Lotayamm

search
မာတိကာ

contents

သတင်းများ

January 10 ရက်နေ့မှ 13 ရက်နေ့အတွင်း ထူးခြားဖြစ်စဉ်နှင့် အထူးနေ့ရက်များ

နေ့ရက်:
Jan 11, 2018


အမျိုးအစား :
အခြား
Lotayamm

ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ Los Angeles နှင်းထူထပ်မှု ဓါတ်ပုံတွေ



                လော့စ်အိန်ဂျလိစ်မြို့မှာ ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့ကနေ ၁၂ရက်နေ့အတွင်း နှင်းများထူထပ်စွာ ကျရောက်ခဲ့ပြီး ဇန်န၀ါရီလ ၁၀ ရက်နေ့မှာတော့ Lida လမ်းတစ်ခုလုံး နှင်းတွေဖုံးလွှမ်းနေပြီး ကားပါကင်မှာရှိတဲ့ ကားတွေပေါ်က နှင်းထုက ရေခဲတွေဖြစ်နေတာကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒီပုံတွေကို ဇန်န၀ါရီ ၁၀ ရက်နေ့ထုတ် Los Angeles Times သတင်းစာမှာ ဖော်ပြခဲ့ပြီး မှတ်တမ်းဝင်တဲ့ နှင်းထူထပ်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ လူအရပ်တစ်ဝက်နီးပါးထူထပ်ခဲ့တဲ့ နှင်းထုကြီးကို မြို့နေလူထုက နှင်းလူရုပ်ထုတွေနဲ့ နှင်းခဲကြီးတွေအဖြစ် ပြုလုပ်ဆော့ကစားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အနေအထားပေါ်မှာ ၀မ်းသာအားရဖြစ်နေတဲ့ မြို့ခံလူထုကြောင့် Snowman ရုပ်ထုတွေလည်း နေရာအနှံ့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ကားတွေရဲ့ စက်ပိုင်းဆိုင်ရာတွေ ချို့ယွင်းခဲ့ပြီး ခရီးသွားလာမှုဆိုင်ရာအပိုင်းတွေမှာတော့ နှောင့်နှေးခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တစ်ခုပါပဲ။ Los Angeles အနေနဲ့ ပုံမှန်ဆိုရင် နှင်းထူထပ်စွာကျလေ့ရှိတဲ့ နေရာတစ်ခုမဟုတ်ဘဲ နှစ်ပေါင်းများစွာကြာမှသာ တစ်ခါတစ်ရံ နှင်းကျလေ့ရှိပြီး ကျခဲ့ရင်လည်း နှင်းမုန်တိုင်းသဘော ဒါမှမဟုတ် စံချိန်တင်နှင်းထုဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။



NATIONAL HUMAN TRAFFICKING AWARENESS DAY(Jan 11)





              ဇန်န၀ါရီလ ၁၁ရက်နေ့ကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့လို့ ဆိုရမှာပါပဲ။ နှစ်စဉ်တိုင်းရဲ့ ဇန်န၀ါရီလကို လူကုန်ကူးမှုတိုက်ဖျက်ရေးလအဖြစ် သတ်မှတ်ပြီး ဒီလထဲမှာ အထိမ်းအမှတ်နေ့လေးတွေကို NGO အဖွဲ့အစည်းတွေနဲ့အစိုးရတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ကြရာကနေ ဇန်န၀ါရီလ ၁၁ရက်နေ့တိုင်းကို  NATIONAL HUMAN TRAFFICKING AWARENESS DAY အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ လူကုန်ကူးမှုရဲ့ ကျေးကျွန်တွေထဲမှာ အိမ်အကူတွေ၊ တစ်ဖက်နိုင်ငံကို ရောင်းစားခံရသူတွေ၊ ကလေးသူငယ်တွေ နဲ့ တစ်ခြားအကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံရမှန်းမသိ ခံလိုက်ရသူတွေကို အသိပညာပေးဝေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့လေးကို သတ်မှတ်ကျင်းပတာဖြစ်ပါတယ်။ အမေရိကမှာတော့ ဒီနေ့လေးကို ၂၀၀၇ ခုနှစ်ကနေ စတင်ကျင်းပခဲ့ပြီး ဒီနေ့မှာ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ၊ ဆိုရှယ်မီဒီယာကနေတစ်ဆင့် အသိပညာပေးမှုတွေနဲ့ လူထုပါဝင်တဲ့ လှုပ်ရှားမှုလေးတွေကို ပြုလုပ်ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။



NATIONAL CURRIED CHICKEN DAY(Jan 12)





               နှစ်စဉ်တိုင်းရဲ့ ဇန်န၀ါရီ ၁၂ရက်နေ့ကိုတော့ ကြက်သားဟင်းပွဲတော်နေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိကြပါတယ်။ တကယ့် ကြက်သားဟင်းအစစ်ကို ချက်ပြုတ်မယ်ဆိုရင် ကြက်သားကို ထောပတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ တစ်ခြား ဟင်းခတ်အမွှေးအကြိုင်တွေထည့်ထားတဲ့ ဆော့စ်ထဲမှာ အရည်ခန်းပြီး ကပ်တဲ့အထိ ချက်ပါလို့ ဆိုထားပါတယ်။ အကယ်၍ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကြိုက်တယ်ဆိုရင်လည်း ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်တဲ့။  အမေရိကမှာဆိုရင် ကြက်သားဟင်းလျာက အရေးပါတဲ့ ဟင်းလျာတစ်ခုဖြစ်ပြီး Country Captain Chicken လို့လူသိများပါတယ်။ နောက်ပိုင်းမှာတော့ ကြက်သားဟင်းလျာကို ထမင်းနဲ့စားတာဖြစ်စေ၊ အာလူးကဲ့သို့သော အရန်ဟင်းလျာတွေနဲ့ တွဲဖက်ချက်ပြုတ်ပြီးတော့ပဲ ဖြစ်စေ စားသုံးမှုရှိလာကြပါတယ်။ ဒါပေမယ့် ဒီနေ့လေးကို ဘယ်သူက စတင်သတ်မှတ်ခဲ့တယ်ဆိုတာကိုတော့ မသိရှိရပါဘူး။



 



NATIONAL STICKER DAY(Jan 13)





            National sticker day ကိုတော့နှစ်စဉ် ဇန်န၀ါရီ ၁၃ရက်နေ့တိုင်းမှာ သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ ဒီနေ့မှာ စတစ်ကာတွေ ပိုမိုကပ်လေ့ရှိပြီး စတစ်ကာတိုင်းမှာ သက်ဆိုင်ရာသမိုင်းကြောင်းတွေ ရှိကြတယ်လို့ အနောက်တိုင်းသားတွေက ယူဆကြတာဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်ဝန်းကျင်မှာ ဥရောပတိုင်းသားကုန်သည်တွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်မှုပြုလုပ်ရာမှာ အမှတ်အသားရှိစေဖို့အတွက် စတစ်ကာတွေကို စတင်ကပ်ခဲ့ကြတယ်လို့ သိရပါတယ်။ Label တွေကို ကပ်ပြီး ပစ္စည်းတွေကို ခွဲခြားရာကနေ စတစ်ကာရယ်လို့ ခေါ်တွင်လာကြတာလည်း ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ရောက်တဲ့အခါမှာတော့ Sticker တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာ တွေ့ရပါတယ်။ အစပိုင်းမှာ တံဆိပ်ခေါင်းကဲ့သို့သော ကပ်ခွာပုံစံအသုံးပြုခဲ့ကြပြီး နောက်ပိုင်းမှာတော့ အကြိမ်ကြိမ်ကပ်လိုက်ခွာလိုက် အလွယ်တကူပြုလုပ်လို့ရတဲ့ စတစ်ကာတွေကို အသုံးပြုလာနိုင်ခဲ့ပါတယ်။ ဒီလိုစတစ်ကာတွေကို စတင်တီထွင်ခဲ့တဲ့ R. Stanton Avery မွေးဖွားခဲ့တဲ့ ဇန်န၀ါရီလ ၁၃ရက်နေ့ကို အစွဲပြုပြီး Sticker Day အဖြစ်သတ်မှတ်ကျင်းပနေကြတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကပ်ခွာစတစ်ကာတွေအပြင် ဆိုရှယ်မီဒီယာတွေမှာပါ စတစ်ကာလေးတွေကို အသုံးပြုနေကြပြီဖြစ်ပါတယ်။



Make Your Dream Come True Day(Jan 13)





              လူတိုင်းမှာ တစ်နေ့ကျရင် ဘာဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဒီအိပ်မက်တွေ အမှန်တကယ်ဖြစ်လာစေမယ့်နေ့ရက်တစ်ရက်ကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ Make Your Dream Come True Day ပါပဲ။ နှစ်စဉ် ဇန်န၀ါရီလ ၁၃ရက်နေ့မှာ ကျရောက်လေ့ရှိတဲ့ ဒီနေ့လေးက နှစ်တစ်နှစ်ရဲ့အစတစ်ဖန်ပြန်ရောက်ချိန်မှာ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားတင်းတဲ့နေ့ရက်လို့လည်း ဆိုရမှာပါ။ ဒီနေ့မှာ နှစ်တစ်နှစ်အတွက် ရည်မှန်းချက်ပန်းတိုင်တွေကို သတ်မှတ်မယ်၊ ဒီကနေတဆင့် တကယ်ဖြစ်တည်လာတဲ့အထိ ကြိုးပမ်းစေဖို့ ရည်ရွယ်ပြီး ဒီနေ့လေးဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ တစ်ချို့သောသူတွေက သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လမ်းလွဲလိုက်ပြီး အမှားအယွင်းတွေကိုပြုလုပ်တတ်ကြပါတယ်။ ဒီလိုအပြုအမူတွေက အမှန်တကယ် အောင်မြင်တာမျိုးမဟုတ်ဘဲ အိပ်မက်တွေကို အမှန်တကယ်အောင်မြင်ဖို့ဆိုရင် စိတ်ဓါတ်ကြံ့ခိုင်မှု၊ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေရှိသင့်တယ်လို့လည်း ဆိုထားပါတယ်။ ကဲ သင့်မှာရော ဘယ်လိုစိတ်ကူးအိပ်မက်တွေရှိနေပါသလဲ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တာလား၊ ဒါမှမဟုတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ချင်တာပါလား။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားသိပြီး အသက်အရွယ်ရှိတုန်းကြိုးစားမယ်ဆိုရင် သင်ဖြစ်ချင်နေတဲ့ အိပ်မက်တွေက တစ်နေ့မှာ အကောင်အထည်ပေါ်လာပါလိမ့်မယ်တဲ့။ ကဲ သင့်အိပ်မက်တွေကို အကောင်အထည်ပေါ်စေမယ့် Make Your Dream Come True Day မှာ ပါဝင်လိုက်ကြပါစို့။



International Kite day(Jan 14)





              နှစ်စဉ်တိုင်းရဲ့ ဇန်န၀ါရီလ ၁၄ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ စွန်လွှတ်တဲ့နေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိကြပါတယ်။ ဒီနေ့ခေတ်မှာ စွန်ကို အရောင်စုံ၊ အရွယ်စုံ ၊ ပုံစံစုံ ပြုလုပ်လွှတ်တင်လာကြပြီး စွန်အလှပြပြိုင်ပွဲတွေလည်း ပေါ်ပေါက်လာနေပြီပဲ ဖြစ်ပါတယ်။ အရှေ့ပိုင်းအချိန်တွေမှာတော့ ဒီနေ့ခေတ်လိုဆိုရှယ်မီဒီယာတွေ ရုပ်မြင်သံကြားအစီအစဉ်တွေ မထွန်းကားသေးတာကြောင့် အပန်းဖြေအနားယူတဲ့အချိန်မှာ စွန်လွှတ်လေ့ရှိတဲ့ အလေ့အထတစ်ခု ခေတ်စားခဲ့ပါသေးတယ်။ စွန်တစ်ခုနဲ့တစ်ခု အပြိုင်လွှတ်တာ၊ စွန်အချင်းချင်း ဖြတ်ပစ်ပြီး ပြတ်သွားတဲ့စွန်နောက်လိုက်ခဲ့ကြတဲ့ အချိန်တွေကလည်း ရှိခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်မှာတော့ ပွဲတော်နေ့တွေလောက်သာ စွန်လွှတ်တာမျိုးရှိတော့တာကိုလည်း တွေ့ရပါတယ်။ International Kite Day ကို အိန္ဒိယနိုင်ငံကနေ စတင်ခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့မှာ စွန်လွှတ်ပြိုင်ပွဲနဲ့ စွန်အလှပြိုင်ပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Uttarayan လို့ခေါ်တဲ့ စွန်အလှပြိုင်ပွဲတွေမှာ ကမ္ဘာအနှံ့က စွန်ချစ်သူတွေ ပါဝင်ယှဉ်ပြိုင်ကြပြီး UK ၊ ကနေဒါ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ USA ၊ မလေးရှား၊ စင်ကာပူ၊ ပြင်သစ်၊ တရုတ် အစရှိတဲ့နိုင်ငံကသူတွေပါ လာရောက်ယှဉ်ပြိင်လေ့ရှိတယ်လို့ သိရပါတယ်။



NATIONAL DRESS UP YOUR PET DAY(Jan 14)





             နှစ်စဉ် ဇန်န၀ါရီလ ၁၄ရက်နေ့တိုင်းဟာ ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်အချစ်တော်လေးတွေကို အ၀တ်အစားတွေ ၀တ်ဆင်ပေးတဲ့နေ့ပါတဲ့။ အရင်ခေတ်ကလိုမျိုး ဆိုရင်တော့ ဒီနေ့လေးက ထူးခြားမှာ မှန်ပေမယ့် ဒီ ဘက်ခေတ်မှာတော့ လူတော်တော်များများက သူတို့ရဲ့ အချစ်တော် ခွေး၊ ကြောင်လေးတွေကို နေ့တိုင်းလိုအ၀တ်အစားအသစ်အဆန်းလေးတွေ ၀တ်ဆင်ပေးနေလို့ သိပ်မထူးခြားတော့ပါဘူး။ အဲတစ်ခုတော့ရှိတယ်၊ သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးက အ၀တ်အစားဝတ်ရတာကို မနှစ်သက်တဲ့သူဆိုရင်တော့ ဒီနေ့လိုနေ့မျိုးမှာ ၀တ်ဆင်ပေးပြီး အပြင်ထွက်လည်လိုက်ပါတဲ့။ ဘာလို့လည်း ဆိုတော့ ဒီနေ့က သူတို့တွေအတွက် Special day မို့လို့ပါပဲ။ ဒါပေမယ့်တစ်ခုသတိထားရမှာက ကိုယ်ဝတ်ပေးတဲ့ အ၀တ်အစားက သူတို့နဲ့ အဆင်ပြေပြီး တော်ဖို့တော့လိုပါတယ်၊ ကျပ်နေမယ်ဆိုရင်သင့်ရဲ့ အချစ်တော်လေး အသက်ရှုကျပ်တာမျိုး နာကျင်တာမျိုးဖြစ်နိုင်လို့ပါတဲ့။ National Dress up Your Pet day ကို Pet Lifestyle Expert နဲ့ Animal Behaviorist တစ်ဦးဖြစ်တဲ့ Colleen Paige က ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ သင့်ရဲ့ အိမ်မွေးအချစ်တော်လေးတွေကို အ၀တ်အစားလှလှလေးဝတ်ပေးပြီး ဓါတ်ပုံရိုက်၊ ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ပါလို့ အကြံပြုထားပါတယ်။



Wikipedia Day(Jan 15)



             ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ဘယ်လိုအရာကိုမဆို ရှာဖွေနိုင်မယ့် Wikipedia ဆိုတဲ့ ၀က်ဘ်ဆိုက်ကို စတင်ခဲ့ပါတယ်။ ဒီနေ့ကို online မှာရော offline မှာ ပါ ကျင်းပလေ့ရှိကြပြီး ၂၀၁၁ ခုနှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့အဖြစ် စတင်ကျင်းပခဲ့တာ တွေ့ရပါတယ်။ ဒီနေ့မှာ wiki အတွက် အချက်အလက်ပံ့ပိုးသူတွေ တွေ့ဆုံကြပြီး တစ်ခြား Wiki-events တွေကိုလည်း ကျင်းပကြတယ်လို့ သိရပါတယ်။



Hat Day(Jan 15)





          နှစ်တိုင်းရဲ့ ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ထူးခြားတဲ့နေ့လေးတစ်ရက် ရှိနေပါသေးတယ်။ ဒါကတော့ ဦးထုပ်တွေကို ကိုယ်စားပြုထားတဲ့ Hat Day ပါပဲ။ ဦးထုပ်တွေကို ၃၀၀၀ ဘီစီလောက်ကတည်းက စတင်အသုံးပြုခဲ့ကြပြီး အဲဒီအချိန်ကတော့ မိုးရွာတာ၊အေးတာ၊ နေပူတာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင်ရှေးခေတ် နန်းတွင်းက သူတွေနဲ့ တော်ဝင်မိသားစုတွေကလည်း ဦးထုပ်ကို တော်ဝင်အသုံးအဆောင်တစ်ခုအဖြစ် သတ်မှတ်အသုံးပြုကြပြီး ဦးထုပ်ရဲ့ ပုံသဏ္ဍာန်ပေါ်မူတည်ပြီး ရာထူးခွဲခြားသိရှိနိုင်တဲ့ပုံစံမျိုးလည်း ရှိခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေတ်တွေပြောင်းလဲခဲ့ပေမယ့် လက်ရှိအချိန်အထိ ဦးထုပ်တွေက ခေတ်စားနေဆဲပါပဲ။ အဓိကကတော့ ဦးခေါင်းပိုင်းကို မထိခိုက်အောင် ကာကွယ်လိုရင်းဖြစ်ပြီး ဒီလိုအသုံးဝင်လှတဲ့ ဦးထုပ်ကို နေ့ရက်တစ်ရက် သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ဇန်န၀ါရီ ၁၅ရက်နေ့ရောက်ရင် ဦးထုပ်ဆောင်းဖို့မမေ့နဲ့ဦးနော်။



Strawberry Ice Cream Day(Jan 15)





               ရေခဲမုန့်ကို လူတော်တော်များများကြိုက်နှစ်သက်ကြပြီး ဒီထဲကမှ စတော်ဘယ်ရီရေခဲမုန့်ကိုမှ ကြိုက်နှစ်သက်သူတွေလည်း ရှိကြပါတယ်။ ဇန်န၀ါရီ ၁၅ရက်နေ့က စတော်ဘယ်ရီရေခဲမုန့်နေ့ဖြစ်တာကြောင့်  ဒီနေ့မှာ စတော်ဘယ်ရီရေခဲမုန့် ၀ယ်စားပြီး ပါဝင်ဆင်နွှဲလိုက်ရအောင်လို့ အကြံပေးထားပါတယ်။ အအေးကို နှင်းထဲမှာ ထားပြီး ရေခဲချောင်းပုံစံလုပ်စားလေ့ရှိတဲ့ အလေ့အထက တရုတ်နိုင်ငံမှာ ၃၀၀၀ ဘီစီလောက်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ တရုတ်လူမျိုးတွေအနေနဲ့ သူတို့အိမ်ကိုလာတဲ့ဧည့်သည်တွေကို ဧည့်ခံဖို့ အသီးစုံရောနှောထားတဲ့ ဖျော်ရည်တွေကို နှင်းထဲမှာထားပြီး ရေခဲချောင်း၊ ရေခဲမှုန်အဖြစ် ပြုလုပ်တာကနေ ရေခဲမုန့် စတင်ဖြစ်ပေါ်တာတယ်လို့ သိရပါတယ်။ ဇန်န၀ါရီ ၁၅ရက်နေ့ကတော့ ရေခဲမုန့်တွေထဲကမှ စတော်ဘယ်ရီရေခဲမုန့်ရဲ့ နေ့ရက်တစ်ရက်ဖြစ်လို့ ရေခဲမုန့်လေး ၀ယ်စားပြီး ပါဝင်ဆင်နွှဲလိုက်ရအောင်ပါလား။



International Hot and Spicy Food Day(Jan 16)





                         အပူအစပ်တွေကြိုက်တဲ့သူတွေအတွက် နှစ်သက်စေမယ့် နေ့လေးတစ်နေ့ရှိနေပါတယ်။ ဒါကတော့ International Hot and Spicy Foods Day ပါပဲ။ ဒီနေ့မှာ အပူအစပ်နဲ့ ငရုတ်သီးများများပါတဲ့ ဟင်းလျာတွေကို စားသောက်လေ့ရှိကြပြီး ငရုတ်သီးအရောင် အ၀တ်အစားတွေ၊ ငရုတ်သီးရုပ်ပုံပါတဲ့ အ၀တ်အစားတွေ ၀တ်ဆင်လေ့ရှိကြပါသေးတယ်။ ပြီးတော့ ဒီနေ့မှာပဲ အစပ်စားပြိုင်ပွဲလိုမျိုးတွေလည်း ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။



ဘုရင့်နောင်မင်းတရားကြီးအဖြစ်အစပြုခဲ့တဲ့ ဇန်န၀ါရီလ ၁၂ရက်နေ့





             မြန်မာ့သမိုင်းမှာ နာမည်ကျော်မင်းတစ်ပါးဖြစ်ခဲ့တဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာကို ၁၅၅၄ ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့မှာ မင်းအဖြစ် အပ်နှင်းခဲ့ကြပါတယ်။ သူဟာ ယခင်က Pegu လို့ခေါ်ဆိုပြီး ယနေ့ခေတ်မှာ Bago လို့အမည်တွင်တဲ့ မြို့မှာပဲ မင်းအဖြစ်ကို ခံယူခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်ရေး မငြိမ်မသက်ဖြစ်နေစဉ်မှာ မင်းအဖြစ်ရရှိခဲ့သူဖြစ်ပြီး အာဏာပြင်းထန်တဲ့ မင်းတစ်ပါးအဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရပါတယ်။ တစ်ခြားနိုင်ငံတွေက ကျူးကျော်သူတွေနဲ့ ပြည်တွင်းပုန်ကန်သူတွေကို စစ်ပေါင်းများစွာ ဆင်နွှဲအနိုင်ယူခဲ့ပြီး သူ့ရဲ့အာဏာကို ချဲ့ထွင်ခဲ့တယ်လို့ သိရပါတယ်။ မင်းအဖြစ်ကိုရရှိပြီးတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ အင်ပါယာကို ချဲ့ထွင်ခဲ့သူလည်းဖြစ်ပါတယ်။ ပထမဦးစွာ ရှမ်းပြည်နယ်ဘက်ကို အာဏာချဲ့ထွင်ခဲ့ပြီး အင်အားကြီးမားလှတဲ့ ထိုင်းနိုင်ငံနယ်မြေတစ်ချို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ သူ့လက်ထက်မှာ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးနိုင်ငံအဖြစ် သမိုင်းဝင်စေခဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာထွန်းကားရေးကိုလည်း အကြီးအကျယ်လုပ်ဆောင်ခဲ့သူတစ်ဦးပါပဲ။ ၁၅၈၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ၊ သက်တော် ၆၅နှစ်အရွယ်မှာ ကံကုန်ခဲ့ပါတယ်။ သူ့ရဲ့ အရိုက်အရာကို သားအကြီးဆုံးဖြစ်တဲ့ နန္ဒမင်းသားက ဆက်ခံခဲ့ပြီး သူ့လက်ထက်မှာတော့ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တောင်ငူအင်ပါယာကြီး ပြိုကွဲခဲ့ရပါတယ်။



Mickey Mouse ဆိုတဲ့ကာတွန်းရုပ်လေးကို စတင်မိတ်ဆက်ခဲတဲ့ ဇန်န၀ါရီ ၁၃ရက်နေ့



             ၁၉၃၀ ဇန်န၀ါရီလ ၁၃ရက်နေ့မှာ ဒီနေ့ခေတ်ရဲ့ ကလေး၊ လူကြီးအားလုံး ချစ်ခင်နှစ်သက်ရတဲ့ Mickey Mouse ကာတွန်းဇာတ်ကောင်လေး စတင်ပေါ်ထွက်လာခဲ့ပါတယ်။ Walt Disney အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အင်ပါယာကို မတည်ထောင်ခင်က သူပိုင်တဲ့ ကာတွန်းစတူဒီယိုက ရုန်းကန်နေရပြီး Universal Studios ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်ပါတယ်။ ယူနီိဗာဆယ် စတူဒီယိုဘက်ကနေ ဘတ်ဂျက်အငြင်းပွားမှုဖြစ်ပြီးချိန်မှာတော့ Disney က လက်မဲ့အနေနဲ့ ထွက်ခွာခဲ့ရပါတယ်။ ဒီအချိန်မှာပဲ Disney အနေနဲ့ လူကဲ့သို့လှုပ်ရှားတတ်တဲ့ ကြွက်  ကာတွန်းဇာတ်ကောင်လေးကို ဖန်တီးထားပြီး Micky လို့ အမည်ပေးထားပါတယ်။ ၁၉၃၀ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာတော့ Micky ဇာတ်ကောင်လေးကို သတင်းစာကာတွန်းဇာတ်ကောင်အနေနဲ့ လူထုကြားချပြလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ Micky Mouse ဇာတ်ကောင်လေးနဲ့ ပတ်သက်တဲ့ ကာတွန်းစီးရီးတွေ များစွာထွက်ပေါ်လာခဲ့ပြီး Disney ကိုအောင်မြင်စေခဲ့တာပဲဖြစ်ပါတယ်။



                                                                                                                     MK