contents

သတင်းများ

၇၁ နှစ်မြောက်ပြည်ထောင်စုနေ့ (လိုတရ အထူးဆောင်းပါး)

နေ့ရက်:
Feb 13, 2018


အမျိုးအစား :
အခြား
Lotayamm

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။



၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာ ဗန္ဓုလပန်းခြံတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။ ပြည်ထောင်စုနေ့အခမ်းအနား (ရန်ကုန်) မြင်ကွင်းများကို လိုတရပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ရပါသည်။



ပြည်ထောင်စုနေ့အခမ်းအနားအဝင်မုခ်ဦး

လွတ်လပ်ရေးကျောက်တိုင်

ပြည်ထောင်စုနေ့အခမ်းအနားနှင့် မဟာ ဗန္ဓုလပန်းခြံမှ မြင်ရသော High Court

ပြည်ထောင်စုနေ့အခမ်းအနားကိုဂုဏ်ပြုရန် ရောက်ရှိနေကြသော တပ်မတော်သားများ

ချီတက်အလေးပြုစဉ်

ချီတက်အလေးပြုစဉ်

ကြွရောက်လာကြသော ဧည့်သည်တော်များ

ကြွရောက်လာကြသော ဧည့်သည်တော်များ

ကြွရောက်လာကြသော ဧည့်သည်တော်များ

ကြွရောက်လာကြသော ဧည့်သည်တော်များ

ပြည်နယ်နှင့်တိုင်းတို့၏အထိမ်းအမှတ် အလံများ

အခမ်းအနားအပြင်အဆင်

အခမ်းအနားသို့ကြွရောက်လာကြသော မီးသတ်ရဲဘော်များ

အဝင်မုခ်ဦးအား ခန့်ညားစွာတွေ့ရစဉ်

လုံခြုံရေးရဲတပ်သားများလည်းတက်ရောက်

ဘင်ခရာအဖွဲ့မှလဲတီးမှုတ်ဖျော်ဖြေ

တက်ရောက်လာကြသော တိုင်းရင်းသား သွေးချင်း ညီအကိုမောင်နှမများ

တက်ရောက်လာကြသော တိုင်းရင်းသား သွေးချင်း ညီအကိုမောင်နှမများ

တက်ရောက်လာကြသော တိုင်းရင်းသား သွေးချင်း ညီအကိုမောင်နှမများ

အခမ်းအနားပြီးဆုံး



 



ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချူပ်



မြန်မာနိုင်ငံ ဗြိတိသျှအစိုးရ လက်အောက်ကျရောက်ခဲ့ချိန်မှာစ၍ ၄င်းတို့၏ အုပ်ချူပ်ရေး ပရိယာယ်ဖြင့် တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုများရှိခဲ့ကြသည်။



နယ်ချဲ့ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးအတွက် ခေါင်းဆောင်အသီးသီးတို့မှ အနှစ် ၇၀ မျှကာလပတ်လုံး နည်းမျိုးစုံအစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း မြေပြန့်သား နှင့် တောင်တန်းသားတို့ တစ်ကြိမ် တစ်ခါမှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ကြသည်မှာ ဖက်ဆစ်ဂျပန်တို့ကို စတင်တော်လှန်ချိန်အထိပင်ဖြစ်သည်။ တိုင်းရင်းသားအားလုံး သွေစည်းညီညွတ်မှုဖြင့် နောက်ဆုံးတွင် ဖက်ဆစ်ဂျပန်တို့ကို စတင်တိုက်ထုတ်နိုင်ခဲ့သည်။



ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် ဗြိတိသျှတို့ထံမှလွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်တောင်တန်း တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို အလေးထားဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြပြီး စည်းလုံးမှုပျက်ပြားစေရန်ကြံစည်ခဲ့ကြသေးသည်။



၁၉၄၆ ခုနှစ် ဇန်နဝါရီလ - ရွှေတိဂုံဘုရား အလယ်ပစ္စယံတွင် ဖဆပလညီလာခံကြီးကျင်းပခဲ့ပြီး ထိုညီလာခံတွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် တိုင်းရင်းသားအားလုံး လက်တွဲဆောင်ရွက်ပြီး အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။



ထိုတင်မကသေး ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့တွင်လည်း ရှမ်းစော်ဘွားများ ညီလာခံကို ထိုလအတွင်းမှာပင် ကျင်းပခဲ့ပြီး မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကာ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှိုင်းကြောင့် နားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။



နောင်တစ်နှစ်အကြာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ - ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုရန် ဗြိတိန်နိုင်ငံသို့သွားရောက်ခဲ့ကြပြီး ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗြိတိန်နိုင်ငံတွင် ဆွေးနွေးနေကြစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများ နှင့် လွင်ပြင်သားများ အကြား သွေးခွဲ ဝါဒဖြန့်ကြသည်။ ထိုအကြောင်းကိုသိသောကြောင့် မြန်မာနိုင်ငံတွင်ကျန်ခဲ့သော နိုင်ငံ့ ခေါင်းဆောင်ကြီးများက တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။



ထိုအချိန် ဗြိတိန် အစည်းအဝေးတွင် ဗြိတိသျှတို့က ပရိယာယ်ဖြင့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်။ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော “အောင်ဆန်း အက်တလီ စာချူပ်” ကိုချုပ်ဆိုခဲ့သည်။



၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် - ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်ခဲ့ကြပြီး ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။



၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် - ညနေပိုင်းအချိန်တွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့ကြသည်။



နောက်တစ်နေ့ ဖြစ်သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြသည်။



ဤကဲ့သို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။



 



ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပမှုသမိုင်းကြောင်း



ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။



‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို ၁၉၄၇ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်မှာယနေ့တိုင်ပင်ဖြစ်သည်။



၁၉၄၈ ခုနှစ် နှင့် ၁၉၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့’‘ အခမ်းအနားကို ပင်လုံမြို့၌ ကျင်းပခဲ့ကြသော်လည်း ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ကြသည်။



ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပသည့်အခါ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်နယ်အသီးသီးမှ တိုင်းရင်းသားဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။



၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံကို အလှည့်ကျပြည်နယ်များမှ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန်အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ အပ်နှင်းခဲ့ကြသည်။



လိုတရ ပရိသတ်ကြီးတို့လဲ (၇၁) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဖတ်ပြီး ဗဟုသုတရရှိမယ်လို့မျှော်လင့်ရင် နှုတ်ခွန်းဆက်သအပ်ပါတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။