contents

သတင်းများ

"သူရိယသိဒ္ဓ န္တအောင်မင်္ဂလာရတနာပုံ မန္တလေးမဟာသင်္ကြန်စာ"နှင့် ၇ရက်သားသမီး တစ်နှစ်စာဟောစာတမ်း

နေ့ရက်:
Apr 3, 2018


အမျိုးအစား :
ဗေဒင်
Lotayamm

မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ်​၊ နှောင်းတန်​ခူးလပြည့်​​ကျော်​ ၁၄ရက်

          ခရစ်​နှစ်​ ၂၀၁၈ခုနှစ်​ ဧပြီလ ၁၄ရက်​ စ​နေ​နေ့ ၊ မြန်​မာစံ​တော်​ချိန်​နံနက်​စက်​ ၁၁နာရီ ၉မိနစ်​ ၅စက္ကန့်​ အချိန်တွင် ဘာနုရာဇာမည်​​သော တနင်္ဂ​နွေဂြိုလ်​မင်းသည်​​ အောင်မဲညိုပွင့်​အဆင်းနှင့့်တူ​သော အဝတ်​တန်​ဆာကိုဝတ်​ဆင်​လျက်​  ဘီလူးစီး၍၊ လက်​တဖက်​ကား ထင်းမီးကိုကိုင်​၍  ကျန်​လက်​တဖက်​ကား ဝမ်းကိုပိုက်​၍ "က" လျှက် အ​နောက်တောင်ထောင့်သို့ ဝင်၏။ ရဿကာ​ဒေဝီ နတ်​သမီးကား အလှည့်​​စေ့၍ ပရမီသွာနတ်​မင်း၏သား "အာသီ" အမည်​ရှိ​သော ဗြဟ္မာမင်း၏ ဦး​ခေါင်းကို ကမ်းသည်​ရှိ​သော်​ နန္ဒာ​ဒေဝီနတ်​သမီးကား လက်ယာသို့ တ​စောင်း​ခြေဆင်းလျက်​ လှမ်းလင့်​၏။ ကညာ​ဒေဝီနတ်​သမီးကား အဖြူ, အနီ , အစိမ်း , အပြာ , အဝါ အားဖြင့်​ "ငါးပါး​" သောအဆင်းဖြင့်​ပြီး​သော အဝတ်​တန်​ဆာကို ဝတ်​ဆင်​လျက်​ ​​စောင့်​လင့်​၏။ ထို့ကြောင့် မိုးဦးမိုး​နှောင်း​ကောင်းအံ့ ၊ မိုးလယ်​တံ့အံ့။ မိုးကြိုးကြား တဖျင်းသုံးရွာအံ့။ကောက်​ပဲအသီးအနှံ မ​ကောင်း ၊ ပိုး​တောက်​တဲ ၊ ပေါက်ဖတ်​ထူအံ့။ အရွက်​ အခက်​ အဖု အမြစ်​​ကောင်းအံ့။ ပြည်​ရွာမီး​လောင်​ဖန်​များအံ့ ၊ လူတို့ အနာ အဖျားများကုန်​အံ့။ ကျွဲ နွား အ​သေအ​ပျောက်​များအံ့။ ထိုအသားကိုစား၍ လူတို့၌ အသားမာများ​ပေါက်​များအံ့။ ပိဋကတ်​ ​ဗေဒင်​တတ်​​သော ရဟန်း ၊ ပုဏ္ဏားတို့ ဒဏ်​သင့်​ကုန်​အံ့။ ထိုနှစ်​သူပုန်​ သူကန်​များအံ့။ မင်းဥပါဒ်​ဖြစ်​အံ့။ မြေငလျင်​လှုပ်​အံ့။ ဘုရားပုထိုး ပြိုပျက်​အံ့။ ဆား ငရုတ်​စွန်​အံ့။



{ဤကားမဟာသင်္ကြန်​အကျအ​ဟောတည်း}



သင်္ကြန်အကျ အလိုကား ။ ဗသျှူ သင်္ကြန်နှင့် သာမန္တသင်္ကြန်ဟူ၍ သင်္ကြန်​သုံးပါးရှိသည့်အနက်မှာမဟာသင်္ကြန်​အခါလဂ်သည် မေထုန်ရာသီလဂ်ဖြစ်၍ "သာမန္တ"သင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်​ကျပြီး​နောက်​ ၂၄မိနစ်​ ​ရောက်​​သောအချိန်​၌ ဦး​ခေါင်း​ဆေးမင်္ဂလာပြုရာ၏။ ဤကားအများနှင့်​သက်​ဆိုင်​​သော သာမည အခါ​ပေတည်း။ သီးသန့်​ ဝိ​သေသအခါ​ပေးကား သင်္ကြန်​​မြေခံ​သော သင်္ကြန်​ကျသည်​အချိန်​တွင်​ တိထီ ၁၄လုံး သောကြာ​မြေခံ၏။ ယင်းတိထီမြေခံဆိုင်ရာမှာ သောကြာနေ့ ဖြစ်ပြီး  သင်္ကြန်​ကျသည့်​ရက်​မှာ စ​နေ​​နေ့ဖြစ်​၏။

သို့ဖြစ်​ရာသင်္ကြန်​အကျ​မြေခံ ​သောကြာ​နေ့နှင့်​ စ​နေ​နေ့ဖွားသားသမီးတို့မှ အပ ကျန်​နေ့သားသမီး တို့သည်​ မိမိတို့၏​နေ့အလိုက်​ ဂဟပတိအရပ် သစ်ပင်ရင်းသို့သွား၍ မိမိတို့၏ နံအမြစ်ဖြစ်သော ပန်းပွင့် ၊ပန်းညွန့်ကို အခင်းပြု၍ မိမိတို့၏ နံအညွန့်ဖြစ်သော ပန်းကိုဆောင်လျက် သင်္ကြန်အကျ ဂြဇာပွင့်ရာ မြောက်အရပ်သို့ မျက်နှာမူရမည်ဖြစ်သည်။ သို့ဖြစ်၍ တနင်္ဂ​နွေသားသမီးများသည် "ဒန်းညွန့်"ကို အခင်းပြု၍ "ကံကော်ညွန့်" ကို ကိုင်ဆောင်ပြီး အနောက်တောင်အရပ် သို့ မျက်နှာမူပြီးသော်လည်းကောင်း ၊ တနင်္လာသားသမီးတို့သည် "အုန်းညွန့်"ကို အခင်းပြု၍"မြေဇာညွန့် ကို ကိုင်ဆောင်ပြီး အနောက်အရပ် သို့

မျက်နှာမူပြီးသော်လည်းကောင်း ၊ အင်္ဂါသားသမီးများသည် "ကံကော်ညွန့်"ကို အခင်းပြု၍ "ချယား (သို့)ခရေညွန့် ကို ကိုင်ဆောင်ပြီး အနောက်မြောက်အရပ် သို့ မျက်နှာမူပြီးသော်လည်းကောင်း ၊ ဗုဒ္ဓဟူးမွန်းလွဲ ရာဟုသားသမီးများသည် "မြေဇာညွန့်"ကို အခင်းပြု၍ "သပြေညွန့်"ကို ကိုင်ဆောင်ပြီး အရှေ့တောင်အရပ် သို့ မျက်နှာမူပြီးသော်လည်းကောင်း ၊ ကြာသပတေးသားသမီးများသည် "ခရေညွန့် (သို့) ချယားညွန့်"ကို အခင်းပြု၍ သီးညွန့် ကို ကိုင်ဆောင်ပြီး အရှေ့ရပ် သို့ စသည့် မိမိတို့၏ နံသင့်ရာ အရပ်တွင် သွား၍ ဂြဇာပွင့်ရာ မြောက်အရပ် မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမားသိကြား ၊ ဗြဟ္မာ ၊ စတုလောကပါလ ၊ သာသနာ​တော်​​စောင့်​ ၊ သမ္မာ​ဒေဝ နတ်​မြတ်​နတ်​​ကောင်း တို့ကို ပူ​ဇော်​ကန်​​တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆု​တောင်း၍ ဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာ၏။ သင်္ကြန်အကျနေ့တွင်မူ သောကြာနှင့် စနေသားသမီးများ ခေါင်းဆေးမင်္ဂလာပြုရာ၏ ။



          ယခုနှစ်သင်္ကြန်စာအလိုအရ မြေဩဇာတက်​အံ့။ မိုးဦးမိုးလယ်​နာအံ့။ မိုး​နှောင်း​ကောင်းအံ့၊ မိုး အကြိမ် ၁၀၀ရွာအံ့။ ​ရေကြီးအံ့။ တော​တောင်​မ​ကောင်း။ ချိုင့်​ဝှမ်းရာ​ကောင်းအံ့။ မြေထဲ ရောက်​​သော​ကောက်​ပဲ ဟူသမျှအမြစ်​၊ အဖု၊ အရွက်​၊ အသီးအနှံ မ​ကောင်း။ လူတို့မွတ်​သိပ်​ကုန်​အံ့၊။ အချင်းချင်း လုယက်​ကြကုန်​အံ့၊။ ငါး​သေအံ့၊၊ လူတို့စကားမမှန်​ကျင့်​ကုန်​အံ့။ ထူးပြား​သောအနာတို့​ပေါက်​၍​ သေ​ပျောက်​အံ့။ "ကဆုန်​ ၊ ဝါဆို ၊ နတ်​​တော်​ ၊  တ​ပေါင်း" လများတွင် စပါးရှားအံ့။ လူတို့ငတ်​မွတ်​ကုန်​အံ့၊၊ မီး​လောင်​ဖန်​များအံ့။ မင်းလဲအမျက်ထွက်​ဖန်​များအံ့၊၊ ဗိုလ်​ပါထိတ်လန့်​အံ့၊ စစ်​​ရောက်​အံ့။ ဥပဒ်​ကြီးဖြစ်​အံ့။



တနင်္လာအတာစားသည်

          ယခုနှစ်တွင် တနင်္လာသားသမီးများ အတာစားသောကြောင့် တနင်္လာ သားသမီးတို့သည် အတာတက်သောအချိန်တွင် ကောင်းမွန်ထူးခြားစွာ ၀တ်ဆင်လျှက် ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ ၊ သကြား ၊ ဗြဟ္မာ ၊ စတုလောကပါလ၊ သမ္မာ​ဒေဝ နတ်​မြတ်​နတ်​​ကောင်း တို့ကို ပူ​ဇော်​ကန်​​တော့လျက် တိထီမြေခံဖြစ်သော ဗုဒ္ဓဟူး၏ ဂြဟဇာအရပ်ပွင့်ရာ အရှေ့အရပ် သို့ မျက်နှာမူလျက် မြေဇာညွှန့်ကို ကိုင်ဆောင်ပြီးလျင် ဘိသိက်မင်္ဂလာခံယူပြီး အတာစားကုန်ရာသည်။ ထိုကဲ့သို့ ရတနာသုံးပါးစသည်​တို့အား လှူဒါန်းပူ​ဇော်​ကြ​သော သူတို့သည်​​ ခပ်သိမ်းသော အန္တရာယ်ကင်းပျောက်၍ မင်္ဂလာအပေါင်းတို့နှင့် ပြည့်​စုံကုန်​၏။



၁၃၈၀-ပြည့်နှစ်အတွက် (၇) ရက်သားသမီးများ (၁)နှစ်စာဟောစာတမ်း





#တနင်္ဂနွေနေ့ မွေးဖွားသူများ



တနင်္ဂနွေသားသမီးတို့သည် ယခုနှစ်အတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။ မိမိလွယ်ကူမည်ဟုယူဆသော ကိစ္စများ အနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ ဖုန်းနှင့်စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ ဖျော်ရည်၊ ယမကာထုတ်လုပ်ရောင်းချခြင်း ကောင်း၏။ ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများ ဆောင်ရွက်ခြင်းကောင်း၏။ မမျှော်လင့်သောငွေများ ဝင်ကိန်းကြုံမည်။

ဖုန်းနှင့်အဖိုးတန်ပစ္စည်းများ ကျပျောက်ကိန်းရှိသည်။ လူစုလူဝေးများပြားသောနေရာများတွင် သွားလာလှုပ်ရှားခြင်း အထူးရှောင်ပါ။ယခုနှစ်တွင် တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများ မကြာမကြာ ဖြေရှင်းရတတ်သည်။အိမ်ထောင်ရေးတွင် အထင်လွဲခံရတတ်သည်။ ပျိုရွယ်သူများ အချစ်ရေး စန်းပွင့်နေလိမ့်မည်။ ပညာရေးတွင် မိမိ၏ကြိုးပမ်းမှုကြောင့် တိုးတက်အောင်မြင်လာလိမ့်မည်။ သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများ ကြုံနေတတ်သည်။ ကျန်းမာရေးတွင် အရေပြားရောဂါ၊ အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခဏ ခံစားရတတ်သည်။



#ယတြာ ------ မိမိမွေးနေ့တွင် မေမြို့ပန်း၊ ပိတောက်ညွန့်၊ ပေါက်ညွန့်(၉)ညွန့်စီ ဘုရားပူဇော်ပေးပါ။ ယို(၅)မျိုးကို ဘုရားတွင်လှူပေးပါ။ ခေါက်ဆွဲထုပ်၊ ကြံရည်၊ ကြာဇံထုပ်များ လှူပေးပါ။



#အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများ ----- (တ၊န၊ပ၊ဖ) (၃၊၈၊၂၊၇)



#တနင်္လာနေ့ မွေးဖွားသူများ



တနင်္လာသားသမီး တို့သည် ယခုနှစ်အတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသော လုပ်ငန်းကိစ္စများ ပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။သို့သော် လုပ်ငန်းခွင်တွင် အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ကာလဖြစ်သည်။ ကုန်မာဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန်ရောင်းဝယ်ခြင်းများမှ အကျိုးအမြတ်ဖြစ်ထွန်းမည်။ ရာထူးတိုးခြင်း၊ ဂုဏ်သတင်းကျော်ဇောခြင်း၊ နေရာအပြောင်းရွှေ့ခြင်းများ ရရှိမည်။ ယခုနှစ်တွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရမည်။

အိမ်ထောင်ရေးတွင် မိတ်ဆွေ၊ အသိုင်းအဝိုင်း၊ ဆွေမျိုး စကားများကြောင့် အိမ်ထောင်ရေး အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာတတ်သည်။ မိသားစုတွင် ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ပြုလုပ်ပေးရတတ်သည်။ပျိုရွယ်သူများ အချစ်ရေးတွင် အသစ် အဆန်းများ တွေ့ရတတ်သည်။ ပညာရေးတွင် အစပိုင်း ကြိုးစားအားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင်မူ ရည်မှန်းချက်များနှင့် ဝေးကွာသွားတတ်သည်။ ကျန်းမာရေးတွင် အဖျားအနာဖြစ်ခြင်း၊ ခါးနာခြင်း၊ မျက်စိအားနည်းခြင်း၊ သွေးတိုးခြင်းများ ခံစားရခြင်းဖြစ်မည်။

 



#ယတြာ ----- မိမိမွေးနေ့တွင် ဇော်စိမ်းညွန့်(၉)ညွန့်၊ ဇွန်ညွန့်များနှင့် လိမ္မော်ဖျော်ရည်နှင့် စတုမဓူယိုများ လှူပေးပါ။



#အကျိုးပေးအက္ခရာနှင့်ဂဏန်းများ -----  (စ၊ဆ၊ဇ၊အ) (၃၊၅၊၄၊၉)





#အင်္ဂါနေ့မွေးဖွားသူများ



          အင်္ဂါသားသမီးများသည် ယခုနှစ်ရှေ့ပိုင်း(၆)လတွင် လုပ်ငန်းခွင်တွင် အကြံအစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်များ အောင်မြင်လာလိမ့်မည်။ နိုင်ငံရပ်ခြားခရီးသွားလာခြင်း၊ ရပ်ဝေးမိတ်ဆွေများနှင့် အစုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း၊ အလုပ်အသစ်များစတင်ထူထောင်ခြင်းများ ကောင်း၏။ ရေကြောင်းခရီးသွားလာခြင်းများ မကောင်းပါ။ မိတ်ဆွေများ ပေးထားသောကတိများ ပျက်ပြားခြင်းကြောင့် မိမိဆောင်ရွက်ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ ငွေကြေးကိစ္စများ အလွယ်တကူကတိပေး၊ လူမှုရေးပြသနာများနှင့် ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ ယခုနှစ်တွင် သောကြာ၊ ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်။ ပျိုရွယ်သူများ ချစ်သူနှင့်နီးစပ်ရန် လွယ်ကူသလောက် ခက်ခဲမူများလည်းကြုံရမည်။ ပညာရေးတွင် ဥာဏ်ရည်ထက်မြက် ကြီးမားလာလိမ့်မည်။ အတတ်ပညာကို အခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျှင် အထူးအောင်မြင်မည်။ ကျန်းမာရေးတွင် ထုံကျဉ်ခြင်း၊ သွေးအားနည်းခြင်းများ ဖြစ်တတ်သည်။

 



#ယတြာ ----- မိမိမွေးနေ့တွင် နှင်းဆီပန်း၊ နှင်းပန်း၊ ရွက်လှ၊ ဝါးညွန့်၊ သစ္စာပန်း(၅)ပွင့်စီ ဘုရားလှူ ပေးပါ။



#အကျိုးပေးအက္ခရာနှင့်ဂဏန်းများ ----- (ရ၊လ၊ဝ၊သ၊ဟ) (၉၊၀၊၂၊၆)



#ဗုဒ္ဓဟူးနေ့မွေးဖွားသူများ

          ဗုဒ္ဓဟူးနေ့သားသမီးများ ယခုနှစ်တွင် စီးပွားရေးကိစ္စများနှင့်ပတ်သက်၍ အယူအဆ အမှားများနှင့် ရင်ဆိုင်ရမည်။ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်း ကောင်း၏။ အလောတကြီး အလုပ်လုပ်ခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ရမည့်နှစ်ဖြစ်သည်။ နာမည်အလွဲသုံးစားပြုခြင်းများ ခံရတတ်သည်။ ယခုနှစ်တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများနှင့် မည်သည့်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရမည်။ အိမ်ယာ ၊ တိုက်ခန်း၊ မြေယာခြံကွက်များ ရရှိတတ်သည်။ ယာဉ်မောင်းနှင်ခြင်း စီးခြင်းများ ဂရုစိုက်ရမည်။ ရင်းနှီးသောသူများနှင့် မိမိအကြား အယူအဆ သဘောထား မကိုက်မှုများ ကြုံရမည်။ ညီအစ်ကိုမောင်နှမချင်း စကားများမည်။ ပျိုရွယ်သူများ အချစ်ရေးတွင် မိမိရည်ရွယ်ထားသူနှင့် ဝေကွာသွားခြင်း မိမိထက်အသက် ဝါကြီးသောသူများနှင့် အိမ်ထောင်ကျခြင်းမျိုး ကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက် ငွေကြေးကုန်ကျမှုလည်းများမည်။ ဥာဏဆိုင်ရာပညာရပ်များ၊ တီထွင်ဆန်းသစ်သော ပညာရပ်များ သင်ယူသင့်သည်။ ကျန်းမာရေးတွင် ချောင်းဆိုးခြင်း၊ မီးယပ်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်ရောဂါများ၊ အကျိတ်နာများဖြစ်တတ်သည်။



#ယတြာ - မိမိမွေးနေ့တွင် ရွှေပန်း၊ သစ္စာပန်း(၉)ပွင့်နှင့်၊ ရွက်လှညွန့်များ ဘုရားပူဇော်ပေးပါ။



#အကျိုးပေးအက္ခရာနှင့်ဂဏန်းများ - (ပ၊ဖ၊မ၊က) (၄၊၁၊၈၊၅)



#ကြာသပတေးနေ့မွေးဖွားသူများ

          ကြာသပတေးသားသမီးများတို့သည် ယခုနှစ်ရှေ့ပိုင်း(၃)လတွင် လုပ်ငန်းခွင်အတွင်း အကြံစည်သစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ ဖုန်းအပိုပစ္စည်းနှင့် စက်သုံးဆီရောင်းဝယ်ခြင်း ၊ အစုရှယ်ယာလုပ်ငန်းများ ၊ ဘဏ်လုပ်ငန်းများ ဆောင်ရွက်တွင် အကျိုးအမြတ်ရရှိမည့်နှစ်ဖြစ်သည်။ ပြည်တွင်ပြည်ပသွားလာ၍ လုပ်ငန်းများတိုးချဲ့ပြုလုပ်ရမည်။ ယခုနှစ်တွင် တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာသားသမီးများနှင့် မည့်သည် ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ စက်ပစ္စည်းဝင်လာမည်။ လက်မှတ်ရေးထိုးခြင်း နှင့် စာချုပ်စာတန်းများ ချုပ်ဆိုရာတွင် သတိဖြင့် ဆောင်ရွက်ပါ။ အလှူ ဒါနကုသိုလ် ကောင်းမှုများလည်း အောင်မြင်ပါလိမ့်မည်။မနာလိုသူတို့၏ ကုန်ချောစကားကြောင့် မိသားစုပြသာနာများ ရင်ဆိုင်ဖြေရှင်းရတတ်သည်။ ပျိုရွယ်သူများ

အချစ်ရေးတွင် လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံခြင်း ခံရမည်။အိမ်ထောင်ရှင်များ အပျော်အပါး လိုက်စားခြင်းကြောင့် အိမ်ထောင်ရေး ထိခိုက်မည်။ ပညာရေးတွင် မိမိရည်မှန်းချက်အတိုင်း အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။ လုပ်ငန်းခွင်စာမေးပွဲဖြေဆိုရာတွင်လည်း အောင်မြင်မှုရရှိမည်။ စက်မှုလက်မှုပညာရပ်များ လေ့လာသင့်ယူခြင်းများဖြင့် ဘဝတိုးတတ် အောင်မြင်လာပါမည်။ ကျန်းမာရေးတွင် ဦးခေါင်းနှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ လေနာရောဂါ ဖြစ်ပွားတတ်သည်။



#ယတြာ ----- မိမိမွေးနေ့ တွင် သပြေညွန့်၊သီးညွန့်၊သနပ်ခါးညွန့် (၁၉)ညွန့်စီ တင်လှူပူဇော်ပါ။ ဘုရားတွင် ထီး၊ တံခွန်၊ကုက္ကားများ လှူ ပေးပါ။



#အကျိုးပေးအက္ခရာနှင့်ဂဏန်းများ -----  (သ၊ဟ၊စ၊ဆ) (၁၊၇၊၄၊၉)



#သောကြာနေ့မွေးဖွားသူများ

          သောကြာသားသမီးများသည် ယခုနှစ်တွင် (၁၅- ၃- ၂၀၁၈) မှစ၍ (၁၅- ၆- ၂၀၁၈) အထိ စီးပွားရေး တိုးတက်စေမည့် လုပ်ငန်းများ ဆောင်ရွက်ရမည်။ အလုပ်သစ် ၊ နေရာပြောင်းအလဲလုပ်ကိုင်ရန် ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက်လုပ်ကိုင်ရတတ်သည်။

အိမ်၊ခြံမြေ ရောင်းဝယ်ခြင်း ၊ ဥယျာဉ်ခြံလုပ်ခြင်း ၊ ယာဉ်နှင့် စက်ပစ္စည်းများ ရောင်းဝယ်ခြင်းဆိုင်ရာ ကောင်းမွန်မည်။မိမိမမျှော်လင့်ထားပဲ ယာဉ်နှင့်ဇိမ်ခံပစ္စည်းများ ဝင်လာတတ်သည်။ ယခင်နှစ်တွင် လုပ်ငန်းခွင်အတွင်း မိမိခန့်အပ်ထားသော ဝန်ထမ်းများနှင့်ဆက်ဆံရာတွင် ပြဿနာများ ပေါ်ပေါက်တတ်သည်။ ရပ်တန့်ထားသော လုပ်ငန်းခွင်များ ပြန်လည်သက်ဝင်လာလိမ့်မည်။ ယခုနှစ်တွင် ငွေကြေးများမမျှောလင့်ပဲ ၀င်လာခြင်း၊ ထီပေါက်ခြင်းများရှိမည်။သို့သော် တစ်ပါးသူအတွက် ငွေကြေးကိစ္စများရပ်များ၊ လူမှုရေးပြဿနာများ ဝင်ရောက်ကူညီပေးရတတ်လို့ သတိပြုသင့်ပါတယ်။ နေရာအပြောင်းအရွေ့များလုပ်ရခြင်း၊ အလုပ်သစ်လုပ်ရခြင်း ကြုံတွေမည်။ယခုနှစ်တွင် တနင်္လာ ၊ စနေ  ၊ ကြာသပတေးသားသမီးများနှင့် မည့်သည်ကိစ္စမဆို ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ ပျိုရွယ်သူများ လုပ်ငန်းခွင်တွင်

ချစ်သူရည်းစား တွေ့ရတတ်သည်။ သို့သော်သတိပြု၍ ဆက်ဆံပါ။ မိမိသဘောထားကို အလွဲသုံးစားလုပ်ခြင်း ခံရတတ်သည်။ အိမ်ထောင်ရှင်များတွင်လည်း လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ရတတ်သည်။ ပညာရေးတွင် လက်မှုပညာနှင့် စက်မှုပညာများ သင်ယူခြင်းဖြင့် အသက်

မွေးကြောင်း ပြုလုပ်ရတတ်သည်။ ပြည်ပသို့ သွားရောက်၍ ပညာသင်ယူစိတ်များ မကြာခဏ ပေါ်လာတတ်သည်။ ကျန်းမာရေးတွင် အစားအသောက် မှားယွင်းခြင်း ၊ အစာမကြေခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း ၊ အကြောအဆစ် ရောင်ရမ်းခြင်း၊ ခြေထောက်နာခြင်းများ ခံစားရတတ်သည်။



#ယတြာ ----- ဘုရားရှိ မိမိမွေးနေ့နံထောင့်တွင် သရက်ညွန့်(၇)ပွင့်နှင့် ဇွန်ညွန့်၊စံပယ်ညွန့်၊ ဇော်စိမ်းညွန့်များ ဘုရားပူဇော်ပါ။ မိမိမွေးနေ့တွင် အဖြူ ရောင်ပန်းလှူပေးပါ။ တန်ခိုးကြီးဘုရားတွင် ဇီးဖျော်ရည် ၊ ဆီကြော်မုန့်များ ကပ်လှူပေးပါ။



#အကျိုးပေးအက္ခရာနှင့်ဂဏန်းများ ----- (တ၊ထ၊ပ၊ဖ) (၆၊၅၊၁၊၃)



#စနေနေ့မွေးဖွားသူများ



စနေသားသမီးတို့သည် ယခုနှစ်တွင် (၁၇ - ၃ -၂၀၁၈) မှစ၍ (၁၅ - ၈ -၂၀၁၈) အထိ စီးပွားရေးများ တိုးတက်ဆောင်ရွက်ရမည်။ လုပ်ငန်းအတွက်နေရာအသစ်များတွင် ပြောင်းရွှေ့ လုပ်ကိုင်လိုစိတ်များ ပေါ်ပေါက်လာတတ်သည်။ လက်တွေ့လည်း အကောင်အထည် ဖော်ရမည်။ အိမ်ခြံမြေ ရောင်းဝယ်ခြင်း ၊ယာဉ်နှင့်ပစ္စည်းများ ရောင်းဝယ်ခြင်းကောင်း၏။ ယခုနှစ်တွင် ဆွေမျိုး မိတ်သင်္ဂဟများအတွက် ကူညီစောင့်ရှောက်ပေးရတတ်သည်။ လူစုလူဝေးများပြားသောနေရာတွင် သွားလာခြင်းများကြောင့် မိမိပိုင်ပစ္စည်းများ ကျပျောက်တတ်သည်။ ညီအကိုမောင်နှမများ အချင်းချင်း စကားငြင်းဆိုခြင်းများ တွေ့ကြံရတတ်သည်။ အကောင်းမြင်ဝါဒရှိသူများနှင့် တွေ့ကြုံရန် ခက်ခဲမည့် ကာလဖြစ်သည်။ ယခုနှစ်တွင် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး သားသမီးများနှင့် မည့်သည်ကိစ္စမဆို ဆောင်ရွက်ရာတွင် အထူး ဂရုစိုက်ရမည်။ ပျိုရွယ်သူများ အချစ်ရေးကြောင့်  စိတ်ဓာတ်ကျဆင်းနေတတ်သည်။ အချစ်ရေးတွင် အိမ်နီးချင်းသော်လည်းကောင်း လုပ်ငန်းခွင်အပေါင်းအသင်းများမှ တဆင့်သော်လည်းကောင်း ဖူးစာရှင်များနှင့် ဆုံတွေ့ရတတ်သည်။ အိမ်ထောင်ရှင်များ နှစ်ဖက်ဆွေမျိုးသားချင်းများအတွက် လူမှုရေး အပူသောကများ ဝင်နေတတ်သည်။ မိသားစုအတွက် အိုးအိမ်တိုက်တာအဆောက်အအုံများ ဆောက်လုပ်ရတတ်သည်။ ပညာရေးလေ့လာတိုက်စားသူများ ဝီရိယအကျိုးဖြင့် ပန်းတိုင်ဆွတ်ခူးနိုင်မည်။ ဆရာကောင်းများ၏ သွန်သင်မှုဖြင့် အောင်မြင်မှုရရှိမည်။ ကျန်းမာရေးတွင် အရေပြားရောဂါ ၊ အသည်းကျောက်ကပ်နှင့် အင်္ဂါဇာတ်တို့တွင် ရောဂါ ခံစားရတတ်ပါသည်။



#ယတြာ ----- မိမိမွေးနေ့တွင် အုန်းညွန့်၊အင်ကြင်းညွန့်၊လက်ဖက်ညွန့်များ ဘုရားတွင် ပူဇော်ပေးပါ။ သံဃာတော်များအား အုန်းထမင်းများ ကပ်လှူပေးပါ။ အိမ်ဘုရားတွင် ဒေါနပန်း ၊ဒန်းညွန့်(၁၁)ညွန့်ကို ဘုရားတွင် လှူပေးပါ။ သစ်သီးငါးမျိုး ဆွမ်းတော်ကပ်လှူပေးပါ။



#အကျိုးပေးအက္ခရာနှင့်ဂဏန်းများ ----- (စ၊ဆ၊ယ၊ရ) (၉၊၁၊၃၊၇)



မဟာသင်္ကြန်ကျချိန်



၁၃၇၉ခု၊​နှောင်းတန်​ခူးလပြည့်​ကျော်​(၁၄)ရက်​ ၊ ခရစ်​နှစ်​ ၂၀၁၈ ခုနှစ်​ ဧပြီလ(၁၄)ရက်​ စ​နေ​နေ့ ၊

မြန်​မာစံ​တော်​ချိန်​ နံနက်​စက် (၁၁)နာရီ(၉)မိနစ်​(၅)စက္ကန့့် မင်္ဂလာအခါတော်တွင် မဟာသင်္ကြန်ကျ၏။



မဟာသင်္ကြန်​အကြတ်​​နေ့



၁၃၇၉ခုနှစ်​နှောင်း ကဆုန်​လဆန်း(၁)ရက်​ ၊ ခရစ်​နှစ်​၂၀၁၈ခုနှစ်​ ဧပြီလ ၁၅ရက်​၊ တနင်္ဂ​နွေ​နေ့



မဟာသင်္ကြန်​တက်​ချိန်



၁၃၇၉ ခုနှစ်​​ နှောင်းကဆုန်​လဆန်း(၂)ရက်​ ၊ ခရစ်​နှစ်​ ၂၀၁၈ခုနှစ်​ ဧပြီလ၁၆ရက်​ တနင်္လာ​နေ့ ၊

မြန်​မာစံ​တော်​ချိန်​ နေစက် (၃)နာရီ(၁၃)မိနစ်​(၄၇)စက္ကန့်​ မင်္ဂလာအခါတော်တွင် မဟာသင်္ကြန် အတာတက်သည်။

 



မြန်မာနှစ်ဆန်းတစ်​ရက်



၁၃၈၀ခုနှစ်​ကဆုန်လဆန်း(၃)ရက်​ ၊ ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၇ရက်​ အင်္ဂါ​​နေ့ မြန်မာနှစ်ဆန်းတစ်​ရက်​နေ့ဖြစ်သည်။



(၁၃၈၀-ပြည့် နှစ်သည် ဝါငယ်ထပ်သောနှစ်လည်းဖြစ်သည်။)





ဗြဟ္မဏ ပုဏ္ဏားရိုးရာ နက္ခတ္တ​ဗေဒ ၊ မဟာသင်္ကြန်​စာ နှင့်​ ပြက္ခဒိန်​ပညာရှိ

ဆရာကြီးဦးပညာဗလ၏တပည့်​ ဆရာဦး​ငွေ​မောင်း၊ ဆရာဦး​မောင်​၏​မြေး ဆရာဦးကြည်​​မောင်​၏သား၊ ဆရာမင်းသူရ B.A(Geog) ၏ တူ ၊ ဆရာဦးမျိုးသိန်း B.A(Geog:) တွက်​ချက်​​ရေးသား​သော

အောင်မဟာ မင်္ဂလာအခါပေး ဒိုင်ယာရီ"မဟာသင်္ကြန်စာနှင့် ပြက္ခဒိန်ကို ဆရာမင်းသူရမှ ပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပါသည်။



=============================

ဗြဟ္မဏပုဏ္ဏား နက္ခတ္တ​ဗေဒပညာရှင်

ဗေဒင်​နှင့်​လက္ခဏာ

ဆရာမင်းသူရ

[P.M.S,Mahar]{Astro}India

၃၅Aလမ်း/၇၁လမ်း-၇၂လမ်း (၇၀၁) ၊ ရန်​မျိုးလုံရပ်​ကွက်​၊ ချမ်း​အေးသာစံမြို့နယ်​၊ မန္တ​လေးမြို့

ဟောခန်းလိပ်စာ - 82×83လမ်းကြား/24လမ်း၊ သကျသီးဘုရား မြောက်ဘက်မုဒ်(မန္တလေး)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။