contents

သတင်းများ

နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့

နေ့ရက်:
Jan 5, 2018


အမျိုးအစား :
အခြား
Lotayamm

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးစတင်ရရှိခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ယခု ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၀) တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။



နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အထိမ်းအမှတ် မုခ်ဦး



၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်နေ့ နှစ် (၇၀) ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကိုတော့ ရန်ကုန် မြို့တော်ခန်းမရှေ့မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မနက် ၄ နာရီမှာအစီစဉ်စတင်ကာ ၄ နာရီ မိနစ် ၂၀ မှာတော့ အလံတင်အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။



လွတ်လပ်ရေးနေ့ သမိုင်းကြောင်းအကျဉ်းချူပ်



ကဲ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀) ကိုခဏပြန်သွားပြီး သမိုင်းကြောင်း အကျဉ်းချူပ် ကိုတစေ့တစောင်းလေ့လာကြည့်ကြရအောင်လားဗျာ။





ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်



လွတ်လပ်ရေးရရှိမဲ့ ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ဟာ အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီအစိုးရလက်အောက်မှာ သူ့ကျွန်ဘဝကျရောက်နေခဲ့တာ အောက်မြန်မာပြည်ဟာ ၁၂၃ နှစ်ရှိပြီဖြစ်ပြီး အထက်မြန်မာပြည်ကတော့ ၆၃ နှစ်သက်တမ်းရှိခဲ့တဲ့အချိန်ပါ။ အဲ့လိုဆယ်စုနှစ်ပေါင်းများစွာ တိုင်းတပါးအုပ်ချူပ်မှုလက်အောက်မှာနေခဲ့ရတဲ့ ပြည်သူပြည်သားတွေအားလုံး လွတ်လပ်ရေးရတော့မယ်ဆိုတဲ့ မင်္ဂလာသတင်းကိုကြားခဲ့ရတဲ့အချိန်တွေဟာ ဘယ်လောက်တောင်ပျော်ရွှင်ကြမလဲဆိုတာ မမှန်းဆနိုင်အောင်ပါပဲ။



၁၉၄၈ ရဲ့ ဇန်နဝါရီလ ၄ ရက် မနက်ပိုင်း ၄ နာရီ ၂၀ မိနစ်မှာတော့ ရန်ကုန်ဆိပ်ကမ်းမှာရှိတဲ့ ဘာမင်ဟမ် စစ်သင်္ဘောကြီးက အမြှောက်တွေ ပစ်ဖောက်ပြီးပြီးခြင်း မှာပဲ တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့မှာရှိတဲ့ ဗြိတိသျှအစိုးရရဲ့ သင်္ကေတဖြစ်တဲ့ ယူနီယံဂျက်အလံကိုဖြုတ်ချပြီး ပြည်ထောင်စုမြန်မာနိုင်ငံအလံကို လွှင့်တင်ခဲ့ကြပါတယ်။ တစ်ဆက်တည်း ၄ နာရီ ၄၅ မိနစ်အချိန်မှာတော့ နိုင်ငံတော်အာဏာလွှဲပြောင်းခြင်း အစီစဉ်ကို လွှတ်တော်အစည်းအဝေးခန်းမမှာဆက်လက်ကျင်းပခဲ့ကြပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်ကို ယာယီပါလီမန်အဖြစ် အသွင်ပြောင်းခဲ့ပြီး ညောင်ရွှေစော်ဘွားကြီး ဦးစဝ်ရွှေသိုက်က ယာယီသမ္မတအဖြစ်၎င်း၊ ဦးနုက ယာယီဝန်ကြီးချူပ်အဖြစ်၎င်း တာဝန်ထမ်းဆောင်ရန် သတ်မှတ်ခဲ့ကြပါတယ်။



မနက် ၆ နာရီ ၃၀ မိနစ်မှာတော့ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ရဲ့ အိမ်တော်မှာ အာဏာလွှဲပြောင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီး မနက် ၈ နာရီ ၂၀ မိနစ်မှာ ဘုရင်ခံနှင့် ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောကြီးနဲ့ပဲ ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် မြန်မာပြည်မှ အပြီးအပိုင်ထွက်ခွာသွားခဲ့ကြပါတယ်။



၁၉၄၈ ခုနှစ် ရဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ ယခု မဟာဗန္ဓုလပန်းခြံတွင် လက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကြီးအတွက် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်အုတ်မြစ်ချခဲ့ကြပါတယ်။ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်တည်ပေးပြီး လူထုနှင့်အတူ ရွတ်ဆိုခဲ့ကြတာပါ။



လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးရဲ့ အခြေပတ်လည်



ယခု ယခု မဟာဗန္ဓုလပန်းခြံထဲမှာရှိတဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်” လို့ ကမ္ပည်းထိုးထားတဲ့ ခန့်ညားလှတဲ့ ကျောက်တိုင်ဖြူကြီးကို ၁၉၅၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြတာပါ။ ကျောက်တိုင်ကြီးရဲ့ အခြေပတ်လည်မှာတော့ လွတ်လပ်ရေးကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နုရဲ့ ပါလီမန်မိန့်ခွန်းနှင့် လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့ကို ရေးထိုးထားတာမို့လို့ ဗဟုသုတအလို့ငှာသွားရောက်ဖတ်ရှုဖို့တိုက်တွန်းပါရစေ။



လွတ်လပ်ရေးနေ့ အားကစားပွဲများနှင့်ပျော်ပွဲရွှင်ပွဲများ



ဒီနှစ် ၂၀၁၈ ခုနှစ် ရဲ့ နှစ် (၇၀) ပြည့်အခမ်းအနားမှာလဲ လွတ်လပ်ရေးနေ့ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် အားကစားပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို လူတိုင်းနီးပါးပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။



ဘယ်လိုတွေဆင်နွှဲကြခဲ့သလဲဆိုတာ လိုတရပရိတ်သတ်ကြီးတို့ ရှုစားရအောင် တင်ပြလိုက်ရပါတယ်ဗျာ။



မဟာဗန္ဓုလပန်းခြံရှေ့မှာ ပျော်ပွဲရွှင်ပွဲများကျင်းပ



ခေါင်းအုံးရိုက် ပြိုင်ပွဲကျင်းပရန်ပြင်ဆင်ထား



ဤသို့စည်စည်ကားကား



အမျိုးသမီးများ လွန်ဆွဲပွဲဆင်နွှဲနေပုံ



ကလေးများ ဘောလုံးဖောက်ပွဲဆင်နွှဲ



လူကြီးတွေလဲအပြေးပြိုင်ကြ



အရင်ပန်းဝင်နိုင်တဲ့သူ ဆုကြေးရမယ်ဟေ့



နိုင်ငံပိုင်သယ်ယူပို့ဆောင်ရေး ယာဉ်တွေမှာ မြန်မာနိုင်ငံတော်အလံကို ကားဦးမှာတပ်ပြီးဂုဏ်ပြု



ကြက်တောင်ရိုက်ပြိုင်ပွဲ



ဝင်ပြိုင်ချင်သူတွေတန်းစီကြမယ်.. အနိုင်ရရင် မုန့်တွေရမှာနော့





ဒါကတော့ သံပုံးရိုက်ပြိုင်ပွဲ (သံပုံးရှာမရလို့ စက္ကူပုံးအစားထိုးထား)





စက္ကူပုံးကိုထိအောင်ရိုက်နိုင်တဲ့သူအနိုင်ပဲနော်



ရပ်ကွက်အလိုက်ပြိုင်ပွဲလေးတွေမှာလဲ ဒီလို သောင်းသောင်းဖျဖျ အားပေးကြ



သံပုံးကိုမရိုက်ပဲ လူကိုသွားရိုက်နေ





ထိပြီကွား.. ဆုတွေယူဖို့သာပြင်ထားတော့



ဒါကတော့ မြို့နယ်အလိုက်အမျိုးသား လွန်ဆွဲပွဲ



ရပ်ကွက်အလိုက်ဘောလုံးပြိုင်ပွဲတွေလဲလုပ်ခဲ့ကြသေးတယ်



ပျော်ပွဲရွှင်ပွဲတွေကတော့ အစုံပါပဲ။ မုန့်စားပြိုင်ပွဲ၊ အုန်းသီးပစ်ပွဲ၊ ထုတ်စီးထိုးပွဲ၊ ချောတိုင်တိုက်ပွဲ အများကြီးမှအများကြီး။



ဘယ်လိုပဲဖြစ်ပါစေ လွန်ခဲ့သော နှစ်ပေါင်း (၇၀) က စပြီးရခဲ့တဲ့လွတ်လပ်ရေးကြီးကတော့ ယနေ့တိုင်ပြည်သူတွေကို ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးနေဆဲပါပဲ။



လိုတရ ပရိသတ်အားလုံးလဲ ပျော်ရွှင်ဖွယ်နေ့လေးတွေပိုင်ဆိုင်နိုင်ပါစေဗျာ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။