contents

သတင်းများ

မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသတို့ရဲ မတူညီတဲ့ ယဉ်ကျေးမူ အလှအပ တွေခံစားရမဲ့ မန္တလေး-ပြင်ဦးလွင် ခရီးတစ်ခေါက်

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
အခြား
Lotayamm

ပြင်ဦးလွင်မြို့ နေ၀င်ချိန် ရူ့ခင်း 



အားလပ်ရပ်တွေမှာ ခရီးသွားရင်း အချိန်တွေကုန်ဆုံးခြင်းကို နှစ်သက်သူများအတွက် မြို့ပြ ၊ရှေးဟောင်း ယဉ်ကျေးမူအမွေအနှစ်များ ၊သယာလှပတဲ့ တောင်တန်းရူ့ခင်းများနှင့်သဘာဝ အတိုင်းဖြစ်ပေါ်နေတဲ့ ရေတံခွန်များရဲ့ အလှအပကို ခံစားလိုသူများအတွက် ရသမျိုးစုံကို ရရှိနိုင်မယ့် ခရီးစဉ်တစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။



အဲ့ဒါကတော့ ယဉ်ကျေးမူ မြို့တော်လို့ လူသိများတဲ့ မြန်မာနိုင်ငံအလည်ပိုင်းက မန္တလေးမြို့နဲ့ တောင်လှေကားမြို့တော်(သို့) ပန်းမြို့တော်လို့ နာမည်ကြီးတဲ့ ပြင်ဦးလွင်တို့ကို သွားရောက်လည်ပတ် နိုင်မယ့် မန္တလေး-ပြင်ဦးလွင် ခရီးစဉ်ပဲ ဖြစ်ပါတယ်။



အပူပိုင်းဒေသမှာ တည်ရှိတဲ့အတွက် နွေရာသီမှာ အလည်အပတ် လာရောက်လေ့ရှိသူ နည်းပေမယ့် ဆောင်းရာသီရဲ့ အငွေ့အသက်ကို ခံစားနိုင်တဲ့ မြို့တစ်ခု ဖြစ်တာကြောင့် နိုဝင်ဘာကနေ ဖေဖေါ်ဝါရီလ အတွင်းမှာ ရာသီဥတုမျှတပြီး နောက်ဆုံးမင်းနေပြည်တော် အခြေစိုက်ခဲ့တဲ့ မန္တလေးဟာ ယဉ်ကျေးမူ အမွေအနှစ်များနဲ့ လည်ပတ်စရာ နေရာများနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်ခုပါ။



မန္တလေးကို ရောက်သူတိုင်း ပထမဆုံး သွားရောက်သင့်တာကတော့ မြန်မာနိုင်ငံရဲ့ တန်ခိုးကြီးဘုရားများထဲက တစ်ဆူဟု အများက သတ်မှတ်ထားပြီး ဂေါတမ မြတ်စွာဘုရား၏ ရင်ငွေ့တော် ခုနှစ်ကြီမ် ပေးခဲ့သောကြောင့် သက်တော်ရှိသည်ဟု ယုံကြည်ကြသည့် မဟာမုနိဘုရားကြီးမဟာမုနိရုပ်ရှင်တော် ဘုရားကြီးပဲ ဖြစ်ပါတယ်။



မန္တလေးကိုသွားသူတိုင်း မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေထဲမှာ မြနန်းစံကျော်ရွှေနန်းတော် (မန္တလေး နန်းတော်)ကြီးက တစ်ခုအနေနဲ့ပါဝင်ပါတယ်။



မန္တလေးမြနန်းစံကျော် ရွှေနန်းတော် 



ကုန်ဘောင်မင်းဆက်များရဲ့ နောက်ဆုံးနန်းတော်တစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ် အတွင်းက မဟာမိတ်တွေရဲ့ ဗုံးဒဏ်ကြောင့် နန်းမြင့်မျှော်စင်နဲ့ နန်းဆောင်အနည်းငယ်သာ ကျန်ရှိခဲ့ပေမယ့် ယခင်နန်းတော်ဟောင်းအတိုင်း ပြန်လည် တည်ဆောက်ထားသည့်အတွက် မြန်မာဘုရင်တွေရဲ့နေထိုင်မူပုံစံနဲ့ ရှေးဟောင်းလက်ရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။



မန္တလေးနန်းတော်နဲ့ တဆက်တည်း သွားရောက်လည်ပတ်နိုင်တဲ့ နေရာတွေထဲမှာ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၂၃၀ မြင့်ပြီး မန္တလေးတစ်မြို့လုံးရဲ့ အပေါ်စီးမြင်ကွင်းကို ကြည့်ရူ့နိုင်မယ့်အပြင် နေ၀င် ၊နေထွက်ချိန် ရူ့ခင်းများကိုပါ ခံစားနိုင်မယ့် မန္တလေးတောင်ပဲ ဖြစ်ပါတယ်။



မန္တလေး ညပိုင်းမြင်ကွင်း



မန္တလေးတာင်ကနေ ပြန်ဆင်းတာနဲ့ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ တင်စားခေါ်ဝေါ် ကြတဲ့ ၀ိနည်း ၊အဘိဓမ္မာနဲ့ ပါဠိတော်တွေကို ကျောက် ၇၂၉ချပ်နဲ့ ထုဆစ်ပြီး မှတ်တမ်းတင်ထားတဲ့ ကုသိုလ်တော်ဘုရားကို သွားရောက် လေ့လာနိုင်ပြီး အနီးနားမှာရှိတဲ့ စန္ဒာမုနိဘုရား ၊ရွှေကျောင်းတော်ကြီးနဲ့ အတုမရှိကျောင်းတော်ကြီးတို့ကိုလဲ သွားရောက် လေ့လာနိုင်ပါသေးတယ်။



မန္တလေးဆိုတာနဲ့ ဦးပိန်တံတားဟာလည်း မပါမဖြစ် နေရာတစ်ခုဖြစ်ပါတယ်။ပေပေါင်း ၃၉၆၇ ပေ အထိရှည်လျားသည့်အတွက် ကမ္ဘာအရှည်အလျားဆုံး ကျွန်းသား တံတားများထဲမှ တစ်ခုအနေဖြင့် ပါဝင်သောကြောင့် မြန်မာနိုင်ငံတွင်းသာမကဘဲ ကမ္ဘာကျော် အပန်းဖြေလေ့လာစရာ နေရာတစ်ခုအဖြစ် ကျော်ကြားတဲ့အတွက် မဖြစ်မနေသွားရောက်သင့်တဲ့နေရာတစ်ခုပါ။



ဦးပိန် တံတားကနေ တစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးက ကျောက်စိမ်းဘုရားနဲ့ တံတားဦးမြို့နယ်အတွင်းက အင်းဝမြို့ဟောင်းတို့ ကိုလည်း သွားရောက်လည်ပတ်နိုင်သေးပါတယ်။





အင်းဝ မယ်နုအုတ်ကျောင်း 



တောင်တက် ခရီးစဉ်တွေကို စိတ်ဝင်စားသူတွေအနေနဲ့ မန္တလေးကနေ မိနစ်လေးဆယ်လောက်သွားရုံနဲ့ ရှမ်းပြည်ကို ရောက်သွားသလို ခံစားရမယ့် သာယာလှပတဲ့ တောင်တန်းတွေရှိပြီး တိမ်တွေပေါ် ရောက်သွားသလို ခံစားရမယ့် ပေသုံးထောင်ကျော်မြင့်တဲ့ မြခနောက်တောင် ခရီးစဉ်ကိုလဲ သွားရောက် လည်ပတ်နိုင်ပါသေးတယ်။



တောင်တက် ခရီးစဉ် ပြီးရင်တော့ ဒုဠ၀တီမြစ်ဘေးမှာ ဖန်တီးထားတဲ့ ၃မိုင် ၊၄မိုင် ၊၅မိုင် ၊၆မိုင် နဲ့၇မိုင် ကမ်းခြေ ငါးခုကို သွားရောက်လည်ပတ် နိုင်သလို ဒုဠ၀တီမြစ်ဘေးအတိုင်း ဆက်သွားမယ်ဆိုရင် ၇မိုင် ကမ်းခြေကို ကျော်တာနဲ့ တောင်တက်ခြင်းနဲ့ ရေတံခွန် အပန်းဖြေခြင်း ရသ နှစ်ခုလုံးကို ခံစားနိုင်မယ့် ၀က်ကား သုံးဆင့် ရေတံခွန်နဲ့ ဒီဒုတ်ရေပြာအိုင်ကလည်း အဆင်သင့် ကြိုဆိုနေမှာ ဖြစ်ပါတယ်။



မန္တလေးရဲ့ နာမည်ကြီးဒေသထွက်ကုန်တွေနဲ့ အိမ်ပြန်လက်ဆောင် အဖြစ် နာမည်ကြီးတာတွေကတော့ မြင့်မြင့်ခင် (ထိုးမုန့် ၊လမုန့်)၊ ဗေဒါရွှေကြာ(လက်ဖက်) ၊မစီမာအချဉ်ပေါင်းနဲ့ ယိုစုံ အစရှိတဲ့ မုန့်တွေကတော့ မဖြစ်မနေ ၀ယ်ယူသွားသင့်တဲ့ လက်ဆောင်တွေ ဖြစ်ပါတယ်။



မန္တလေးမှာ လည်ပတ်စရာတွေ ကုန်သွားပြီဆိုရင်တော့ ရှမ်းကုန်းမြင့်တောင်တန်းများရဲ့ အနောက်ဘက်စွန်း ပင်လယ်ရေ မျက်နှာပြင် အထက် ပေ၃၅၀၀ ကျော်ရှိ မြေနိမ့်လွင်ပြင်ပေါ်မှာ မြို့တည်ထားတဲ့အတွက် ရာသီဥတုမှာ အေးချမ်းသာယာပြီး နွေရာသီမှာ လူအများအပူရှိန်ကင်းလွတ်ရာ အနားယူအပန်းဖြေမြို့ တစ်ခုအဖြစ်ထင် ရှားတဲ့ ပြင်ဦးလွင်ကို သွားရောက်လည်ပတ်နိုင်ပါသေးတယ်။



ပြင်ဦးလွင်ကို သွားရောက်လည်ပတ်သူတိုင်း ကနဦး သွားရောက်ဖူးမျှော်လေ့ရှိတဲ့(သို့)မဖြစ်မနေ သွားရောက်လေ့ ရှိသည့် နေရာတစ်ခုမှာ မဟာအံ့ထူးကံ့သာဆုတောင်းပြည့် မြတ်စွာဘုရားကြီး ဖြစ်ပါတယ်။



အဲဒီကနေတစ်ဆင့် သစ်ပင်ပန်းမန်များဖြင့် သာယာလှပအောင် အလှဆင်ထားတဲ့ ကန်တော်ကြီး အမျိုးသားဥယျာဉ် (ရုက္ခဗေဒဥယျာဉ်)ကို သွားရောက်လည်ပတ်နိုင်ပါတယ်။



ပြင်ဦးလွင် ကန်တော်ကြီး အမျိုးသား ဥယျာဉ် 



သစ်ပင်ပန်းမန်များနဲ့ ဆေးဖက်ဝင်အပင်မျိုးစိတ်ပေါင်း ၆၀၀ ခန့်ကို စိုက်ပျိုးပြသထားပြီး ၊မျိုးသုန်းလုနီးပါး ရှားပါးသည့် တိရိစ္ဆာန်များကိုလည်း မွေးမြုကာ ပြသထားကာ သယာလှပပြီး ကောင်းမွန်စွာ အပန်းဖြေအနားယူနိုင်မည့် နေရာအများအပြားကိုပြုလုပ်ပေးထားတဲ့ ကန်တော်ကြီးအမျိုးသားဥယျာဉ်ဟာ လည်ပတ်သူများကို ဆွဲဆောင်စေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။



ကန်တော်ကြီးအမျိုးသားဥယျာဉ်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ တိုင်းရင်းသားကျေးရွာဟာလည်း ပြင်ဦးလွင်မြို့ရဲ့ လည်ပတ်စရာနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသားကျေးရွာ တည်ဆောက်ထားသောမြို့များမှာ ပြင်ဦးလွင် ၊နေပြည်တော်နှင့်ရန်ကုန် သုံးခုသာရှိပြီး တိုင်းရင်းသားများရဲ့ ယဉ်ကျေးမူ ၊ထုံးဓလေ့များကို ပုံဖေါ်တည်ဆောက် ထားတဲ့အတွက် ဗဟုသုတနှင့် လေ့လာဖွယ်ရာများ ပြည့်နေသည့် ယဉ်ကျေးမူဥယျာဉ်တစ်ခု ဖြစ်ပါတယ်။



ပြင်ဦးလွင်မြို့ဟာ သယာလှပတဲ့ ရေတံခွန်အများအပြား တည်ရှိရာ မြို့တစ်ခုလည်းဖြစ်တဲ့အတွက် Trekking ခရီးစဉ်များကို နှစ်သက်သူတွေအတွက် ကနဦး သွားရောက်ဖို့ အကြံပြုလိုတဲ့ နေရာတစ်တစ်ခုကတော့ ရေတံခွန်ထိပ်ကို ရောက်ဖို့ မိနစ်ကိုးဆယ်ခန့် လမ်းလျှောက်ပြီး သွားရမယ့် ဓာတ်တော်ချိုင့်ရေတံခွန်ဖြစ်ပါတယ်။



မဟာ အံ့ထူးကံသာ ဘုရား 



မန္တလေး-ပြင်ဦးလွင်ကားလမ်းကြား အနီးစခန်းမှာ တည်ရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ဟာ အမြင့် ၁၁၂မီတာ ရှိပြီး အဆင့်သုံးဆင့်ရှိတဲ့ သာယာလှပတဲ့ရေတံခွန် တစ်ခုဖြစ်တာကြောင့် လည်ပတ်သူများကို စိတ်ကြည်နူးမူု ရရှိစေမှာဖြစ်ပါတယ်။



ရေတံခွန်မှာလည်း ရေဆော့ကစားချင်တယ် အဝေးကြီးကို ပင်ပန်းခံပြီးမသွားချင်သူများအတွက် မန္တလေး-လားရိုးကားလမ်း ဘေးမှာ ရှိပြီး အမြင့်ပေ ၃၀ရှိပြီး အဆင့်လေးဆင့် ရှိတဲ့ ပွဲကောက်ရေတံခွန်ဟာလည်း အပန်းဖြေ အနားယူဖို့ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။



ပွဲကောက်ကနေတစ်ဆင့် သဘာဝအတိုင်း လတ်ဆတ်တဲ့ အစားအစာများကို စားသုံးပြီး အပန်းဖြေ အနားယူချင်နိုင်ဖို့ ဒီဇင်ဘာခြံနဲ့ ဒီဇင်ဘာရေတံခွန်တီု့ကို သွားရောက်လည်ပတ်ဖို့ လမ်းညွှန်ချင်ပါတယ်။



ဒီဇင်ဘာ ရေတံခွန် 



ဒီဇင်ဘာခြံကနေတစ်ဆင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ဂူအတွင်းမှာ ရေများစီးကျနေပြီး ဘုရားစေတီ ငယ်လေးများလည်း တည်ထားကာ ဖူးမျှော်နိုင်တဲ့ ပိတ်ချင်းမြှောင်း သဘာဝလိုင်ဂူ ကိုလဲ သွားရောက် လည်ပတ်နိုင်သလို ပိတ်ချင်းမြှောင်ကနေတစ်ဆင့် အစားသောက် ကောင်းကောင်းနဲ့ အပန်းဖြေ အနားယူနိုင်ဖို့ အတွက် YGW ခြံကိုလဲ သွားရောက် အပန်းဖြေနိုင်ပါသေးတယ်။



အပန်းဖြေအနားယူစရာ နေရာတွေအနေနဲ့ ထပ်ပြီး လမ်းညွှန်ချင်တာကတော့ ဓာတ်တော်ချိုင့်ရေတံခွန်ကြီးကို အပေါ်စီးကနေ ကြည့်ရူ့နိုင်မယ့် The View ကော်ဖီဆိုင် ၊သစ်ပင်ပန်းမန်များ ၊အရုပ်များဖြင့် အလှဆင်ထားတဲ့ YGW ခြံ ၊ရေပျံတောင်ရေတံခွန် နဲ့ ပြင်ဦးလွင်သစ်တောလမ်းရှိ သားသတ်လွတ် တရုတ်ဘုံကျောင်း ၊ဂျပန်လူမျိုးတစ်ယောက် ဖွင့်ထားတဲ့ Hiromi ကော်ဖီဆိုင်တို့ပဲဖြစ်ပါတယ်။



ပြင်ဦးလွင်ကနေ အိမ်ပြန်လက်ဆောင်အဖြစ် ၀ယ်ယူသွားနိုင်တာကတော့ စပျစ်ဝိုင် ၊မက်မန်းဝိုင် ၊ကော်ဖိဝိုင် အစရှိတဲ့ ၀ိုင်မျိုးစုံနဲ့ စတော်ဘယ်ရီသီး ၊ထောပတ်သီး အစရှိတဲ့ လတ်ဆတ်သော ရာသီပေး သီးနှံများ ၊ပဲစိမ်းကြော်များ ပဲတို့ကိုလဲ အိမ်အပြန် လက်ဆောင်အဖြစ် ၀ယ်ယူသွားနိုင်ပါသေးတယ်။



မန္တလေး-ပြင်ဦးလွင် ခရီးစဉ်ဟာ တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသတို့ရဲ မတူညီတဲ့ ယဉ်ကျေးမူ အလှအပတွေကို ခံစားနိုင်မယ့် တစ်ခုတည်းသော ခရီးစဉ်တစ်ခုဆိုရင်လဲ မမှားပါဘူး ။



 



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။