Lotayamm

search
မာတိကာ

contents

သတင်းများ

တရုတ်နှစ်သစ်ကူးပွဲတော်ပြင်ဆင်မှုမြင်ကွင်းများ

နေ့ရက်:
Feb 15, 2018


အမျိုးအစား :
အခြား
Lotayamm

တရုတ်နှစ်သစ်ကူးပွဲတော်ဟာ တရုတ်လူမျိုးတို့ရဲ့ ရိုးရာ နှစ်ကူးပွဲတော်ဖြစ်ပြီး ကမ္ဘာ့အထင်ရှားဆုံးနှစ်ကူးပွဲတော်တွေထဲက တစ်ခုလို့ဆိုရင်လဲမှားမယ်မထင်ပါဖူး။



တရုတ်နှစ်သစ်ကူးကာလဟာဘယ်အချိန်မှာကျရောက်လေ့ရှိလဲ?



တရုတ်နှစ်သစ်ကူးကာလဟာ ရိုးရာပြက္ခဒိန်အပေါ်အခြေခံထားတာကြောင့် ဘယ်နေ့မှာ နှစ်သစ်ကူးနေ့ ကျရောက်မယ်ဆိုတာ အင်္ဂလိပ်ပြက္ခဒိန်နှင့်ပုံသေသတ်မှတ်လို့မရပါဖူး။ များသောအားဖြင့် ဇန်နဝါရီ ၂၁ နှင့် ဖေဖော်ဝါရီ ၂၀ ရက်များကြားက တစ်ရက်ရက်တော့ဖြစ်လေ့ရှိမှာအသေအချာပါပဲ။ ဒီနှစ် ၂၀၁၈ ခုနှစ် ရဲ့ တရုတ်နှစ်သစ်ကူးနေ့ဟာဆိုရင်ဖြင့် ဖေဖော်ဝါရီ ၁၆ ရက် သောကြာနေ့မှာ ကျရောက်မှာဖြစ်ပါတယ်။



ကဲ.. ဒီနေ့မှာတော့ ရန်ကုန်မြို့ တရုတ်လူမျိုးတို့ရဲ့ လူနေအထူထပ်ဆုံးဖြစ်တဲ့ တရုတ်တန်း (ခေါ်) လသာမြို့နယ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ဘယ်လိုတွေပြင်ဆင်နေကြတယ်ဆိုတာ လိုတရပရိတ်သတ်ကြီးခံစားသိရှိနိုင်စေရန်အလို့ငှာ ဝေမျှပေးလိုက်ရပါတယ်ဗျာ။



နှစ်သစ်ကူးကာလကို တရုတ်လူမျိုးတို့ ဘယ်လိုဖြတ်သန်းလေ့ရှိကြသလဲ?



နိုင်ငံတကာမှာရော မြန်မာပြည်မှာပါ မိဘ ဘိုးဘွားဘီဘင်များနှင့် နတ်ဘုရားများကို ဂါရဝပြုခြင်း၊ ဗျောက်အိုးများဖောက်ခြင်း နှင့် တရုတ်ခြင်္သေ့ နဂါးအကများဖျော်ဖြေမှုကိုကြည့်ရှုခြင်းဖြင့်ဖြတ်သန်းကြပါတယ်။ ထိုမျှမကသေးပဲ နှစ်သစ်ကူးအခါသမယမှာ တစ်နယ်ခြားစီဖြစ်နေတဲ့မိသားစုများ မိဘအိမ်သို့ပြန်လာကာ ညစာအတူတူစားသုံးကြခြင်း၊ မိမိအိမ်ကိုအစဆုံးသန့်ရှင်းရေးလုပ်ခြင်းအားဖြင့် ကံဆိုး နမိတ်ဆိုးတွေကိုတိုက်ထုတ်ခြင်း တို့ကိုလဲပြုလုပ်ကြပါသေးသည်။



နောက်ထပ်ချစ်စရာ ဓလေ့တခုကတော့ ကလေးများအားလုံး (အိမ်ထောင်မရှိလျှင်) ကံကောင်းခြင်းတွေပါဝင်တဲ့ စာအိတ်အနီလေးနှင့်ထည့်ထားတဲ့ အန်ပေါင်း (hóngbāo) ခေါ် မုန့်ဖိုးများကိုလဲ အဖေအမေ ဦးလေးအဒေါ် အဘိုးအဘွားတို့ဆီက ရရှိဦးမှာပါတဲ့ဗျာ။



ဒီနှစ်ဟာ ဘာသတ္တဝါနှစ်ကျသလဲ?



တရုတ်ရိုးရာ ရာသီခွင်မှာ ၁၂ လ ကိုယ်စားပြု သင်္ကေတ လာဘ်ကောင် တိရစ္ဆာန် ၁၂ ကောင်ရှိတဲ့အားလျော်စွာ တစ်နှစ်နဲ့ တစ်နှစ် နှစ်သစ်ကူးကာလမှာကျရောက်တဲ့ လာဘ်ကောင်လေးတွေက တစ်နှစ်နဲ့တစ်နှစ်မတူပါဖူး။



ဒီနှစ် ၂၀၁၈ မှာတော့ ခွေး နှစ်ကျရောက်တယ်လို့ဆိုပါတယ်။



လသာလမ်း တစ်လျှောက်မှာ မီးပုံလေးတွေချိတ်ဆွဲထားတယ်။ လသာလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်မှာတော့ ဂရိတ်ဝေါ မဟာတံတိုင်းပုံစံတူ စတိတ်စင်တစ်ခုလဲဆောက်နေလေရဲ့။

ဒါကတော့ လသာမြို့နယ်ထဲက မဟာဗန္ဓုလလမ်းတစ်နေရာ။ မီးပုံးအနီလေးတွေခပ်စိပ်စိပ်ချိတ်ဆွဲထားတယ်။ ဒါတင်မကသေးဖူး လမ်းလယ်မှာ တရုတ်ရာသီခွင် ကိုယ်စားပြု ဖြစ်တဲ့ ချစ်စရာတိရစ္ဆာန်ရုပ်လေးတွေထဲထားထားသေးတယ်။ ပြီးတော့ မီးပုံးလေးတွေအကုန်လုံးက ညကျရင်ထွန်းပေးထားသေးတယ်တဲ့နော်။ ဓာတ်ပုံရိုက်ဖို့တော့ရှယ်ကောင်းတဲ့နေရာပဲဗျို့။

လမ်းမကြီးပေါ်က ချစ်စရာမီးပုံးလေးတွေနဲ့ မီးပုံးလေးတွေလိုပြွတ်သိပ်နေတဲ့မြို့ပြလူနေမှုပုံစံကိုတွဲမြင်မိမယ်ထင်ပါရဲ့။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က နှစ်သစ်ကူးနေ့ ရိုးရာပူဇော်ကန်တော့တဲ့နေ့ဆိုတော့ ဈေးရောင်းဈေးဝယ်တွေနှင့် တိုးမပေါက်အောင်စည်းကားချက်ပါပဲ။

ပစ္စည်းတွေဝယ်လိုအားများလွန်းလို့ ဆိုင်တွေမှာတောင်တင်မရောင်းတော့ပဲ ကားနောက်ခန်းဖွင့်ပြီး ဒီလိုလာရောင်းကြတယ်။ ပုံထဲက ခွေးရုပ်လေးကိုသတိထားမိမယ်ထင်ရဲ့။ ဒီနှစ်က တရုတ်ရာသီခွင်အရ ခွေးသတ္တဝါနှစ်ကျပါတယ်တဲ့။

တရုတ်ရိုးရာ နှစ်ကူးမှာ မပါမဖြစ် ဆန်မုန့် (အီကွေ့လို့ခေါ်ကြတယ်)

ဒါကတော့ နှစ်သစ်ကူးမှာ မပါမဖြစ် တရုတ်ရိုးရာ မုန့်မျိုးစုံ။ မုန့်တော်တော်များများက မြေပဲ၊ နှမ်းတို့ကိုအခြေခံလုပ်ထားတာ။ ပုံထဲမှာပါတဲ့ အနီရောင်မုန့်ဘူးလေးတွေကတော့ မိဘ ဆွေမျိုးသားချင်း မိတ်ဆွေတွေကို နှစ်သစ်လက်ဆောင်ပေးဖို့ပါတဲ့။

မဟာဗန္ဓုလလမ်းပေါ်တစ်နေရာပဲ။ ဘတ်စ်ကားနီနီ မီးပုံးနီနီလေးတွေနဲ့ ပနံကိုရလို့။

၁၉ လမ်းထိပ်ကိုရောက်တော့ လမ်းထဲတချက်လှမ်းကြည့်မိတယ်။ လမ်းကျဉ်းကျဉ်းလေးထဲလဲမီးပုံးလေးတွေချိတ်ဆွဲလျက်ပဲ။ အလှဆင်ထားတာ။



ရိုးရာမီးပုံးမျိုးစုံကိုတစ်နေရာတည်းနဲ့ရနိုင်မဲ့ မီးပုံးဆိုင်။

ရိုးရာ ဖယောင်းတိုင်နဲ့ ရွှေစက္ကူ ငွေစက္ကူ အရောင်းဆိုင်။ အခုလိုနှစ်သစ်အခါသမယမျိုးမှာ တရုတ်လူမျိုးတွေဟာ ရွှေစက္ကူ ငွေစက္ကူများကို မီးရှို့ဆုတောင်းခြင်းဖြင့် ကွယ်လွန်ခဲ့ကြတဲ့ ဘိုးဘွားတွေအတွက်ရော ကိုယ်ကိုယ်တိုင် လာဘ်လာဘတိုးပွားဖို့အတွက်ရောဆုတောင်းလေ့ရှိကြပါတယ်။

စဉ့်အိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်မှာပေါ့။ မီးပုံးတွေချိတ်ဆွဲထားတဲ့ decoration နေရာအစလို့လဲပြောလို့ရတယ်။

တရုတ်ရိုးရာ မီးပုံးလှလှကြီးတွေထဲကတစ်ခု

တရုတ်နဂါး တရုတ်ခြင်္သေ့အကပြိုင်ပွဲတွေအတွက်ပြင်ဆင်ထားတာပါ။

ဒီပုံလေးကတော့ ၁၉ လမ်း အပေါ်ဖက်နေရာလေးပါ။ မီးပုံးလေးတွေစီစီရီရီနဲ့ လှမှလှ။

တရုတ်တန်း မဟာဗန္ဓုလလမ်းမှာပဲ အလှဆင်ထားမယ်လို့ထင်ခဲ့တာ ဗိုလ်ချူပ်လမ်းပေါ် Junction City နားမှာလဲအလှဆင်ထားသေးတယ်ဗျာ။ သူကတော့မီးပုံးမဟုတ်ဖူး၊ ရွှေတုံးတို့ ယပ်တောင်တို့ ဗျောက်တို့ပုံလေးတွေ။ ချစ်စရာတော့တော်တော်ကောင်းတယ်။ နောက်ထပ်ဓာတ်ပုံရိုက်လို့လှမဲ့နေရာလေးပေါ့။

ရန်ကုန်မြို့ရဲ့ super market တွေ shopping mall တွေမှာလဲ တရုတ်နှစ်သစ်ကူးအတွက် ဆိုင်ခန်းတွေဆင်ဝင်တွေကိုအလှဆင်ထားပြီးကြိုဆိုကြပါတယ်။ ဆိုင်အတော်များများမှာလဲ လျှော့ဈေးတွေပေးနေတာတွေ့ခဲ့ရသေး။

ဒါကတော့ ရန်ကုန်မြို့ shopping mall တခုရဲ့ အတွင်းပိုင်းမှာ တရုတ်နှစ်ကူးအတွက် အလှဆင်ထားတာလေး။ မီးပုံးလေးတွေကိုစုပီး မီးပုံးအကြီးပုံစံလုပ်ထားတာ။ တစ်မျိုးလေးလှနေရော။

တရုတ်နှစ်သစ်ကူးကာလရောက်ပြီဆိုရင် ရိုးရာနဂါး ခြင်္သေ့စတဲ့ အကအဖွဲ့တွေနဲ့ ဗုံသံ လင်ကွင်းသံနေကို ခပ်စိပ်စိပ်ကြားကြရမှာပါ။ ပုံထဲကတော့ ရိုးရာနဂါးအကကဖို့အတွက်ပြင်ဆင်နေတာလေးပါ။

ခုနက နဂါးပန်းရောင်ကိုရိုက်ထားတာ.. ခုက သူ့ဘယ်ဖက်က နဂါးအစိမ်းရောင်။ သုံးထားတာတော့ စက္ကူနဲ့ ပိတ်စပဲ။ ဒါပေမဲ့ အရမ်းအနုစိတ်ပြီးလှလွန်းတယ်။

ဘယ်လိုခေါ်ရမလဲတော့မသိဖူး။ တရုတ်ခြင်္သေ့အကအဖွဲ့မှာပါလာတဲ့ တိုင်ကြီး။

တရုတ်ခြင်္သေ့ခေါင်း။ သူက နဂါးထက် ပိုအနုစိတ်ပြီး ချစ်စရာကောင်းတယ်။

တရုတ်ခြင်္သေ့ကကွက်ကတော့ မြင်ဖူးသမျှအကတွေထဲမှာ အလှဆုံးနှင့် ကျွမ်းကျင်မှုစည်းလုံးမှုပေါ် ရာနှုန်းပြည့်မူတည်နေတဲ့အကမျိုး။ လူနှစ်ယောက်က ၃မီတာလောက်မြင့်တဲ့ ခြေတနင်းစာ တိုင်တွေပေါ်မှာဟန်ချက်ညီညီ တတိုင်နှင့်တတိုင်ခုန်ကူးပြီးကပြရတာပါ။ နည်းနည်းလေးမှအတိမ်းစောင်းမခံ အရမ်းကို အန္တရာယ်များပြီး ပရိတ်သတ်ဟာကနဲ ဟင်ကနဲဖြစ်စေရမဲ့ ကကွက်တွေချည်းပဲ။

ခုနက ကနေတဲ့ ခြင်္သေ့ကြီးအနီးကပ်ပုံ။ ခြင်္သေ့ကြီးရဲ့ ပိုင်ရှင်ကတော့ မိုးနဂါး အဖွဲ့ပါတဲ့။

ခြင်္သေ့အကပြိုင်ပွဲကတော့ တရုတ်နှစ်သစ်ကူးရဲ့ သင်္ကေတတွေထဲက တစ်ခုပေါ့။ ဒီလိုနှစ်သစ်မှာဆိုရင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကကွက်ဆန်းတွေနဲ့ ယှဉ်ပြိုင်ဗိုလ်လုလေ့ရှိကြတယ်။ ပုံထဲမှာပါတဲ့အဖွဲ့နာမည်က YSL တဲ့။ ခုနက မိုးနဂါးအဖွဲ့နှင့်ယှဉ်ပြိုင်ရမဲ့သူတွေပါ။

ခြင်္သေ့ကြီးကတော့ယှဉ်ပြိုင်ဖို့အသစ်ဖြစ်နေပြီဆိုပဲ။

အန္တရာယ်များတဲ့ဒီလိုကကွက်တွေ။

ချစ်စရာခလေးလေးနဲ့ တရုတ် ရာသီခွင်သင်္ကေတ ခွေးရုပ်လေးတွေ။



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။