Lotayamm

search
မာတိကာ

contents

သတင်းများ

ပင်းတယရွှေဥမင်ဘုရားပွဲ အလည်သွားရအောင်

နေ့ရက်:
Feb 27, 2018


အမျိုးအစား :
အခြား
Lotayamm

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ တည်ရှိတဲ့ ပင်းတယရွှေဥမင် သဘာဝလှိုဏ်ဂူဘုရားမှာ ပင်းတယ တပေါင်းဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီ ပင်းတယ တပေါင်းပွဲကို ရှေးယခင် ဘိုးဘေးစဉ်ဆက် ခေတ်ကတည်းက ကျင်းပလာတာဖြစ်ပြီးတော့ အခုနှစ်အတွက်ကိုတော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။



ပင်းတယရဲ့ အဓိပ္ပာယ်



                ပင်းဒယ(ပင်းတယ) ဆိုတာကတော့ ရှမ်းနာမည်ဖြစ်ပြီး မူရင်းကတော့ ကျယ်ပြန့်တဲ့လွင်ပြင်  လို့ အဓိပ္ပာယ်ရတာဖြစ်ပါတယ်။ အနီးအနားပတ်ဝန်းကျင်မှာ ညောင်ပင်ကြီးတွေရှိနေပေမယ့် ဘုရားဖူးတွေစည်ကားနေချိန်မှာတော့ တခါမှ ကျိုးကျတယ်ရယ်လို့ မကြားမိခဲ့ကြပါဘူး။ ဘုရားဖူးမရှိတဲ့ အချိန်မှသာ ကျိုးကျလေ့ရှိတာကလည်း ဘုရားအနီးက ညောင်ပင်တွေရဲ့ ထူးခြားချက်ပါပဲ။



ပင်းတယသမိုင်းမှာ မပါမဖြစ် ကုမ္မာဘယမင်းသား



               ပင်းတယသမိုင်းမှာ ပုံပြင်ဆန်ဆန် ပြောဆိုနေကြတဲ့ မပါမဖြစ် အကြောင်းအရာလေးကတော့ ကုမ္မာဘယမင်းသား ပဲဖြစ်ပါတယ်။ ပုံပြင်အရဆိုရင် ဥမင်လှိုဏ်ဂူသုံးလုံးရှိတဲ့ တောင်အရှေ့ဘက်မှာ ပျော်မွေ့ဖွယ်ကောင်းသည့် ရေကန်ကြီးတစ်ခုရှိပြီး ဒီရေကန်မှာ ငွေတောင်ပြည်ကြီးကို အစိုးရတဲ့ နတ်မင်းကြီးရဲ့ သမီးတော် ၇ဖော်က အမြဲလို ရေကစားလာရောက်လေ့ရှိတယ်လို့ သိရပါတယ်။ တစ်နေ့မှာ ရေကစားနေသဖြင့် အချိန်ကြာပြီး မှောင်သွားရာ မပြန်တတ်တော့ပဲ တောင်သုံးလုံးမှ တောင်ဘက်ဆုံးဥမင်လှိုဏ်ဂူအတွင်း အိပ်စက်ခဲ့ကြပါတယ်တဲ့။ တောင်သုံးလုံးရဲ့ အလယ်ဂူမှာ ကြီးမားတဲ့ ပင့်ကူကြီးတစ်ကောင်နေထိုင်နေပြီး မင်းသမီးတွေရဲ့ စကားပြောဆိုသံကိုကြားသွားတဲ့ ပင့်ကူကြီးက ဂူပေါက်ဝကို လူတို့ရဲ့ လက်မောင်းတမျှကြီးမားတုတ်ခိုင်တဲ့ ပင့်ကူမျှင်တွေပိတ်ဆို့ထားပြီးအလယ်ဥမင်ကို ပြန်သွားခဲ့ပါတယ်။ ခရီးထွက်လာတဲ့  ကုမ္မာဘယမင်းသားလည်း တိုက်တိုက်ဆိုင်ဆိုင် ရေကန်အနီးသို့ရောက်လာခဲ့ပြီး မင်းသမီးတွေရဲ့ ကယ်ပါယူပါ တစာစာအော်ဟစ်သံကိုကြားခဲ့ပါတယ်။  သွားရောက်ကြည့်ရှုတဲ့အခါ မင်းသားအနေဖြင့် ကယ်တင်ပေးနိုင်ပါက အထွေးဆုံးမင်းသမီး ရှင်မိယာနဲ့ လက်ဆက်ပေးမယ်လို့ နတ်သမီးတို့က ဆိုကြပါတယ်။ မင်းသားလည်း ပင့်ကူကြီးကို မြားဖြင့် ပစ်ခွင်း အနိုင်ယူနိုင်ခဲ့ပြီး ပင့်ကူသေကြီးကိုကြည့်ကာ “ပင့်ကူကြီးကိုရပြီ” ဆိုတဲ့ ကြိမ်းဝါးသံကို သုံးကြိမ်တိတိ အော်ဟစ်ခဲ့တာကြောင့် ဒီနေရာကို “ပင့်ကူရ” နောင်တွင်ကာလရွေ့လျောပြီး ပင်းတယ ရယ်လို့ နာမည်တွင်လာခဲ့တာလို့ ပုံပြင်သဖွယ်ပြောဆိုနေကြတာ တွေ့ရပါတယ်။



ပုံပြင်ဆန်ဆန်သမိုင်းကြောင်း



              ဒါပေမယ့် ပင်းတယသမိုင်းက တိတိကျကျရယ်လို့ မရှိပဲ ရေကန်၊ နတ်သမီး ၇ဖော်၊ ပင့်ကူကြီး နဲ့ ကုမ္မာဘယ မင်းသား အစရှိတာတွေကလည်း ပုံပြင်တစ်ခုအနေနဲ့ပဲ တည်ရှိနေခဲ့တာလို့ သိရပါတယ်။ ဒီပုံပြင်ထဲမှာ ဆိုထားသလို အပြင် ပင်းတယစေတီသမိုင်း နောက်တစ်ခုမှာတော့ ရွှေဥမင်စေတီတော်ကို အာသောက မင်းကြီး တည်ခဲ့တယ်၊ အလောင်းစည်သူမင်းက ပြုပြင်ခဲ့တယ်လို့လည်း တွေ့ရပါသေးတယ်။ ဂူအ၀င်ပေါက်ကနေ လှိုဏ်ခေါင်းမြောက်ဘက်အဆုံးထိ ပေ ၄၉၀ ရှည်ပြီး ဒီဂူတွေရဲ့ သက်တမ်းက နှစ်သန်းပေါင်း ၂၀၀ နီးပါးရှိနေပြီလို့ သိရပါတယ်။ ပင်းတယဂူရဲ့ တောင်ခြေမှာ ပုန်းတလုတ် ရေကန်ရှိပြီး ဒါဟာ ပုံပြင်ထဲက နတ်သမီးတွေ ရေကစားတဲ့ ရေကန်ပါပဲ။



ဂူတွင်းက ကုန်းဘောင်ခေတ်ဦး လက်ရာ စေတီနဲ့ ရုပ်ပွားတော်များ ကြည်ညိုနိုင်



              လက်ရှိပင်းတယဂူတွေမှာ တွေ့နေရတဲ့ စေတီနဲ့ ရုပ်ပွားဆင်းတုတော်တွေက ပင်းတယ တစ်နယ်တည်းရဲ့ ကုသိုလ်မဟုတ်ဘဲ မြေလတ်တစ်ခွင်ရဲ့ ကုသိုလ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဂူထဲက ရုပ်ပွားတော်အများစုက ကုန်းဘောင်ခေတ်ဦးလက်ရာတွေများပြားတာကြောင့် ၁၈ ရာစုနှစ်လယ်မှာ ဒီဂူထဲမှာ ဘုရားတွေစတင်တည်ထားကိုးကွယ်ခဲ့တယ်လို့ သမိုင်း သုတေသီတစ်ချို့က ခန့်မှန်းထားကြတယ်လို့လည်း သိရပါတယ်။  ကဲ ဒီလိုမျိုးထူးခြားမှုတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ပင်းတယရွှေဥမင်ဘုရားပွဲ စတင်ကျင်းပနေတဲ့ ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



ဖရဲသီးပွဲတော်



                ပင်းတယ ဘုရားပွဲတော်ကို ဖရဲသီးပွဲတော်လို့လည်း တင်စားခေါ်ဝေါ်ကြပြီး ဒီလိုခေါ်ရတဲ့အကြောင်းကတော့ ဓနုတိုင်းရင်းသားတွေရဲ့ ဓလေ့ကြောင့်လို့ ဆိုရမှာပါ။ ဓနုတိုင်းရင်းသားတွေအနေနဲ့ အလှူအတန်းတွေမှာ ဖရဲသီးကို အလှူစာအဖြစ် ထည့်ပြီး လှူလေ့ရှိတာကြောင့် ဒီဘုရားပွဲမှာ ဖရဲသီးလာရောက်ရောင်းချသူတွေ များပြားခဲ့တာကနေ ဖရဲသီးပွဲတော်တစ်ခုလို့ဖြစ်တည်လာခဲ့တာပဲဖြစ်ပါတယ်။ ဖရဲသီးရောင်းချသူတွေထဲမှာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းနဲ့အခြားဒေသကသူတွေပါဝင်ကြပြီး ဖရဲသီးရောင်းချတဲ့ဈေးသည် ၄၀ နီးပါးအထိ ရှိတယ်လို့ သိရပါတယ်။ ဘုရားပွဲတော်မှာ အစည်ကားဆုံးနေ့ရက်တွေက အဖိတ်နေ့နဲ့ လပြည့်နေ့တွေဖြစ်ပြီး စတင်တဲ့ရက်တွေကတော့ လာရောက်သူနည်းပါးသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။



ဂူထဲက နာမည်ကြီးနေရာတွေ



                ရွှေဥမင်စေတီ၊ တရားကျင့်ဂူ၊ ၀င်္ကဘာလမ်း၊ တရားအားထုတ်သည့်နေရာ၊ တံခွန်တိုင် သမ္ဗုဒ္ဓေဘုရား၊ ဆင်ငါးကောင်ပလ္လင်၊ ချွေးထွက်ဘုရား၊ ဆုတောင်းပြည့်ဘုရား၊ မြင်းချည်တိုင်၊ ဆင်ချည်တိုင်၊ ဣစ္ဆာသယဘုရား၊ ကျောက်စက်တိုင်၊ ဇော်ဂျီဆေးကြိတ်နေရာ၊ နတ်သမီးယက်ကန်းစင်၊ ရတနာမာရ်အောင်စေတီ၊ ကမ္ဘာအေးစေတီ၊ နတ်သမီးရေကန် စတဲ့နေရာတွေကတော့ ပင်းတယကို နာမည်ကြီးစေတဲ့ အချက်တွေပါပဲ။



                 ကဲ ရှမ်းပြည်တောင်ပိုင်းကိုရောက်ရင် မလည်မဖြစ် လည်ပတ်ဖူးမျှော်လေ့ရှိကြတဲ့ ပင်းတယရွှေဥမင်ဘုရားပွဲတော် စတင်နေတဲ့ပုံလေးတွေကို လိုတရ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။



ပင်းတယရွှေဥမင်ဘုရား မုခ်ဦး



ဂူအတွင်းရှိ ဘုရားစေတီ၊ ရုပ်ပွားတော်များ



ဂူအတွင်းရှိ ခေတ်အဆက်ဆက် လက်ရာမြောက် ရုပ်ပွားတော်များ



ဘုရားဈေးတန်းက ဖရဲသီးသည်



ဖရဲသီးပုံကြားက ဈေးဝယ်မျှော်နေတဲ့ ဖရဲသီးသည်တစ်ဦး





ဘုရားဖူးလာ နိုင်ငံခြားသားများ



ဘုရားဖူးလာ နိုင်ငံခြားသားများ



 ဒေသထွက်ပဲကပ်ကြော်၊ ဂျူးကြော်၊  လက်ဘက်အစရှိတဲ့ ရိုးရာအစားအစာတွေကို ရောင်းချနေတဲ့ ဓနုတိုင်းရင်းသူတစ်ဦး



နေပူထဲမှာ ဈေးဝယ်မျှော်နေတဲ့ စိပ်ပုတီးသည်တွေ



အချဉ်ပေါင်း၊ အကြော်စုံတွေနဲ့ ဈေးဝယ်မျှော်



စောင်းတန်းတစ်လျှောက် အလှူခံနေကြသည့် ဆရာလေးများ



အလှူခံသူများနှင့် ပေးလှူသူများ



တောင်ပေါ်မှမြင်တွေ့ရသည့် မြင်ကွင်း



 တောင်ပေါ်မှ မြင်တွေ့ရသည့် မြင်ကွင်း



ဂူအတွင်းပိုင်း နေရာတစ်ချို့



ဂူအတွင်းပိုင်းရှိ ဘုရားနှင့် ကျောက်စက်ပန်းဆွဲတစ်ချို့



ပင်းတယ ရွှေဥမင် လိုဏ်ဂူ ဘုရားအတွင်း ဆင်ခြေတိုင် မြင်းခြေတိုင်ဟု  ခေါ်တွင်သည့် ကျောက်စက်ပန်းဆွဲများ လေ့လာနေသည့် ဘုရားဖူးများ



 ကျောက်စက်တိုင်မှာ ဆုတောင်းကြသူများ



ဂူဘုရားအ၀င်ဝမှာရှိတဲ့ မင်းသား၊ပင့်ကူရုပ်ကြီးတွေနဲ့ ဓါတ်ပုံရိုက်ကူးနေကြသူများ



ဆိုင်ကယ်၊ ကားအသွယ်သွယ်နဲ့ ဘုရားဖူးလာကြသူများ



ဖရဲသီးတန်း



ပုန်းတလုတ်ရေကန်



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။