Lotayamm

search
မာတိကာ

contents

သတင်းများ

သမိုင်းထဲက စက်တင်ဘာလ ၁၄ရက်

နေ့ရက်:
Sep 14, 2017


အမျိုးအစား :
အခြား
Lotayamm

၁၉၈၂ ခုနှစ် စက်တင်ဘာ ၁၄ရက်နေ့ကတော့ ရုပ်ရှင်မင်းသမီး ဘ၀ကနေ Monaco အိမ်ရှေ့မင်းသမီးဖြစ်လာခဲ့တဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး Grace Kelly တစ်ယောက် ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ နေ့ရက်ပါပဲ။။

သူမကို ၁၉၂၉ ခုနှစ် Philadelphia မှာ မွေးဖွားခဲ့ပြီး Dial M for Murder (1954) ၊ To Catch a Thief (1955) နဲ့ The Swan (1956) အစရှိတဲ့ ဇာတ်ကားတွေနဲ့အတူ၁၉၅၀ခုနှစ်ရဲ့ အကျော်ကြားဆုံး မင်းသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။ အသက် ၂၂နှစ်အရွယ်မှာ ရုပ်ရှင်စရိုက်ခဲ့ပြီး တစ်ခြားနိုင်ငံတွေကပါ အသိအမှတ်ပြုရတဲ့မင်းသမီးဖြစ်လာခဲ့တာကြောင့် ၁၉၅၅ ခုနှစ် မှာတော့ ပြင်သစ်မှာ ပြုလုပ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။ ပွဲအတွင်း ဓါတ်ပုံရိုက်ကူးမှုအစီအစဉ်အတွင်း Monaco အိမ်ရှေ့မင်းသား Rainier III နဲ့ တွေ့ဆုံခဲ့ပြီး မင်းသားက ချစ်ရေးဆိုခဲ့တာကြောင့် တစ်နှစ်အကြာမှာ မင်္ဂလာပွဲကျင်းပဖြစ်ခဲ့ကြပါတယ်။ 

မင်္ဂလာပွဲအပြီး လူထုကို တရားဝင်အသိပေးခဲ့ပြီးနောက်မှာတော့ သူမရဲ့ သရုပ်ဆောင်ဘ၀ကိုရော အမေရိကန်နိုင်ငံသားအဖြစ်ကနေပါ စွန့်လွှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ မင်းသား Rainier က သူမရဲ့ ဇာတ်ကားတွေကို Monaco နိုင်ငံတွင်းမှာ ပိတ်ပင်ခဲ့ပါတယ်။ 

ဒီတော်ဝင် စုံတွဲမှာ Princess Caroline ၊ Prince Albert နဲ့ Princess Stéphanie ဆိုတဲ့ ကလေးသုံးဦး ထွန်းကားခဲ့ပြီး  ၁၉၈၂ စက်တင်ဘာလ ၁၄ရက်နေ့မှာတော့ သူမရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုကနေတစ်ဆင့် ၂၄နာရီနီးပါး မေ့မြောနေခဲ့ပြီး ၁၉၈၂ စက်တင်ဘာ ၁၄ရက်နေ့မှာတော့ သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ အနက်ပေ ၁၀၀ ရှိတဲ့ ချောက်ထဲကို ထိုးကျသွားခဲ့တဲ့ သူမရဲ့ကားက ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ပြီး သူမနဲ့အတူပါလာတဲ့ သမီးငယ် Princess Stéphanie ကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ သူမသေဆုံးချိန်မှာ အသက် ၅၂နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ အပန်းဖြေခရီးထွက်ဖို့သွားခဲ့တဲ့ လမ်းခရီးမှာ ဖြစ်ပွားခဲ့တာ

ဖြစ်ပြီးအခင်းဖြစ်ပွားစဉ်က ကားပေါ်မှာ သူမတို့ရဲ့အထုပ်အပိုးတွေ ပြည့်နေခဲ့ပြီး သူမကိုယ်တိုင် မောင်းဖို့ ဆုံးဖြတ်ခဲ့တာကလည်း ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီနေ့မှာ ဆိုရင်တော့ သူမသေဆုံးခဲ့တာဟာ ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်မှာတော့ မင်းသမီး Kelly ရဲ့ ဘ၀ဇာတ်ကြောင်းကို Grace of Monaco ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်၇ိုက်ကူးခဲ့ပြီး Kelly ရဲ့နေရာမှာ မင်းသမီး Nicole Kidman က သရုပ်ဆောင်ခဲ့ပါတယ်။



စက်တင်ဘာ ၁၄ရက်နေ့ ဖြစ်ရပ်အချို့ 

၁၉၄၄ စက်တင်ဘာ ၁၄ရက်နေ့မှာတော့ New England ကို ဟာရီကိန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၃၈၉ဦး သေဆုံးခဲ့ရပါတယ်။

၁၉၅၁ ခုနှစ်စက်တင်ဘာလ ၁၄ရက်နေ့မှာ အစေ့မပါတဲ့ ဖရဲသီးကို Purdue University က စမ်းသပ် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီဖရဲသီးရဲ့ အလေးချိန်က ၁၀ပေါင် ၀န်းကျင်ရှိပြီး လုံးဝိုင်းတဲ့ ပုံသဏ္ဍာန်ရှိတာဖြစ်ပါတယ်။ 

၁၉၅၄ စက်တင်ဘာ ၁၄မှာတော့ နယူးယောက်မြို့ကို Hurricane Edna တိုက်ခတ်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀ဖိုး ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။

၁၉၅၉ စက်တင်ဘာလ ၁၄ရက်နေ့မှာတော့ လူပြုလုပ်ဖန်တီးထားတဲ့ Luna 2 ယာဉ်က လပေါ်ကို ပထမဆုံးသက်ဆင်းနိုင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်စက်တင်ဘာ၁၄ရက်နေ့မှာ MTV ဆုချီးမြှင့်ပွဲကိုပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ 

၁၉၉၈ ခုနှစ်စက်တင်ဘာလ၁၄ရက်နေ့မှာ Microsoft ကုမ္ပဏီက ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

စက်တင်ဘာ ၁၄ရက် ၁၉၈၆ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့သလို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ Kimpo လေဆိပ်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် လူ ၅ဦး သေဆုံးခဲ့ပါတယ်။

၁၉၉၉ ခုနှစ်စက်တင်ဘာ၁၄ရက်နေ့မှာတော့အမေရိကမှာရှိတဲ့ Disney World ကို ပထမဆုံးအကြိမ်အဖြစ် ပိတ်ထားခဲ့ရပါတယ်။ အကြောင်းရင်းကတော့ Hurricane မုန်တိုင်း Floyd က ဖလော်ရီဒါဒေသကို ဦးတည်လာခဲ့တာကြောင့်ပါပဲ။ 

၂၀၁၁ စက်တင်ဘာ ၁၄ရက်နေ့မှာတော့ အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ Tamil Nadu မှာ ဖြစ်ခဲ့တဲ့ ရထားမတော်တဆမှုဖြစ်စဉ်ကြောင့် လူ ၁၀ဦးသေဆုံးပြီး လူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

၂၀၁၂ စက်တင်ဘာ ၁၄ရက်မှာတော့ အင်္ဂလန်နိုင်ငံရဲ့ အိမ်ရှေ့မင်းသား William နဲ့ သူ့ရဲ့ ဇနီးဖြစ်လာမယ့် Kate Middleton တစ်ယောက် ပြင်သစ်မှာအပန်းဖြေခရီးထွက်နေစဉ်အတွင်း တော်ဝင်စည်းမျဉ်းကို ချိုးဖောက်တဲ့ အပေါ်ပိုင်းဗလာ ဓါတ်ပုံတွေ ပြင်သစ်စာနယ်ဇင်းတွေကတစ်ဆင့် ပေါ်ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလိုမျိုး တော်ဝင်မိသားစုဝင်တွေရဲ့ Privacy တွေကို Public မှာ ချပြတာမျိုးအတွက် ပိုပြီးကာကွယ်လာခဲ့ကြပါတယ်။