Lotayamm

search
မာတိကာ

contents

သတင်းများ

ဇန်န၀ါရီလ ၃ရက်မှ ၉ရက်အတွင်းမွေးဖွားသည့် ထင်ပေါ်ကျော်ကြားသူအချို့

နေ့ရက်:
Jan 2, 2018


အမျိုးအစား :
အခြား
Lotayamm

Lee Wan(Jan 3)



           တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Lee Wan ကို ၁၉၈၄ ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အသက် ၃၄နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကလေးဘ၀မှာကတည်းက အမဖြစ်သူ Kim Tae-Hee(အဆိုတော် Rain ရဲ့ အမျိုးသမီး) နဲ့အတူတူ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့သလို တေးဂီတဗီဒီယို တော်တော်များများမှာလည်း ပါဝင်ခဲ့သူတစ်ဦးပါပဲ။ အမဖြစ်သူ နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Stairway to Heaven’ အချစ်လှေကားထစ်လေးများ ဇာတ်ကားကလည်း သူ့ကို မှတ်တိုင်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့နောက်ပိုင်းမှာ ကလေးသရုပ်ဆောင်ကနေ လူကြီးသရုပ်ဆောင်အဖြစ်ပြောင်းလဲလက်ခံလာကြပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတော်တော်များများရိုက်ကူးခဲ့တာတွေ့ရပါတယ်။ တောင်ကိုရီးယား ဇာတ်လမ်းတွေမှာ သာမကပဲ ဂျပန်ဇာတ်ကားတွေမှာလည်း သူ့ကိုအဓိက ဇာတ်ကောင်နေရာကနေ ကမ်းလှမ်းရိုက်ကူးခဲ့ကြပါသေးတယ်။ ‘Tree of Heaven’ ဆိုတဲ့ ကိုရီးယား-ဂျပန် ဖက်စပ် ဇာတ်လမ်းတွဲမှာလည်း Lee Wan ရယ်လို့ လူသိများခဲ့ပြီး SBS နဲ့ KBS ရုပ်သံဆုပေါင်းများစွာကို ချီးမြှင့်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး လူသိမခံသူတစ်ဦးဖြစ်ပြီး တွဲဖက်ရိုက်ကူးခဲ့တဲ့ မင်းသမီးတော်တော်များများနဲ့ တွဲခဲ့တယ်လို့တော့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမဖြစ်သူ Kim Tae-Hee နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိဘဲ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်လည်း Kim Tae-Hee ရဲ့ လွှမ်းမိုးမှုတွေ ရှိမှာစိုးလို့ ကိုယ်ပိုင်စတိုင်နဲ့ပဲ သရုပ်ဆောင်ဖြစ်တာများတယ်လို့ သိရပါတယ်။



Sir Isaac Newton(Jan 4)              ဇန်န၀ါရီ ၄ရက်နေ့မှာ မွေးဖွားသူတစ်ဦးကတော့ ရူပဗေဒနဲ့ သင်္ချာပညာရှင်ကြီး Sir Isaac Newton ပါပဲ။ ၁၆၄၃ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၈၄နှစ်အရွယ် ၁၇၂၇ မတ်လ ၃၁ရက်နေ့မှာ သေဆုံးခဲ့တယ်လို့သိရပါတယ်။ သိပ္ပံပညာရှင်တွေကြားမှာ အထူးထင်ရှားသူဖြစ်ပြီး ကမ္ဘာမြေဆွဲအားနဲ့ပတ်သက်တာတွေ၊ Motion နဲ့ပတ်သက်တဲ့ ဖော်မြူလာတွေကို အခြေခံကျကျ လက်တွေ့ပြနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူက ကျောင်းထွက်ပြီး  လယ်သမားတစ်ဦးဖြစ်စေချင်ခဲ့ပေမယ့် သူတက်နေတဲ့ ကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ ကျေးဇူးနဲ့ ကျောင်းပြီးဆုံးအောင် တက်နိုင်ခဲ့ပါတယ်။ Gottfried Leibniz နဲ့ ပူးပေါင်းပြီး calculus တွက်နည်းတွေ တီထွင်ခဲ့သလို ခေတ်သစ်သင်္ချာ တွက်ချက်နည်းတွေကိုလည်း တီထွင်ပြီး စာအုပ်အဖြစ် ပြုစုနိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမမွေးခင် ၃လအလိုမှာကတည်းက ဖခင်သေဆုံးခဲ့တာဖြစ်ပြီး မိခင်ရဲ့ နောက်အိမ်ထောင်ကနေ မွေးဖွားတဲ့ ညီမ ၂ဦး၊ ညီ ၁ဦးရှိခဲ့ပါတယ်။ အိုင်းစတိုင်းရဲ့ စာကျက်ခန်းနံရံမှာ newton ရဲ့ ရုပ်ပုံကိုထားရှိခဲ့တာကြောင့် အောင်မြင်ကျော်ကြားသူ တော်တော်များများရဲ့ စံနမူနာထားရတဲ့သူ အဖြစ် သမိုင်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။





Deepika Padukone (Jan 5)              ၂၀၀၇ ခုနှစ်မှာတုန်းက နာမည်ကျော်ကြားခဲ့တဲ့ ဘောလီးဝုဒ်ဇာတ်ကား Om Shanti Om ကို ကြည့်ဖူးသူတိုင်း မင်းသမီး Deepika Padukone ကို မှတ်မိကြမှာပါပဲ။ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ မွေးဖွားခဲ့တဲ့ Deepika က ၂၀၁၈ ဇန်န၀ါရီလ ၅ရက်နေ့မှာ အသက် ၃၂နှစ်ရှိပြီဖြစ်ပါတယ်။ ကြက်တောင်ကစားသမား Prakash Padukone ရဲ့ သမီးဖြစ်တာကြောင့် ငယ်စဉ်အခါက ကြက်တောင်အားကစားသမားတစ်ဦးအဖြစ် ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူမရဲ့ ၀ါသနာအရ ကလေးမော်ဒယ်အဖြစ် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ Om Shanti Om ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီး တစ်ခြားဆုပေါင်းများစွာကိုလည်း ရရှိခဲ့ပါသေးတယ်။ သူမကို မွေးဖွားပြီး မကြာခင်မှာပဲ သူမရဲ့ မိဘတွေက ဒိန်းမတ်ကနေ အိန္ဒိယကို ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပါတယ်။ Ranveer Singh နဲ့ ချစ်သူသက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ သူမက ၂၀၁၅ ခုနှစ် ရုပ်ရှင်ဇာတ်ကား Piku မှာလည်း မင်းသားကြီး Amitabh Bachchan နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါသေးတယ်။



Rowan Atkinson (Jan 6)



           မစ်စတာ ဘင်း ဇာတ်ရုပ်နဲ့ နာမည်ကြီးလာတဲ့ မင်းသားကြီး Rowan Atkinson ကို ၁၉၅၅ ဇန်န၀ါရီ ၆ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ ၂၀၁၈ ဇန်န၀ါရီ ၆ရက်နေ့မှာ အသက် ၆၃နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ဟာသပိုင်းနဲ့ လူသိများလာခဲ့ပေမယ့် သူ့အနေနဲ့ ဇာတ်ရုပ်အစုံသရုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းကို ပြသနိုင်ခဲ့ပါသေးတယ်။ ဟာသသရုပ်ဆောင်၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးသူတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ အရယ်ရဆုံးသရုပ်ဆောင် ၅၀ ထဲမှာ ပါဝင်ခဲ့သူ တစ်ဦးပါပဲ။ မစ်စတာဘင်း အဖြစ် နိုင်ငံတော်တော်များများမှာ လူသိများခဲ့ပြီးနောက်ပိုင်း ၁၉၈၃ ခုနှစ် James Bond ရုပ်ရှင် Never Say Never Again မှာလည်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့ ငယ်စဉ်ဘ၀ကို ချာလီချက်ပလင်နဲ့ ပီတာဆဲလာ တို့က လွှမ်းမိုးခဲ့တာဖြစ်ပြီး Oxford တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရရှိထားသူဖြစ်ပါတယ်။ The Lion King ဆိုတဲ့ Disney ရုပ်ရှင်ဇာတ်ကားမှာလည်း Zazu နေရာကနေ အသံပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ၁၉၉၀ ကနေ ၂၀၁၅ ခုနှစ်အထိ မိတ်ကပ်ဆရာမ Sunestra Sastry နဲ့ လက်ထပ်ခဲ့ပြီး သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားထားပါတယ်။ ၂၀၀၁ ခုနှစ်အတွင်း နာမည်ကြီးဟာသဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့ Rat Race ရုပ်ရှင်မှာလည်း မင်းသမီးကြီး Whoopi Goldberg အပါအ၀င် သရုပ်ဆောင်ပေါင်းများစွာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။





Nicolas Cage (Jan 7)



              လူကောင်းနဲ့ လူဆိုးဇာတ်ရုပ်ကို မျက်နှာလဲလှယ်လိုက်တဲ့ပုံစံမျိုး သရုပ်ဆောင်ပြီး နာမည်ကျော်ခဲ့တဲ့ Face Off ဇာတ်ကားကို ကြည့်ဖူးမယ်ဆိုရင် ဒီကားထဲမှာ လူဆိုးဇာတ်ရုပ်နဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီး Nicolas Cage ကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားက သူနဲ့အပြိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဂျွန်ထရာဗိုလ်တာ ကိုရော သူ့ကိုပါ နာမည်ကျော်စေခဲ့တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ မင်းသားကြီး Nicolas Cage ကတော့ ၂၀၁၈ ဇန်န၀ါရီလ ၇ရက်နေ့မှာ အသက်၅၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ Leaving Las Vegas ၊ Gone in 60 Seconds ၊ The Rock ၊ National Treasure ၊ Adaptation နဲ့ Kick-ass အစရှိတဲ့ ဇာတ်ကားတွေကလည်း ၁၉၉၅ ခုနှစ်ဝန်းကျင်မှာ မင်းသားကြီးကို အောင်မြင်စေခဲ့ပြီး အကယ်ဒမီတွေလည်း ရရှိစေခဲ့ပါတယ်။ အသက် ၁၇နှစ်အရွယ်မှာ ကျောင်းဆက်မတက်တော့ပဲ Los Angeles ရုပ်ရှင်ရုံမှာ ပေါက်ပေါက်ဆုပ်ရောင်းခဲ့ပြီး UCLA ရဲ့ ရုပ်ရှင် ဖလင်သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး အနုပညာလောကထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အလုပ်တစ်ဖက်နဲ့ အနုပညာလောကထဲ ၀င်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး သူလုပ်ခဲ့တဲ့အလုပ်ပေါင်းစုံထဲမှာ ဘာဂါဆိုင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ပရက်စလေရဲ့ သမီးဖြစ်သူအပါအ၀င် အိမ်ထောင် ၃ဆက်ပြောင်းခဲ့ပြီး သား၂ဦး ထွန်းကားခဲ့ပါတယ်။

Elvis Presley (Jan 8)

            သူ့ခေတ်အခါမှာ မိန်းကလေးတိုင်းရဲ့ အသည်းစွဲဖြစ်ခဲ့သူ ရော့ခ်အဆိုတော်ကြီး Elvis Presley ကိုတော့ ၁၉၃၅ ဇန်န၀ါရီ ၈ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၇၇ အသက် ၄၂နှစ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ "The King of Rock n' Roll" အဖြစ် တင်စားခံခဲ့ရသူဖြစ်ပြီး "Hound Dog" ၊ "Jailhouse Rock" နဲ့  "Stuck on You" အစရှိတဲ့ Single သီချင်းတွေကလည်း Hit ဖြစ်ခဲ့ပါတယ်။ သူ့ထက်အရင်စောပြီးမွေးဖွားခဲ့တဲ့ အမွှာအစ်ကို Jessie Garon Presley က မွေးဖွားပြီးချိန်မှာပဲ သေဆုံးခဲ့တာဖြစ်လို့ တစ်ဦးတည်းသော ကလေးအဖြစ် ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရပြီး နေ့စဉ်ကျောင်းကို အဖော်အနေနဲ့ ဂစ်တာယူဆောင်သွားလေ့ရှိသူဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သီချင်းသီဆိုမှုအပြင် ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း နာမည်ကျော်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀ ၀န်းကျင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ love Me Tender ဆိုတဲ့ နာမည်နဲ့ပဲ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကလည်း လူကြိုက်များထင်ရှားခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်အတွင်း Priscilla Presley နဲ့ လက်ထပ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ ကွာရှင်းဖြစ်ခဲ့ကြပါတယ်။ သူ့ရဲ့ သမီးဖြစ်သူ Lisa Marie Presley ကလည်း ဒီနေ့အချိန်မှာ အဆိုတော်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

Kim Jong-un (Jan 8)

ဇန်န၀ါရီ ၈ရက်နေ့ဖွား ထင်ပေါ်ကျော်ကြားသူ နောက်တစ်ဦးကတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ပဲဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်ဖွား Kim က ၂၀၁၈ ဇန်န၀ါရီ ၈ရက်နေ့မှာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပါတယ်။ ယခင်မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း Kim Jong-il ရဲ့ သားဖြစ်ပြီးဖခင်ဖြစ်သူ သေဆုံးပြီးနောက် ၂၀၁၁ ဒီဇင်ဘာ ၁၇ ရက်နေ့ကနေစပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်စာရင်းထဲမှာ ပါဝင်ပြီး တစ်ခြား အင်အားကြီး နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဆန့်ကျင်ဘက်ပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လျှို့ဝှက်တတ်တဲ့ ထုံးစံအရ သူ့ရဲ့ ငယ်ဘ၀နဲ့ နောက်ကြောင်းကို အတိအကျသိရှိသူ မရှိပါဘူး။ ဆွစ်ဇာလန်နိုင်ငံမှာ နာမည်ဝှက်၊ ID အတုတို့နဲ့ ကျောင်းတက်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ Ri Sol-ju ဆိုသူနဲ့ လက်ထပ်ပြီး kim Ju-ae ဆိုတဲ့ သမီးတစ်ဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

Stephen Hawking (Jan 8)



                ဇန်န၀ါရီလ ၈ရက်နေ့မှာ ထင်ပေါ်ကျော်ကြားသူတွေ မွေးလေ့ရှိတယ်လို့ ဆိုရမှာပါပဲ၊ ဒီနေ့မှာ မွေးဖွားခဲ့တဲ့ ထင်ပေါ်ကျော်ကြားသူ နောက်တစ်ဦးကတော့ ရူပဗေဒပညာရှင်ကြီး Stephen Hawking ပဲဖြစ်ပါတယ်။ ၂၀၁၈ ဇန်န၀ါရီလ ၈ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်မှာဖြစ်ပြီး စကြာဝဠာဗေဒ ဆိုင်ရာ သီအိုရီတွေနဲ့ နာမည်ကျော်ကြားခဲ့သူတစ်ဦးပါပဲ။ relativity နဲ့ quantum mechanics ဆိုင်ရာ သီအိုရီတွေကလည်း သူ့ရဲ့ သက်သေပြချက်တစ်ချို့ပဲ ဖြစ်ပါတယ်။ သူုထုတ်ဝေခဲ့တဲ့ စာအုပ်တွေကလည်း ဒီနေ့အထိ ရောင်းအားအကောင်းဆုံးစာရင်းဝင်နေဆဲပါပဲ။ သူဟာ ALS ရောဂါဝေဒနာကို ငယ်ရွယ်စဉ်မှာပဲ ခံစားခဲ့ရပြီး Lou Gehrig ရောဂါလို့လူသိများတဲ့ ဒီရောဂါဝေဒနာရှင်တွေထဲမှာ အသက်ရှည်ရှည်နေနိုင်တဲ့ ရောဂါသည်တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ ဦးနှောက်ရဲ့ Nerve ဆဲလ်တွေ ထိခိုက်ကုန်တာကြောင့် စကားပြောစက်နဲ့ပဲ ရှင်သန်နေရသူလည်း ဖြစ်ပါတယ်။ အိမ်ထောင် ၂ဆက်ပြောင်းခဲ့ပြီး ကလေး ၃ဦး ထွန်းကားခဲ့ပါတယ်။

Kate Middleton (Jan 9)

            1982 ဇန်န၀ါရီ ၉ရက်နေ့ဖွား နယ်စားကတော် Kate Middleton ကတော့ ၂၀၁၈ ဇန်န၀ါရီလ ၉ရက်နေ့မှာ အသက် ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။ အင်္ဂလန်ဝေလ မင်းသား William နဲ့လက်ထပ်ခဲ့ပြီး Cambridge နယ်စားကတော်ဖြစ်လာခဲ့တဲ့ kate က ဝေလမင်းသမီး ဒိုင်ယာနာရဲ့ ချွေးမတော်စပ်သူလည်း ဖြစ်ပါတယ်။ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး သူမရဲ့ အချိန်တော်တော်များများကို ကလေးမူကြိုကျောင်းတွေမှာ ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။ တော်ဝင်မင်းသမီးဖြစ်လာပြီးချိန်မှာလည်း လူမှုကူညီရေးလုပ်ငန်းတွေကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ခဲ့သူတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခံရတာ တွေ့ရပါတယ်။ Prince George နဲ့ Charlotte ဆိုတဲ့ ရင်သွေး ၂ဦး မွေးဖွားထားပြီး တတိယရင်သွေးကိုလည်း ရရှိထားပြီလို့ သိရပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း Time မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

                                                                                                            MK