Lotayamm

search
မာတိကာ

contents

သတင်းများ

ထူးခြားမှုများ ပြည့်နှက်နေသည့် အင်းတော်ကြီး(ရွှေမဉ္ဇူ)ဘုရားပွဲသို့ အလည်တစ်ခေါက်

နေ့ရက်:
Feb 28, 2018


အမျိုးအစား :
အခြား
Lotayamm

အင်းတော်ကြီးအိုင်ထဲမှာ တည်ရှိနေတဲ့ ရွှေမဉ္ဇူဘုရားဟာဆိုရင် ထူးခြားမှုတွေနဲ့ ပြည့်စုံလှတဲ့ ဘုရားတစ်ဆူအဖြစ် နာမည်ကျော်ကြားလှပါတယ်။ အင်းတော်ကြီးဘုရား (ရွှေမဉ္ဇူဘုရား) ကို ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတောင်ကြီးအိုင်ထဲမှာတည်ထား ကိုးကွယ်ထားတာပဲ ဖြစ်ပါတယ်။ ယခုနှစ်ဖေဖော်ဝါရီလထဲမှာတော့ ရွှေမဉ္ဇူဘုရားရဲ့ ၁၄၉ ကြိမ်မြောက် ဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့အထိ ပွဲတော်ရက် ၅ရက်တိုင်တိုင် ကျင်းပနေတာပဲဖြစ်ပါတယ်။ အရင်နှစ်တွေထက်ပိုမိုစည်ကားစွာ ကျင်းပနိုင်ခဲ့တဲ့ ၁၄၉ ကြိမ်မြောက် တပေါင်းလပြည့်ဘုရားပွဲတော်မှာဆိုရင် ရွှေစင်သင်္ကန်း ကျပ်သိန်း ၂၅၀၀ တန်ဖိုးအထိ ကပ်လှူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဘုရားပွဲတော်ကျင်းပချိန်နီးတဲ့အခါ ရေပေါ်မှာ လူသွားလမ်းလေးပေါ်လာလေ့ရှိပြီး အခုနောက်ပိုင်းမှာတော့ လူတို့ရဲ့ ပြင်ဆင်မှုအရ ဘုရားပွဲမတိုင်ခင်အချိန်တော်တော်များများမှာလည်း လျှောက်လမ်းလေးပေါ်နေတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဘုရားပွဲတော်အတွင်း လူလမ်း၊ နတ်လမ်းခွဲခြားပေးထားတယ်လို့လည်း သိရပါတယ်။ ဘုရားဆီကို လမ်းလျှောက်သွားပြီး ဖူးမျှော်သူတွေရှိသလို၊ ဘေးကနေပတ်ပြီး စက်လှေတွေနဲ့သွားကြသူတွေလည်းရှိပါတယ်။ ရွှေမဉ္ဇူ ဘုရားပေါ်တက်ရောက်ကြည်ညိုဖူးမြော်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း စည်းကမ်းကြီးတယ်လို့ ဆိုနိုင်ပြီး ဘုရားရင်ပြင်တော်ပေါ်ကို အမျိုးသမီးတက်ရောက်ခွင့်ပေးမထားပါဘူး။ ရင်ပြင်တော်ပေါ်ကို အမျိုးသမီး တက်ရောက်လိုက်တာနဲ့ ဘုရားအနီးရေပြင်မှာ လှိုင်းလေထန်လာတတ်တာကြောင့် ဒေသခံတွေအထူး သတိထားလိုက်နာကြတဲ့ အချက်ပါပဲ။ ကဲ ဒီဘုရားပွဲတော်မှာ ပါဝင်ဆင်နွှဲကြသူတွေရဲ့ ပုံတွေနဲ့ ဘုရားသမိုင်းအကြောင်းလေးကို လိုတရပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။



အင်းတော်ကြီး ဘုရားသမိုင်း



                    ဒီဘုရားရဲ့ သမိုင်းကတော့ ထွက်ရပ်ပေါက် ဆရာတော်ပုဂ္ဂိုလ်ထူးလို့ ကျော်ကြားနေတဲ့ တောရဆရာတော် ဦးညီသူဟာ ကျောက်တုံးငယ် ၃ တုံးကို လှေပေါ်တင်ပြီး ကျောင်းသားတို့အားလှော်စေလျှက် အင်းတော်ကြီး ရေလယ် သို့ ထွက်ခွာခဲ့ပါတယ်။ ရေလယ်အရောက်မှာ ရုတ်တရက် မိုးမုန်တိုင်းကြီးစွာ ကျရောက်လာခဲ့တဲ့အတွက် ကမ်းခြေက လူတွေက စိုးရိမ်ထိတ်လန့်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဆရာတော်ကတော့ ဒီနေရာဟာ သာသနာတော်ပွင့်လင်းမယ့် အရပ် အမှန်ဖြစ်တယ်ဆိုရင် အခုယူဆောင်လာတဲ့ ကျောက်တုံး ၃ တုံးကို ထားရှိရန် နိမိတ်ပြပါ ဆိုပြီး သစ္စာအဓိဌာန်ပြုခဲ့ပါတယ်။ ဆရာတော် သစ္စာဆိုပြီးတာနဲ့ တစ်ပြိုင်နက်တည်း ရေလယ်ကောင်မှာ သတ္တ၀ါဆန်းကြီးတစ်ကောင် ကန့်လန့်ဖြတ်ပေါ်လာပြီး နိမိတ်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီသတ္တ၀ါကြီးဘေးနားမှာလည်း သောင်ပြင်ဖွေးဖွေး တစ်ခုပေါ်လာခဲ့တယ်လို့ သမိုင်းမှာ ဆိုထားပါတယ်။ ဆရာတော်က "ဤနေရာတွင်သာသနာတော်ထွန်းပေါက်ပါစေ" လို့ ရွတ်ဆိုပြီး ကျောက်တုံးငယ် ၃တုံးကို သောင်ပြင်ပေါ်မှာ တင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ မိုးလေကင်းစင်ပြီး ကောင်းကင်တစ်ခွင်လည်း ပြန်လည်ကြည်လင် သတ္တ၀ါဆန်းကြီးလည်း ပျောက်ကွယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အင်းတော်ကြီးသခင်ကလည်း အဲဒီနေရာမှာပဲ အရစ်ကြီး ၃ရစ် ပုံသဏ္ဍာန်ပြပြီး ဘုရားတည်ရန် နိမိတ်ပြခဲ့သေးတယ်လို့ သိရပါတယ်။ ဘုရားတည်သောအချိန်မှာလည်း နေ့လည်ဘက်မှာ လူက တစ်ရစ်၊ ညဘက်တွင် နတ် နှင့် နဂါးက တစ်ရစ် တည်ခဲ့တာကြောင့် လူတစ်ရစ် ၊ နတ်တစ်ရစ် ဘုရားစင်စစ်ပင်ဖြစ်ပါတော့တယ်။



လူတစ်ရစ် နတ်တစ်ရစ်တည်သည့်ဘုရား



                ကောဇာသက္ကရာဇ် ၁၂၃၀ မှာတော့ ကျောက်တိုက်ပလ္လင်ကို စတင်တည်နိုင်ခဲ့ပြီး ရွှေတိဂုံစေတီတော်ကနေ ပင့်ဆောင်လာအပ်တဲ့ ဓါတ်တော် ၅ဆူကိုလည်း ရွှေစင်ကြုတ်တွင် ဌာပနာပြီး ရွှေသင်္ဘောပေါ်မှာ ပင့်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ဘုရားတည်ခဲ့တဲ့ ပုံစံကို အစွဲပြုပြီး ဘုရားရဲ့ ဘွဲ့တော်ကိုလည်း ရွှေသေတ္တာ= ရွှေမဉ္ဇူဘုရားရယ်လို့ ဘွဲ့တော်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၂၃၁ ခုနှစ် ၀ါဆိုလပြည့်ကျော် ၈ရက်နေ့မှာတော့ ဘုရားရဲ့ ထီးတော်ကို စတင်တင်လှူနိုင်ခဲ့ပါတယ်။ အင်းတော်ကြီးအိုင် ရေလယ်မှာ တည်ထားကိုးကွယ်ထားတဲ့ ရွှေမဉ္ဇူဘုရားဟာဆိုရင် ဥာဏ်တော်အမြင့် ၃၃တောင် ၂မိုက်(၅၀ ပေ ၆ လက်မ) ရှိပြီး ရင်ပြင်အကျယ်ကတော့ အရှေ့မှအနောက် ၁၂၀ပေ၊ တောင်မှမြောက်ကို ၁၁၈ ပေ ရှိတယ်လို့ မှတ်သားရပါတယ်။



အင်းတော်ကြီး၏ အံ့ဖွယ်ကိုးပါး



              အင်းတော်ကြီးအိုင်ဟာဆိုရင် မြန်မာနိုင်ငံမှာ အကြီးဆုံးအင်းဖြစ်ပြီး အံ့ဖွယ်ကိုးပါးနဲ့ ပြည့်စုံတယ်လို့ ဆိုကြပါတယ်။ အံ့ဖွယ်ကိုးပါးထဲမှာ ၁- အလျား ၈တိုင်၊ အနံ ၄တိုင် (အလျား - အနံ = ၁၆- ၈ မိုင်) ကျယ်ဝန်းခြင်း၊ ၂ - အနောဒတ္တအိုင်ကဲ့သို့ ရေနေ ကြည်လင်သန့်ရှင်းမှုရှိခြင်း   ၊ ၃ - အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း ဆိုးသွမ်းသည့် မိကျောင်း ၊ ငါးကြီးတို့ မဆိုးဝါးရအောင် အင်းတော်ကြီးသခင်က ထိန်းသိမ်းထားခြင်း၊ ၄ - အင်းထဲတွင် မတော်တဆလူသေဆုံးခဲ့သည်ရှိသော် အနာအဆာမရှိ ငါးကြီးများလည်းမစား ကမ်းခြေသို့ရောက်အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊ ၅ - အင်းဘေးနားတွင်ရွှေကျင်သော် ရွှေများရရှိခြင်း၊ ၆ -အမှိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်တင်ပေးခြင်း၊ ၇ - တစ်နှစ်သုံးကြိမ်ကျ ရေပြောင်းပြန်ဆန်တက် ကန်တော့လာခြင်း၊ ၈ - တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ ရေစီးဝင်ခွင့်မပြုခြင်း၊ ၉ - နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလကနေစပြီး ပြာသိုလအထိ အင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်းအခြားအကွာ ရှစ်မိုင်ဘုရားကြီးအထိ လွှဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိငါးများကို ဆေးခတ်သဖြင့် (၀ါ) အခြားသောသဘာဝအရ ငါးများစွာ သေခြင်း စတဲ့ အချက်တွေပါဝင်တာဖြစ်ပါတယ်။



အင်းတော်ကြီး ရွှေမဉ္ဇူဘုရား မုခ်ဦး



အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား အ၀င်ဝ



ဘုရားဆီသွားတဲ့ လျှောက်လမ်းပေါ်မှာ ရေကျော်နေရင် ဒီလိုသွားကြတယ်



ဘုရားမှာ ဆက်ကပ်မယ့်ပန်းတွေကို ဒီလိုသယ်ကြတယ်



အသက်ကယ်အကျီတွေနဲ့ အကာအကွယ်ယူဖူးမျှော်သူတစ်ချို့



ဘုရားပွဲတော်အတွင်းမှာ လူငယ်တွေရဲ့ ရန်ပုံငွေ ဖိနပ်အပ်ဌာန



ဘုရားပေါ်ရောက်ချိန် selfie ဆွဲသူတွေလည်းရှိ



လှေဆိပ်မှာရှိနေတဲ့ ဈေးတန်း



လူလမ်းနဲ့ နတ်လမ်းခွဲခြားထားပုံ



ဘုရားပေါ်မှာ ဆိုင်ရာပိုင်ရာ နတ်တွေကိုပူဇော်ပသထားပုံ



အင်းတော်ကြီးနတ်နန်း



အမှတ်တရ ဘုရားပုံတော်နဲ့ အခွေတွေ ၀ယ်ယူကြည်ညိုနိုင်



ရင်ပြင်ပေါ်သို့ အမျိုးသမီး မတက်ရ



ဘုရားပေါ်တွင် စည်ကားစွာဖူးမျှော်နေသည့် ဘုရားဖူးများ



ဘုရားပေါ်တွင် စည်ကားစွာဖူးမျှော်နေသည့် ဘုရားဖူးများ



ဈးဆိုင်တန်းများ



ရှမ်း အကျီဆိုင်



ရိုးရာအသုပ်စုံဆိုင်



ဘုရားဆီသွားသူများနှင့် ဘုရားဖူးပြန်သူများ



ဘုရားဆီသို့ အသွားနှင့်အပြန်



ကောက်ညှင်းကျည်တောက်သည်



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။