Lotayamm

search
မာတိကာ

contents

သတင်းများ

မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲလေးသို့တစ်ခေါက်

နေ့ရက်:
Apr 2, 2018


အမျိုးအစား :
အခြား
Lotayamm

မိုးကုတ်မြို့လေးရယ်လို့ ဖြစ်တည်လာခဲ့တာ ဒီနှစ်မှာဆိုရင်တော့ အနှစ် ၈၀၀ ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ မိုးကုတ်မြို့ရယ်လို့ စတင်ဖြစ်ပေါ်လာခဲ့တာက သဖန်းပင်ရွာကနေဖြစ်ပြီး မိုးကုတ်အစ သဖန်းပင်ကလို့ ဆိုရိုးစကားရှိခဲ့ပါတယ်။ "ကိတ်-နဂါး-ကြွက် သုံးဖော်ယှက် ၊ ကျောက်မျက်ရတနာ ပေါ်ထွက်လာ ၊ ဂန္ဓာလတိုင်း သမိုင်းပွင့်ဆန်း ပင်သဖန်းဟု မော်ကွန်းထိုးထုတ် မြို့ မိုးကုတ်" လို့ အဆိုရှိခဲ့ပါတယ်။ မိုးကုတ်မြို့ကို ရှေးအခါက ရှမ်းဘာသာစကားဖြင့် မိန်းကွတ်၊ မိန်းကု၊ မိန်းကတ်၊ မိုးစောစောချုပ်တဲ့မြို့ ဖြစ်လို့ မိုးချုပ် အစရှိသည်ဖြင့် မျိုးစုံ အခေါ်အဝေါ်ရှိခဲ့ပြီး နောက်ပိုင်းမှာ မိုးကုတ်ဆိုပြီးဖြစ်တည်လာတာလို့ သိရပါတယ်။ ဗမာ၊ ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ လီဆူး၊ တရုတ်၊ ဂေါ်ရခါး အစရှိတဲ့ လူမျိုးပေါင်းစုံ အတူတကွပေါင်းစည်းနေထိုင်လျှက်ရှိတဲ့ မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲလေးကိုတော့ မတ်လ ၂၉ ၊ ၃၀ ၊ ၃၁ ရက်နေ့တွေမှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။



မိုးကုတ်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့ ရည်ရွယ်ကျင်းပခဲ့



မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်ကြီးကို ကျင်းပရတဲ့ ရည်ရွယ်ချက်ထဲမှာ မိုးကုတ်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့က အဓိကနေရာက ပါဝင်နေပါတယ်။ နှစ် (၈၀၀) ပြည့်ပွဲကို ကျောက်မျက်ရတနာ နဲ့ ခရီး သွားလုပ်ငန်းများ လူသိများ တိုးတက်လာစေဖို့ မိုးကုတ်ဒေသရဲ့  အလှအပနှင့် မိုးကုတ်ဒေသတွင်းမှ တိုင်ရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကမ္ဘာကပါသိရှိရန်နှင့် မျိုးဆက်သစ်တွေကို သမိုင်းအမွေ လက်ဆင့်ကမ်းနိုင်စေဖို့ ရည်ရွယ်ကျင်းပတာပဲဖြစ်ပါတယ်။ ယခင်အချိန်တွေက နိုင်ငံခြားသားအ၀င်မခံတဲ့ မိုးကုတ်မြို့လေးက နှစ် ၈၀၀ ပြည့်ပွဲမှာတော့ နိုင်ငံခြားသားတွေကို ၀င်ခွင့်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။ ဖွင့်ပွဲကျင်းပမယ့် မတ်လ ၂၉ ရက်မတိုင်ခင် တစ်ပတ်လောက် အလိုမှာကတည်းက ပြပွဲ၊ ပြိုင်ပွဲတွေ၊ လမ်းသစ်ဖွင့်ပွဲတွေ၊ မြို့နယ်စည်ပင်သာယာရေး ပြင်ဆင်မှုတွေကို ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။



ဖွင့်ပွဲနေ့မတိုင်ခင်ကတည်းက စည်ကားခဲ့တဲ့ နှစ် ၈၀၀ ပြည့်ပွဲ



ပွဲတော်နေ့မတိုင်ခင်မှာ တရားပွဲဓမ္မသဘင်ပွဲကြီးတွေ၊ တင်းနစ်ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ ဗုဒ္ဓ၀င်ပြိုင်ပွဲ၊ ဘိုးဘွားပူဇော်ပွဲ ၊ လူငယ်အကပြိုင်ပွဲ အစရှိတဲ့ ပွဲတွေ ကြိုတင်ကျင်းပနေပြီဖြစ်ပြီး စက်ဘီးစီးအဖွဲ့တွေကလည်း ရန်ကုန်၊ မန္တလေး အစရှိတဲ့နေရာတွေကနေ မိုးကုတ်မြို့အထိ စက်ဘီးနဲ့ အမီလာရောက် ဂုဏ်ပြုခဲ့ကြတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့ စတင်ရာ သဖန်းပင်ရွာမြို့ဦး ပတ္တမြားစည်းခုံ စေတီတော်မြတ်ကိုလည်း မတ်လ ၂၈ ရက်နေ့မှာ ထီးတော်၊ စိန်ဖူးတော် တင်လှူခြင်းနဲ့ အနေကဇာတင်လှူပူဇော်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသေးတယ်။ ဒါ့အပြင် မိုးကုတ်အနောက်ပိုင်းမှာ နိဗ္ဗာန်ဈေးပွဲတော်ကိုလည်း ကျင်းပခဲ့ပြီး မိုးကုတ်ရဲ့ နိဗ္ဗာန်ဈေးက ရန်ကုန်မှာလို လက်မှတ်ကြိုရောင်းထားတာမျိုး မဟုတ်ဘဲ ဘယ်သူမဆို ၀င်ပြီး စားသောက်၊ ရယူနိုင်တဲ့ စနစ်ဖြစ်လို့ လူတွေတိုးမပေါက်အောင် စည်ကားခဲ့တာကိုလည်း တွေ့ရပါတယ်။



မိုးကုတ်သူ၊ မိုးကုတ်သား အနုပညာရှင်တွေလည်း ပါဝင်ဆင်နွှဲ



မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်ကျင်းပပြုလုပ်ဖို့အတွက် မိုးကုတ်သူ၊ မိုးကုတ်သား အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ ၀တ်မှုန်ရွှေရည်၊ အကယ်ဒမီ ဖွေးဖွေး၊ ခင်လေးနွယ်၊ မော်ဒယ်ခါရာ အစရှိသူတွေအပြင် မြန်မာပြည်သိန်းတန်၊ အဆိုတော်အာဇာနည် ၊ အောင်ထက်နဲ့  နဲ့ မိုးကုတ်ဒေသခံ အဆိုတော်တွေကလည်း ပါဝင်အားဖြည့်ကူညီပေးခဲ့ကြတာ တွေ့ရပါတယ်။



မိုးကုတ်မြို့တည် နှစ် ၈၀၀ ပြည့်ဖွင့်ပွဲနေ့



မိုးကုတ်မြို့တည်နှစ် ၈၀၀ ပြည့်ဖွင့်ပွဲကိုတော့ မတ်လ ၂၉ ရက်နေ့ မနက် ၉ နာရီခန့်မှာ စတင်ကျင်းပခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ မိုးကုတ်မြို့မြို့တည်နှစ် ၈၀၀ ပြည့်ပွဲ အထိမ်းအမှတ် လူမျိုးပေါင်းစုံ ဝင်းလှည့်အခမ်းအနား ကျင်းပခဲ့ပြီး ညပိုင်းမှာတော့ Show ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ မတ်လ ၃၀ ရက်နေ့မနက်ပိုင်းမှာတော့မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲအထိမ်းအမှတ် သံဃာအပါးနှစ်ထောင့်ငါးရာကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြပါတယ်။ မတ်လ ၃၁ရက်နေ့ကတော့ မိုးကုတ်မြို့တည် နှစ် ၈၀၀ ပြည့်ပွဲရဲ့ ပိတ်ပွဲနေ့ပါပဲ။ မိုးကုတ်မြို့ရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားအရ အေးချမ်းမှုရှိပြီး ဒီမြို့လေးကိုရောက်ရင် မဖြစ်မနေပြုလုပ်သင့်တာကတော့ တောင်ထိပ်တွေမှာရှိနေတဲ့ ဘုရားတွေနဲ့ မြို့လယ်က ဘုရားတွေကို လိုက်လံဖူးမြော်တာပဲဖြစ်ပါတယ်။ ကဲ မိုးကုတ်မြို့လေးရဲ့ အလှအပတွေနဲ့ ပွဲကျင်းပပုံလေးတွေကို လိုတရပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။



မိုးကုတ်မြို့အ၀င်ဆိုင်းဘုတ်



မိုးကုတ် နှစ် ၈၀၀ ပြည့်ဖွင့်ပွဲ ဖဲကြိုးဖြတ်မြင်ကွင်း



 နှစ် ၈၀၀ ပြည့်ပွဲ တက်ရောက်လာသူ မိုးကုတ်သူ အကယ်ဒမီဖွေးဖွေး



 ကန်ဘောင်ရှိ မိုးကုတ်မြို့တည် နှစ် ၈၀၀ ပြည့်အထိမ်းအမှတ် စာတန်း



 နှစ် ၈၀၀ ပြည့်ပွဲ ကျင်းပရာမြင်ကွင်းနှင့် မိုးကုတ်အင်း အလှ



ပွဲကျင်းပရာ မှုံကွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်



 နိဗ္ဗာန်ဈေးပွဲတော်မြင်ကွင်း



နှစ် ၈၀၀ ပြည့်အထိမ်းအမှတ် show ပွဲ



သံဃာအပါး ၂၅၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ



မိုးကုတ်မြို့နာမည်ကြီး မုန့်ရေပါး



မိုးကုတ်မြို့အစားအစား ၀က်သားချဉ်



တိုင်းရင်းသားပြခန်း



တွင်းတောကျောက်လုပ်ငန်းခွင်ပြခန်း



မိုးကုတ်မြို့ကြိုဆိုမှု ပုံစံငယ်


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။