Lotayamm

search
မာတိကာ

contents

သတင်းများ

January 3 ရက်နေ့မှ 9 ရက်နေ့အတွင်း ထူးခြားဖြစ်စဉ်နှင့် အထူးနေ့ရက်များ

နေ့ရက်:
Jan 2, 2018


အမျိုးအစား :
အခြား
Lotayamm

Apple ကုမ္ပဏီ စတင်ပူးပေါင်းတည်ထောင်ခဲ့သောနေ့(Jan 3)            ၁၉၇၇ ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့မှာ ဒီနေ့ခေတ်ရဲ့ နာမည်ကြီး iPhone နဲ့ iDevice တွေကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Apple Computer Corporation ဆိုတာကို စတင်ပူးပေါင်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ Steve Jobs နဲ့  Steve Wozniak တို့နှစ်ဦးရဲ့ နည်းပညာတွေ အကြံဥာဏ်တွေကို တရားဝင်ပူးပေါင်းပြီး Apple Computer Corporation ရယ်လို့ တည်ထောင်ရာမှာ Mike Makkula jr ဆိုသူက ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ထည့်ဝင်ပြီး Apple ကုမ္ပဏီရဲ့ ပထမဆုံး ဥက္ကဌဖြစ်လာခဲ့ပါတယ်။ Steve Jobs မိဘတွေရဲ့ ကားဂိုထောင်ကနေ စတင်ခဲ့တဲ့ သူတို့ကုမ္ပဏီကိုလည်း တိုးချဲ့ဖို့ဆုံးဖြတ်ပြီး Coupertino မှာ အခန်းငှားပြီး ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါဟာ Apple II ရဲ့ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။ Apple II ကိုတော့ ၁၉၇၇ ဧပြီလ ၁၆ ရက်နေ့မှာ ကုမ္ပဏီတိုးချဲ့ပြီးနောက်ပိုင်း ပွဲဦးထွက်အနေနဲ့ စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ Apple ကို မူလအစ တည်ထောင်တဲ့နေ့ရက်က ၁၉၇၆ ဧပြီလ ၁ရက်နေ့ဖြစ်ပြီး အဲဒီအချိန်မှာတုန်းက Steve Jobs၊ Steve Wozniak နဲ့ Ronald Wayne တို့ ၃ဦး စတင်တည်ထောင်ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး ထုတ်ကုန်က Apple I personal Computer ဖြစ်ပြီး ဒီပစ္စည်းမှာ circuit board တပ်ဆင်ထားပြီး ကီးဘုတ်၊ မော်နီတာနဲ့ Case တွေ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့မှာတော့ Apple ကုမ္ပဏီအနေနဲ့ သူ့ရဲ့ နာမည်ကို Apple,Inc. အဖြစ် ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ ကုမ္ပဏီနာမည်ပြောင်းလဲတဲ့နေ့နဲ့ တစ်ရက်တည်းမှာပဲ Steve Jobs က iPhone ကို မိတ်ဆက်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့  Apple အနေနဲ့ consumer products တွေဘက်ကို ဦးတည်ထုတ်လုပ်လာခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ Apple ရဲ့ နာမည်ကြီး i Device တွေဖြစ်တဲ့ iPod ၊ iPhone ၊  iPad နဲ့ iMac တွေကို ထုတ်လုပ်အောင်မြင်နေတာကို တွေ့မြင်နေရတာက Apple ကုမ္ပဏီရဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတော့တယ်။



Festival of Sleep Day(Jan 3)              လူတိုင်းလူတိုင်းက အိပ်စက်ခြင်းကို နှစ်သက်ကြမှာပါပဲ၊ အိပ်ယာ၊ ကုတင်ပေါ်ကိုရောက်တာနဲ့ ကိုယ်ကိုဆန့်ထုတ်လိုက်ပြီး တစ်ဖြည်းဖြည်းအိပ်ပျော်သွားတာကနေ တစ်ချို့ဆို အိပ်မက်တွေဘာတွေမက်ပြီး အိပ်မောကျတဲ့အထိ အိပ်ပျော်သူတွေတောင် ရှိတတ်ကြပါသေးတယ်။ အိပ်မက်တဲ့အခါမှာ ကိုယ်အချစ်ဆုံးသူတွေအကြောင်းနဲ့ တစ်နေ့တာအတွင်း တွေ့ကြုံလာရတဲ့ အဆိုးအကောင်းတွေပေါ် မူတည်ပြီးတော့ပဲ ပြန်မက်တာမျိုးပဲ ဖြစ်စေ၊ ကိုယ့်ရဲ့ မှတ်ဥာဏ်မှာ တည်ရှိနေတဲ့ ကိစ္စရပ်တွေ ပြန်မက်တာမျိုးဖြစ်စေ မက်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါဆိုရင် အိပ်စက်ခြင်းကို နှစ်သက်သူတွေအတွက် နေ့ရက်လေးတစ်ရက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီနေ့လေးကတော့ နှစ်စဉ်တိုင်းရဲ့ ဇန်န၀ါရီလ ၃ရက်နေ့ပါပဲ။ Festival of Sleep Day လို့နာမည်ရတဲ့ ဒီနေ့မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းနဲ့ နှစ်သစ်ကို စတင်လိုက်ဖို့ အကြံပြုထားပါတယ်။ အိပ်မပျော်တဲ့ရောဂါ ရှိသူတွေအနေနဲ့ ကြာလာတဲ့အခါမှာ နှလုံးရောဂါဖြစ်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ လေဖြတ်ခြင်းနဲ့ ဆီးချိုတက်ခြင်း အစရှိတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။ ဒီတော့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းနေဖို့ ရည်ရွယ်သတ်မှတ်ထားတဲ့ Festival of Sleep Day လေးမှာ စိတ်ချလက်ချအိပ်ပျော်အောင် အိပ်ပြီး ပါဝင်ဖို့အတွက် အိမ်ပြန်ရောက်တာနဲ့ အင်တာနက်တွေ ၊ဂိမ်းတွေကို မေ့ထားလိုက်ပြီး အိပ်လိုက်ကြရအောင်ပါလားနော်။



World Braille Day(Jan 4)            နှစ်စဉ်တိုင်းရဲ့ ဇန်န၀ါရီလ ၄ရက်နေ့က ကမ္ဘာ့မျက်မမြင်စာနေ့ပဲ ဖြစ်ပါတယ်။ အဖုလေးတွေကို စမ်းသပ်ဖတ်ရှုရတဲ့ မျက်မမြင်စာက ပညာဆက်လက်သင်ကြားလိုတဲ့မျက်မမြင်တွေနဲ့ စာပေလေ့လာလိုတဲ့ မျက်မမြင်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။ မျက်မမြင်စာတွေကို စတင်တီထွင်ခဲ့တဲ့ Louis Braille ရဲ့ နာမည်ကိုရော မွေးနေ့ကိုပါ မျက်မမြင်စာနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး တရားဝင်ရုံးပိတ်ရက်တော့ မဟုတ်ပါဘူး။ မျက်မမြင်စာတွေက မျက်မမြင်ဆရာတွေ၊ လူမှုရေးလုပ်ကိုင်သူတွေ၊ NGO တွေမှာ လုပ်ကိုင်နေတဲ့ မျက်မမြင်တွေအတွက် ပိုပြီး အကျိုးအမြတ်ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အတန်းပညာ တက်ရောက်လိုသူ မျက်မမြင်ကလေးငယ်တွေအတွက်လည်း ဒီမျက်မမြင်စာက အထောက်အပံ့ကောင်းတစ်ခုဖြစ်စေပါတယ်။ မျက်မမြင်စာတီထွင်ခဲ့တဲ့ braille ကို ပြင်သစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးအရွယ်မှာကတည်းက ထိခိုက်မှုတစ်ခုကြောင့် မျက်စိနှစ်ကွင်း အလင်းပျောက်ပြီး သူကိုယ်တိုင် မျက်မမြင်ဘ၀ရောက်ခဲ့ရသူတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားမှုကြောင့် ပညာသင်ယူမှုကို ရပ်တန့်လိုက်ရခြင်းမရှိဘဲ ပြင်သစ်နိုင်ငံက Royal Institute for Blind Youth ကနေ စကောလားရှစ်ရရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Dots လို့ခေါ်တဲ့ အစက်သင်္ကေတလေးကို စမ်းသပ်ပြီး စာရေးတာ၊ တေးဂီတသံစဉ် သတ်မှတ်တာ အစရှိတဲ့ နည်းလမ်းတွေကို တီထွင်ရာကနေ မျက်မမြင်စာရယ်လို့ စတင်ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ သူတီထွင်ခဲ့တဲ့ နည်းပညာကနေ လူသန်းပေါင်းများစွာကို ကူညီနိုင်တာဖြစ်လို့ အစိုးရတွေက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့လေးကို သတ်မှတ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။



NATIONAL TEMPURA DAY(Jan 7)                  ကဲ လိုတရပရိတ်သတ်ကြီးထဲမှာ တန်ပူရာကြော်ကြိုက်တဲ့သူတွေ ပါမှာပဲနော်။ ဒါဆိုရင် တန်ပူရာနဲ့ပတ်သက်တဲ့ နေ့လေးတစ်နေ့ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ နှစ်တိုင်းရဲ့ ဇန်န၀ါရီ ၇ရက်နေ့မှာ ကျရောက်လေ့ရှိတဲ့ national Tempura day ပါပဲ။ ဂျပန်လူမျိုးတွေရဲ့ အဓိက စားစရာထဲမှာပါဝင်ပြီး ပင်လယ်စာ၊အသား၊ ဟင်းသီးဟင်းရွက်တွေကို တန်ပူရာမှုန့်ကပ်ပြီး ကြော်ထားတဲ့ အကြော်က အရသာကို လေးနက်စေပါတယ်။ တကယ်တမ်း ဒီဟင်းလျာကို စတင်မိတ်ဆက်ခဲ့သူက ပေါ်တူဂီနိုင်ငံသား ဂျပန်တစ်ဦးဖြစ်ပြီး ၁၆ရာစုဝန်းကျင်လောက်မှာ ဂျပန်နိုင်ငံဆီကို ဒီဟင်းလျာစပြီး မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ နိုင်ငံတော်တော်များများရဲ့ စားသောက်ဆိုင်တွေမှာ တန်ပူရာဟင်းလျာက မပါမဖြစ် ပါဝင်နေပြီပဲ ဖြစ်ပါတယ်။ Tampura နေ့ရယ်လို့ ဘယ်သူကစတင်ခဲ့တယ်ဆိုတာကိုသေချာမသိရှိရပဲ ဒီနေ့မှာ ကိုယ်ချက်ထားတဲ့ တန်ပူရာကြော် ဟင်းလျာကို ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိတယ်လို့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။



Typing Day (Jan 8)               စာစီစာရိုက်ကျွမ်းကျင်သူတွေကို ဂုဏ်ပြုထားတဲ့နေ့ကတော့ Typing day ပါပဲ ၊ နှစ်စဉ် ဇန်န၀ါရီ ၈ရက်နေ့တိုင်းမှာ ကျင်းပလေ့ရှိတဲ့ Typing Day ကို International Typing Day ဒါမှမဟုတ် World Typing Day လို့လည်းခေါ်ဆိုလေ့ရှိကြပါတယ်။ ဒီနေ့ကို အဓိက ကျင်းပတဲ့နိုင်ငံက မလေးရှားနိုင်ငံဖြစ်ပြီး ဒီနေ့မှာ STC (Speed Typing Contest) Team ကနေ ဘယ်သူက အမြန်ဆုံးစာရိုက်နိုင်တယ်ဆိုတာကို ပြိုင်ပွဲလေးတွေ ပြုလုပ်ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ကျင်းပလာခဲ့တဲ့ Typing day မှာ လက်ကွက်မြန်တဲ့ ပြိုင်ပွဲတင်မကဘဲ Typing ပိုင်းဆိုင်ရာကို အထောက်အကူပြုဆော့ဝဲတီထွင်မှု ပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိကြပါသေးတယ်။ ဒီပြိုင်ပွဲကို မိုက်ကရိုဆော့ကဲ့သို့သော ကုမ္ပဏီကြီးတွေကလည်း ပါဝင်ပံ့ပိုးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။



Clean Off Your Desk Day(Jan 8)              နှစ်တိုင်းရဲ့ ဇန်န၀ါရီလ ဒုတိယပတ် တနင်္လာနေ့တိုင်းက ကိုယ့်ရဲ့ စာရေးစားပွဲ၊ အလုပ်စားပွဲကို ရှင်းလင်းရေးပြုလုပ်ရမယ့် Clean Off Your Desk day ပါပဲ။ ပိတ်ရက်တွေအပြီး ရုံးပြန်တက်ချိန်မှာ ပုံနေတဲ့ အလုပ်တွေကို လုပ်ရလို့ စားပွဲတစ်ခုလုံး ရှုပ်ပွနေတတ်တာကို အစွဲပြုပြောဆိုရာကနေ ဒီနေ့လေးဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ကဲဒီနေ့လေးကို ပါဝင်ကျင်းပလိုတယ်ဆိုရင်တော့ ရှုပ်ပွနေတဲ့ သင့်ရဲ့ စားပွဲလေးကို ရှင်းပြီးဓါတ်ပုံရိုက်၊ ဆိုရှယ်မီဒီယာမှာ တင်လိုက်ရအောင်နော်။



iPhone ဆိုတာကို စတင်မိတ်ဆက်ခဲ့တဲ့နေ့(Jan 9)             လွန်ခဲ့တဲ့ ၁၁နှစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၉ရက်နေ့မှာ ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုက လိုချင်ကြသလို ကိုင်တွယ်သုံးစွဲနိုင်မှုလည်း ရှိလာနေပြီဖြစ်တဲ့ iPhone ဆိုတာကို ကုမ္ပဏီရဲ့ Chairman ဖြစ်လာတဲ့ Steve Jobs က မိတ်ဆက်ပေးလိုက်ပါတယ်။ Jobs ရဲ့ မိတ်ဆက်ခဲ့တဲ့ အကြောင်းအရာတွေအရ ဒီဖုန်းမှာ ဖုန်းခေါ်ဆိုမှု၊ Web အသုံးပြုမှုတွေအပြင် iTunes ဆိုတဲ့ ၀န်ဆောင်မှုတွေပါ ပါဝင်မယ်လို့ ဆိုခဲ့ပါတယ်။ လက်လီရောင်းချမှုအနေနဲ့ Memory 4GB အတွက် အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ Memory 8GB အတွက် အမေရိကန်ဒေါ်လာ ၅၉၉ ကျသင့်မယ်လို့ မိတ်ဆက်ပြောကြားခဲ့ပါတယ်။  Apple ကုမ္ပဏီကနေ နှစ်စဉ်တိုင်း ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်လေ့ရှိတဲ့ Macworld expo မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၀၇ ဇွန်လမှာ စတင်ရောင်းချမယ်လို့ ဆိုခဲ့ပါတယ်။ ဒီဖုန်းဟာ မိုဘိုင်းဖုန်းဈေးကွက်ကို တစ်ခေတ်ဆန်းစေမယ်လို့လည်း Apple က ကြေငြာခဲ့ပါသေးတယ်။ iPod ရဲ့ လုပ်ဆောင်ချက်တွေမှာ ဖုန်းပြောဆိုမှုတွေ ပါဝင်လာတာဖြစ်ပြီး Steve Jobs က ဒါကို "Internet communicator" အဖြစ် တင်စားပြောဆိုခဲ့ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်တစ်ခုလုံးကို Touch Screen အနေနဲ့ ပြုလုပ်ထားပြီး မျက်နှာနားကပ်ပြီး ဖုန်းပြောချိန်မှာလည်း ဆင်ဆာကြောင့် ဖုန်းကို အလိုအလျှောက် Turn off လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Mac OS X ပါဝင်ပြီး သီချင်းနဲ့ ရုပ်ရှင်တွေကိုလည်း ဒေါင်းလုတ်ပြုလုပ်နိုင်စေပါတယ်။ GSM ဖုန်းဖြစ်ပေမယ့် 3G ကိုတော့ ထောက်ပံ့ပေးခြင်းမရှိသေးပါဘူး။ Steve Jobs ကတော့ မကြာခင်မှာပဲ 3G ဖုန်းတွေ ထပ်လာဦးမယ်လို့ အာမခံခဲ့ပါတယ်။ အဲဒီနေ့တစ်နေ့တည်းမှာပဲ ကုမ္ပဏီရဲ့ နာမည်ကို Apple Computer Inc ကနေ Apple Inc အဖြစ် ပြောင်းလဲလိုက်ပြီး ကုမ္ပဏီကနေ မူလရောင်းချနေတဲ့ ထုတ်ကုန်စာရင်းကိုလည်း ပြောင်းလဲဆန်းသစ်လိုက်တယ်လို့ သိရပါတယ်။ ဒီကြေငြာမှုအပြီးမှာ Apple ကုမ္ပဏီရဲ့ ရှယ်ယာတွေကလည်း တစ်စုကို အမေရိကန်ဒေါ်လာ ၇ဒေါ်လာ၊ ၈% နီးပါး အထိ တိုးမြင့်သွားခဲ့တယ်လို့ အဲဒီအချိန်က စစ်တမ်းတွေအရ သိရပါတယ်။



                                                                                                                   MK


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။