုက်အရ ကိုယ်မှန်တယ်လို့ထင်တဲ့အရာကိုပဲ အစွဲသန်လေ့ရှိသူလည်းဖြစ်ပါတယ်။ စနစ်တကျ လုပ်ဆောင်လေ့ရှိတတ်လို့ လေးထောင့်ကို နှစ်သက်သူတွေရဲ့ ဘဝပုံစံက အမြဲတမ်းကြိုတင်ခန့်မှန်းလို့တောင် ရနေပါလိမ့်မယ်။ မျှော်လင့်မထားတဲ့ surprise မျိုးကို လေးထောင့်ပုံစံသဘောကျသူတွေက နှစ်သက်မှာမဟုတ်ပါဘူး။ သူတို့ဟာ စီးပွားရေးလောကမှာဆိုရင်လည်း စီမံခန့်ခွဲမှုတော်တဲ့သူတွေဖြစ်တတ်ပါတယ်။ သွေးအေးအေးနဲ့ စဉ်းစားဆုံးဖြတ်လေ့ရှိတဲ့သူတို့ရဲ့ အကျင့်ကြောင့် လူတွေနဲ့ လျင်လျင်မြန်မြန်ဆက်သွယ်မှုအပိုင်းမှာတော့ အနည်းငယ်ကြန့်ကြာတတ်ပါတယ်။ လေးထောင့်ကို ရွေးချယ်သူတွေက စာရင်းကိုင်၊ ဘဏ်ဝန်ထမ်း၊ ပရိုဂရမ်မာ၊ ဆောက်လုပ်ရေးလုပ်သား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ အတွင်းရေးမှူး၊ ကုန်သည်နဲ့ ကားမောင်းသူတွေဖြစ်လေ့ရှိကြပါတယ်။





၂- စက်ဝိုင်း



      စက်ဝိုင်းရဲ့ အဓိပ္ပာယ်ကတော့ လိုက်ရောညီထွေနေထိုင်တတ်ခြင်းပဲ ဖြစ်ပါတယ်။ စက်ဝိုင်းကိုရွေးချယ်လိုက်သူတွေက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေဖြစ်လေ့ရှိပါတယ်။ သူ့ရဲ့ အနီးအနားပတ်ဝန်းကျင်မှာ ရှိသူတွေကို ပျော်ရွှင်စိတ်ချမ်းသာစေသူတွေဖြစ်ပြီး သဘောကောင်းသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ ကော်တွေလိုပဲ မိသားစုနဲ့ သူတို့ပတ်ဝန်းကျင်ကလူတွေကို ကပ်တွယ်နေအောင် ဆွဲဆောင်ထားနိုင်ကြပြီး ရောက်ရှိနေတဲ့ အုပ်စုနေရာကို တည်ငြိမ်တည်မြဲအောင် စွမ်းဆောင်နိုင်သူတွေဖြစ်ပါတယ်။ စာနာစိတ်၊ ဂရုဏာစိတ်ကြီးမားသူတွေဖြစ်ကြပြီး သူတပါးရဲ့ ပျော်ရွှင်မှု၊ နာကျင်မှုတွေကို မျှဝေခံစားပေးလေ့ရှိသူတွေလည်း ဖြစ်ပါတယ်။ ညာဘက်ဦးနှောက်အတွေးအခေါ် အားသန်သူတွေဖြစ်ကြပြီး သမားရိုးကျကနေခွဲထွက်ကာ ဆန်းသစ်တီထွင်မှုတွေ ဖန်တီးလေ့ရှိကြပါတယ်။ စိတ်တစ်သမတ်တည်း ရှိတတ်ကြပြီး ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် သူထင်မြင်ရာဘက်ကို ဘက်လိုက်ဆုံးဖြတ်လေ့ရှိသူတွေလည်း ဖြစ်ကြပါတယ်။ စက်ဝိုင်းကိုရွေးချယ်သူတွေဟာ သရုပ်ဆောင်၊ မာကက်တင်းသမားတွေ၊ သမိုင်းပညာရှင်တွေ၊ အိမ်ထောင်ရှင်မကောင်းတွေ၊ HR မန်နေဂျာတွေ၊ ကျောင်းဆရာတွေနဲ့ အခမ်းအနားပြင်ဆင်ရသူနဲ့ စာရေးဆရာတွေဖြစ်လေ့ရှိပါတယ်။





၃- တြိဂံ



        တြိဂံကိုရွေးချယ်လိုက်တဲ့ သင်က ခေါင်းဆောင်ကောင်းတစ်ဦးပါပဲ။ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ ထားရှိတတ်ပြီး အောင်မြင်တဲ့အထိ စနစ်တကျလုပ်ဆောင်လေ့ရှိသူလို့လည်း ဆိုရမှာပါ။ ကိစ္စတစ်ခုပေါ်ပေါက်လာရင် လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာတွေးတောလေ့ရှိသူလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြင်းထန်လွန်းသူဖြစ်ပြီး မှန်ကန်မှုကိုနှစ်သက်သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် အမှားကိုဝန်ခံဖို့ ခက်ခဲတတ်သူတွေဖြစ်ပြီး လေ့လာသင်ယူမှုပိုင်းမှာတော့ အားကောင်းသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အလွန်အကျွံလေ့လာသင်ယူမှုတွေကြားမှာ တယူသန်ဆုံးဖြတ်မှုတွေ ရှိတတ်ပါတယ်။ အလုပ်တွေရဲ့ ထိပ်ဆုံးပိုင်းရာထူးရရှိတတ်ကြပြီး တင်ပြမှုကောင်းမွန်သူတွေလည်း ဖြစ်ပါတယ်။ ရှေ့မှာဖြစ်လာမယ့် လုပ်ငန်းသဘောသဘာဝကို ကြိုတင်တွက်ဆနိုင်ကြပြီး အောင်မြင်မှုအတွက် ယှဉ်ပြိုင်ရာမှာ အနိုင်ရလေ့ရှိသူတွေပါပဲ။ တြိဂံကိုရွေးချယ်သူတွေက ဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ဒီဇိုင်နာ၊ စီးပွားရေးပညာရှင်၊ မန်နေဂျာ၊ ရှေ့နေ၊ စစ်သား၊ လေယာဉ်မှူး၊ နိုင်ငံရေးသမား၊ ကုန်သည် အစရှိသူတွေဖြစ်တတ်ပါတယ်။





၎- ထောင့်မှန်စတုဂ



        ထောင့်မှန်စတုဂံဆိုတာကတော့ စတုရန်းကနေ ခွဲထွက်တဲ့ ပုံသဏ္ဍာန်တစ်ခုဖြစ်လို့ ဒီပုံစံကို ရွေးချယ်သူတွေက သူတို့ရဲ့ လက်ရှိဘဝကို ကျေနပ်မှုမရှိသူတွေဖြစ်ကြပါတယ်။ အခွင့်အလမ်းသစ်တွေကို အမြဲလိုရှာဖွေနေလေ့ရှိပြီး ပိုမိုကောင်းမွန်တဲ့ ဘဝကို တက်လှမ်းနေကြသူတွေလည်း ဖြစ်ပါတယ်။ လေ့လာမှတ်သားမှုတွေအပေါ်မှာ ရောထွေးလေ့ရှိသူတွေဖြစ်ပြီး သူတို့ရဲ့ ပြဿနာတွေ မသေချာမှုတွေထဲမှာ နစ်မွန်းနေတတ်ပါတယ်။ သူတို့ဟာ လူတွေနဲ့ သဟဇာတဖြစ်လေ့မရှိပဲ သူတို့ကိုကြိုတင်ခန့်မှန်းရ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်တဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခုခုဆိုရင် စပ်စုတတ်သူ၊ လေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်တတ်သူ၊ ဘဝကိုစိတ်ဝင်စားမှုအပြည့်နဲ့ နေထိုင်တတ်သူ၊ သတ္တိရှိသူတွေဖြစ်ပြီး မကြုံဖူးတဲ့အသစ်အဆန်း၊ လုပ်ငန်းဆောင်တာသစ်တွေကို စွန့်စားလုပ်ကိုင်ရဲသူတွေလည်း ဖြစ်ကြပါတယ်။ ထောင့်မှန်စတုဂံကို ရွေးချယ်သူတွေက စွန့်ဦးတီထွင်သူ၊ အန်နီမေးရှင်းကာတွန်းရေးဆွဲသူ၊ ဌာနခေါင်းဆောင် အစရှိသူတွေ ဖြစ်လေ့ရှိပါတယ်။





၅- မျဉ်းကြောင်းအကွေ့အကောက်



        မျဉ်းကြောင်း အကောက်အကွေ့ကို ရွေးချယ်သူတွေက တီထွင်ဖန်တီးရတာ နှစ်သက်သူတွေပါပဲ။ သူတို့ရဲ့ စိတ်နေစိတ်ထားက စိတ်ကူးယဉ်ဆန်မှုကိုလည်း ကိုယ်စားပြုပါတယ်။ လောကကြီးကို ရိုးရှင်းစွာ တွေးမြင်လေ့ရှိပြီး ဘယ်အရာကိုမဆို လုံးလုံးလျားလျား လိုက်လျောညီထွေ ရှိတတ်ပါတယ်။ သဘာဝအလှတွေကို တွေးမြင်ပေးတတ်သူတစ်ဦးပါပဲ။ ဒါပေမယ့် မျဉ်းအကွေ့အကောက်နှစ်သက်သူတွေက အလုပ်တစ်ခုထဲမှာ ကြာရှည်မြဲပြီး လုပ်လေ့မရှိပါဘူး။ ပျင်းရိငြီးငွေ့လွယ်တတ်သူဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံ အသစ်အဆန်းတွေဆီ အမြဲလိုကူးပြောင်းလေ့ရှိပါတယ်။ စိတ်ကူးအသစ်အဆန်းတွေ၊ ပုံသေနည်းသစ်တွေကို တီထွင်ဖန်တီးလေ့ရှိပြီး အကြောင်းအရာတစ်ခုကို သေချာနားလည် သဘောပေါက်အောင် လေ့လာတာမျိုး အားနည်းပါတယ်။ လက်တွေ့မှာ ဖြစ်နေတာထက်ပိုတဲ့ အကျိုးအမြတ်တွေကို မျှော်ကိုးလေ့ရှိပြီး အတိတ်ကအကြောင်းအရာတွေထက် အနာဂတ်က အကြောင်းအရာတွေကို ပိုစိတ်ဝင်စားသူတွေဖြစ်ပါတယ်။ မျဉ်းအကောက်အကွေ့ကို ရွေးချယ်သူတွေက ပန်းချီအနုပညာရှင်၊ အိမ်အတွင်းခန်းပြင်ဆင်သူ၊ တီထွင်ဖန်တီးသူ၊ တေးဂီတပညာရှင်၊ ပရော်ဖက်ဆာ၊ အရောင်းမြှင့်တင်သူ၊ ဈေးကွက်လေ့လာဆန်းစစ်သူ၊ လက်သမား အစရှိသူတွေဖြစ်လေ့ရှိပါတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။