Lotayamm

search
မာတိကာ

contents

သတင်းများ

၂၀၁၇ သီတင်းကျွတ် ဒိုင်ယာရီ

နေ့ရက်:
Oct 12, 2017


အမျိုးအစား :
အခြား
Lotayamm

ပြီးခဲ့တဲ့သီတင်းကျွတ်ပိတ်ရက်တွေမှာ ဘယ်လိုပျော်စရာတွေရှိခဲ့လဲ ဘယ်တွေကို အများစုလည်ပတ်ခဲ့ကြသလဲဆိုတာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။



ဒီနှစ်သတင်းကျွတ်တရားဝင် အစိုးရရုံးပိတ်ရက်ကတော့ အောက်တိုဘာ ၄ ရက်နေ့မှစပေမဲ့ တစ်ချို့သူတွေကတော့ ရုံးဖွင့်ရက်ဖြစ်နေခဲ့သေးတဲ့ အောက်တိုဘာ ၂ ရက် ၃ ရက်ကိုပါ ခွင့်ယူလိုက်ကြပြီး တစ်ဆက်တည်း ပိတ်ရက်ရှည် (၉) ရက်ကို ယူလိုက်ကြပါတော့တယ်။



ဒါနဲ့စကားမစပ် နောက်လ နိုဝင်ဘာမှာ တန်ဆောင်တိုင်အတွက် အစိုးရပိတ်ရက်ကတော့ ၂ရက်နေ့ (ကြာသပတေး) နှင့် ၃ရက်နေ့ (သောကြာနေ့) ကျတယ်ဆိုတော့ ခွင့်မယူရင် ပိတ်ရက်ရှည် ၄ ရက်ရမှာဖြစ်ပြီး ရှေ့မှာရှိတဲ့ တနင်္လာ၊ အဂါင်္၊ ဗုဒ္ဓဟူး ပါခွင့်ယူရဲမယ်ဆိုရင်တော့ ပိတ်ရက်ရှည် ၉ ရက်ကြီးများတောင် ထပ်ရမှာနော်။ (ဒါကတော့ ကိုယ့်အထက်လူကြီးကိုပိုင်ရင်လုပ်ကြပေါ့လေ.. ဟိဟိ)



ကဲ ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်မှာ ဘာပွဲတွေရှိခဲ့တယ်၊ လူအများစုဘာတွေလုပ်ခဲ့ကြတယ် ဘယ်တွေသွားခဲ့ကြတယ်ဆိုတာလဲ တစ်ချက်ကြည့်ရအောင်။



- အိမ်မှာနေတဲ့သူတွေ နှင့် အလည်ပတ်ခရီးသွားသူတွေ 



တစ်ချို့ သူတွေက ဘယ်သွားသွား လူတွေကြပ်မှာစိုးတယ်ဆိုပြီး အိမ်မှာပဲအေးအေးဆေးဆေးနေ မီးထွန်း၊ မီးပုံးပျံလွှတ်၊ မီးပန်းလေးတွေကစားပြီး အနားယူကြလေရဲ့။ ညဖက်ကျ မိသားစုနဲ့တူတူ ဆီမီးလေးထွန်းပြီး မြတ်စွာဘုရားကိုပူဇော်၊ မီးပုံးပျံလွှတ်ပြီးလိုရာဆုကိုတောင်းကြတဲ့သူတွေပေါ့။



တစ်ချို့ကတော့ ပိတ်ရက်လေးရတုန်း ခရီးလေးအပြေးသွားကြလေရဲ့။



- သီတင်းကျွတ်ပိတ်ရက်အသွားအများဆုံး ခရီးစဉ်တွေ 



လောလောဆယ် ခရီးသွားတဲ့သူတွေဖက်ကိုစပ်စုကြည့်ရအောင်။



ဒီနှစ်အတွက် အရမ်းကို ဟော့ဖြစ်တဲ့ အများဆုံးသွားရောက်လည်ပတ်ခဲ့ကြတဲ့ ခရီးစဉ်တွေကတော့ ပုဂံ၊ ကျိုက်ထီးရိုး၊ တောင်ကြီး၊ အင်လေး၊ ချောင်းသာ နှင့် ငွေဆောင် အစရှိတဲ့ကမ်းခြေတွေပဲဖြစ်ပါတယ်။



ဒီပိတ်ရက်မှာ အသွားအများဆုံးကတော့ ပုဂံပါပဲ။ ၃ ပတ်တိတိကြိုပြီး Hotel Booking လုပ်တာတောင်မရတော့တဲ့အထိပါပဲ။



ပိတ်ရက်ကာလပုဂံမှာတော့ main လမ်းမကြီးတွေဖြစ်တဲ့ ညောင်ဦး-ပုဂံမြို့သစ်လမ်းနှင့် အနော်ရထာလမ်းတွေမှာပါ ကားတွေလုံးဝ ရွေ့မရအောင် စည်ကားခဲ့ပါတယ်။



ကျိုက်ထီးရိုးကတော့  တောင်ပေါ်ရော တောင်အောက်ပါ တိုးမပေါက်အောင် လာရောက်လည်ပတ်ကြတဲ့အတွက် စံချိန်တင်လောက်အောင်ကြပ်တယ်လို့တောင်ပြောစမှတ်ပြုကြလေရဲ့။



- သီတင်းကျွတ်ပိတ်ရက် ရန်ကုန်နှင့် နယ်တစ်ချို့ မှာရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေ 



ကဲ ရန်ကုန်ဖက်ခဏပြန်သွားကြရအောင်။



- ရေကျော်ပွဲဈေး 



သီတင်းကျွတ်ရောက်တော့မယ်ဟေ့ပြောလိုက်ရင် ရန်ကုန်မှာနေတဲ့သူအတော်များများက သီတင်းကျွတ်နှင့်အတူ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်မှာကျင်းပတဲ့ ရေကျော်ပွဲဈေးကို တစ်ဆက်တည်းတွဲမြင်မိကြပါလိမ့်မယ်။ ဒီနှစ်ရဲ့  ရေကျော်ပွဲဈေးကိုတော့ အောက်တိုဘာ ၂ ရက်နေ့ကနေ ၆ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ထုံးစံအတိုင်း မြန်မာမုန့်မျိုးစုံ ဘယ်လောက်တောင်စည်ကားသလဲဆိုရင် ပုံတွေသာကြည့်တော့ဗျာ။



- ဗိုလ်ချူပ်လမ်း Junction City ရှေ



ဗိုလ်ချူပ်လမ်း တောက်လျှောက်ကို ချစ်စရာ ရောင်စုံမီးတွေထွန်းထားတဲ့ ဗိုလ်ချူပ်ဈေးနှင့် Junction city နားကိုတော့ လှလွန်းလို့ မရောက်ခဲ့သူမရှိသလောက်ပဲလို့ ထင်ပါတယ်။



- လပြည့်နေ့ည Iron Cross Live show 



သီတင်းကျွတ်လပြည့်နေ့တုန်းကလဲ ပြည်သူ့ရင်ပြင်မှာ Iron Cross ဖျော်ဖြေပွဲလုပ်ခဲ့သေးတယ်တဲ့ဗျာ။



- YGN Thadinkyut Festival @ ကန်တော်ကြီး



နောက်ထပ်ပွဲတစ်ခုကတော့ ရန်ကုန်ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး MPT က Sponsor လုပ်ပေးခဲ့တဲ့ “YGN Thadinkyut Festival” ပဲဖြစ်ပါတယ်။ ဒီပွဲမှာတော့ လိုရာဆုကိုတောင်းပြီး မီးပုံးလှလှလေးတွေကို ကျယ်ပြန့်တဲ့ ကန်ရေပြင်ကြီးထဲ လွှတ်လို့ရအောင်စီစဉ်ပေးထားတဲ့ပွဲလေးပါ။



- ရွှေကျင် မီးမျှောပွဲ



ပဲခူးတိုင်း၊ ရွှေကျင်မြို့မှာ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့တွေမှာ အစဉ်လာမပျက် ကျင်းပလေ့ (၁၆၆) ကြိမ်မြောက် ရွှေကျင်မီးမျှောပွဲ နှင့် ရှင်ဥပဂုတ္ထ မထေရ်မြတ် ပူဇော်ပွဲ မှာလဲ အလွန်ပဲ စည်ကားသိုက်မြိုက်ခဲ့ပါသေးတယ်။



- ဖားစည်မြေည မီးမျှောပွဲ



နယ်ဖက်မှာ ကျင်းပခဲ့တဲ့ မီးမျှောပွဲလေးလဲရှိသေးသဗျ။ အဲ့ဒါကတော့ ကရင်ပြည်နယ်မှာကျင်းပခဲ့တဲ့  ဖားစည်မြေညဆိုတဲ့ မီးမျှောပွဲလေးပဲဖြစ်ပါတယ်။ သူ့ကိုတော့ အောက်တိုဘာ ၄၊ ၅၊ ၆ သုံးရက်ဆက်တိုက်ကျင်းပခဲ့တာပါ။



ကဲ သတင်းကျွတ်ပိတ်ရက်တွေမှာ သင်ရော ဘယ်မှာရှိခဲ့သလဲ ဘယ်လိုပျော်ရွှင်ခဲ့သလဲ?



ခရီးသွားသူဖြစ်ဖြစ် လျှောက်လည်သူဖြစ်ဖြစ် အိမ်မှာနေသူဖြစ်ဖြစ်



ဘယ်လိုပဲဖြစ်ဖြစ်ပါ ပျော်ရွှင်စရာသီတင်းကျွတ်ကာလလေးကို ပိုင်ဆိုင်ခဲ့ကြမယ်လို့ ယုံကြည်မိပါတယ်။