Lotayamm

search
မာတိကာ

contents

သတင်းများ

ဘိုးစိန်တို့ ခေတ်၊ လေဘာတီတို့ ခေတ်၊ မိုင်လေဆိုင်းရပ်စ်တို့ ခေတ်

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
အခြား
yangonmedia
တစ်ခါက ''MTV မှာချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များလူပြောများနေပြီ''ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖတ်ခဲ့ဖူးသည်။ မိုင်လေဆိုင်းရပ်စ်၏ အယ်လ်ဘမ်ကို တစ်ရက်တာအတွင်းကြည့်ရှုသူပေါင်း ၁၄ သန်းဝန်းကျင်ရှိသွားခဲ့သည်။ အင်္ကျီချွတ်ပြသဖြင့် ဤကဲ့သို့များသွားသည်ဟုယူဆရကြောင်းဆိုသည်။ ယင်း အယ်လ်ဘမ်နှင့်ပတ်သက်၍ ထောက်ခံသူလူငယ်တစ်ယောက်၏ကွန်းမန့်ကို မှတ်သားထားမိသည်။ ''ထောက်ခံပါတယ်။ သူကအစဉ်အလာကနေဖောက်ထွက်ပြလိုက်တာပဲ။ အသက်(၂ဝ)ကျော်လာပြီဆိုရင် နည်းနည်းလေးမရူးသွပ်တဲ့သူဘယ်ရှိမလဲ။ သူ့ကိုအလေး အနက်မထားကြပါနဲ့။ သူ့အသက်(၂ဝ)ရှိပါပြီ။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့အရွယ်ရောက်နေပြီ။ သင့်တော်၊ မတော်ဆိုတာလည်းသိနေပြီ။ သူချွတ်ချင်တယ်ဆို လည်းချွတ်ပေါ့။ ဘာဖြစ်သလဲ။ လူငယ်တွေတီဗွီနဲ့ အင်တာနက်မှာမြင်နေရတာတွေထက်တော့တုန် လှုပ်စရာမကောင်းပါဘူး''ဟူ၏။ ချွတ်သူကလည်းချွတ် သည်။ ထောက်ခံသူကလည်းထောက်ခံသည်။ ချွတ်သူမှာ မြန်မာမကလေးမဟုတ်၊ ထောက်ခံသူများက တော့ မြန်မာလေးတွေဖြစ်သည်။ (ယခုတော့ မြန်မာ မလေးတွေချွတ်ပြရဲကြပြီ။ ဂုဏ်သိက္ခာကိုစောင့်ထိန်း သောအားဖြင့် မဖော်ပြတော့ပါ။)
ယခုအချိန်က ယဉ်ကျေးမှုကူးစက်မြန်လွန်းသော အချိန်ဖြစ်သည်။ သူများနိုင်ငံက ဆလစ်ဘရစ်တီ(Celebrity) မိန်းကလေးများချွတ်သည်ကို မောင်ချို ဝေတို့ မြန်မာဆလစ်ဘရစ်တီလေးများ စံထားအား ကျကြသည်။ ဂျာနယ်များတွင် ''ဒါမြန်မာမိန်းကလေးလား''ဟုမေးရလောက်အောင်ပင် ဖော်ရဲနေကြပြီ။ ချွတ်ရဲနေကြပြီ။ ပွင့်လင်းနေကြပြီ။ မောင်ချိုဝေတို့မြန်မာများမှာ စံထားပြီဆိုလျှင် ''အပြစ်မမြင်ချစ်ခင်''တတ်ကြသည်ကို သတိထားသင့် ပါသည်။ နယ်ပယ်အားလုံးမှ ''ရိုးလ်မော်ဒယ်''များအနေ ဖြင့် အတုယူမည့်မျက်လုံးပေါင်းများစွာဖြင့်အကြည့် ခံနေရပါသည်။ သိမ်မွေ့နူးညံ့သော၊ လုံခြုံနွေးထွေးသော၊ ဟီရိသြတပ္ပတရားကိုအခြေခံသောအဆင့်အတန်း တစ်ခုရှိသည့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာဟူသည်ကို နည်းနည်းဖြစ်ဖြစ် လေ့လာဖတ်ရှုသင့်ကြပါသည်။ မြန်မာ့ရာဇဝင်ထဲမှ ယနေ့တိုင် တွင်ကျန်ရစ်နေသည့် ဂန္ထဝင်စံပြအမျိုးသမီးများသည် မည်သို့သောပုံသဏ္ဌာန် ရှိ၍ မည်သို့သောစိတ်ထားရှိသည်ကို ဗဟုသုတအဖြစ် လေ့လာသင့်ကြပါသည်။ လူပုဂ္ဂိုလ်ကိုးကွယ်မှု (Personal Culture) မှာ မြန်မာတို့၏အဇ္ဈတ္တတွင် ရှေး ယခင်ခေတ်ကာလများကတည်းက နက်နက်ရှိုင်းရှိုင်း ရှိခဲ့ကြပါသည်။
မော်ဒယ်များကိုအားကျသဖြင့် ဝတ်စားဆင်ယင် မှုပုံသဏ္ဌာန်ပြောင်းသည်နှင့်အတူ ဘဝနှုန်းစံတန်ဖိုး ထားမှုများပါ ပြောင်းလဲပစ်လိုက်ကြသောအခါမျိုး တွင် ဆလစ်ဘရစ်တီတို့သည် ခေတ်ကိုကောင်းမွေ၊ ဆိုးမွေပေးသူများနေရာသို့ပင်ရောက်သွားခဲ့ပါသည်။ မောင်ချိုဝေဖတ်ခဲ့ဖူးသော ဦးဘိုးစိန်၏ခေတ် ကအဖြစ်အပျက်လေးများကို သာဓကအဖြစ်တင်ပြချင်မိသည်။ ထိုစဉ်က ဦးဘိုးစိန်သည်လည်း အခုခေတ် စကားနှင့်ပြောရလျှင် ဆလစ်ဘရစ်တီဖြစ်သည်။မိန်း ကလေးများက သည်းသည်းလှုပ်စွဲလမ်းရသည့် ဇာတ် မင်းသားလေးဖြစ်သည်။ ရုပ်ရည်ချောမောလှပသူ၊ ကိုယ်လုံးကိုယ်ပေါက်အချိုးအဆစ်ကျနသူ ကိုဘိုးစိန် ကို မည်မျှစွဲလမ်းကြသနည်းဆိုသော် ကိုဘိုးစိန်သောက် ရန်လက်ဆောင်ပေးသောဆေးလိပ်ထဲတွင် ရွှေဒင်္ဂါး ပြားများကိုပင်ထည့်ပေးကြသည်ဆိုပါ၏။ ကိုဘိုးစိန်ကလည်း အလွန်ထူးချွန်သူဖြစ်သည်။ ကိုဘိုးစိန်ထူး ချွန်လိုက်ပုံမှာလည်း အဆိုကောင်း၊ အကကောင်း၊ အပြောကောင်းခြင်းများအတွက် ကိုယ်စားပြုသည့် ဝေါဟာရပင်လျှင် ''ဘိုးစိန်''ဟုဖြစ်သည်။ တစ်စုံတစ် ယောက်အဆိုကောင်းလျှင် ဘိုးစိန်၊ တစ်စုံတစ် ယောက်အကကောင်းလျှင် ဘိုးစိန်၊ တစ်စုံတစ် ယောက်အပြောကောင်းလျှင် ဘိုးစိန်ဟုခေါ်ခဲ့ကြသည်။ ယခုပင်လျှင် အပြောကောင်းသူကို ''အပြောက တော့ဘိုးစိန်ပဲ''ဟူသော အသုံးအနှုန်းကျန်ရှိနေသေးသည်။
ကိုဘိုးစိန်သည် အဆိုထူးချွန်၊ အသံကောင်းသည်သာမက ပြောဟန်ဆိုဟန်မင်မောင်းလည်း ကောင်းလှရာ ကိုဘိုးစိန်ကသောဇာတ်ပွဲများတွင် ကျိတ်ကျိတ်တိုး စည်ကားလှသည်။ ကိုဘိုးစိန်သြဇာကြီးမား၊ လူကြိုက်များလာသောအခါ လူငယ်အားလုံးက တစ်ဘိုးစိန်တည်း ဘိုးစိန်ကြတော့သည်။ ဘိုးစိန်၏ဇာတ်တွင် ဒဏ္ဍာရီ၊ ရာဇဝင်၊ သိုက်သမိုင်းများကပြသည်ကို နှစ် ခြိုက်စွာကြည့်ကြလျက် ဇာတ်ထဲကအတိုင်းအတုခိုး ကြသည်။ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးမင်းညီနောင်ဇာတ်ကိုကပြီးသောအခါ ရွှေဖျဉ်းညီနောင်နတ်နန်းများ၌ကိုး ကွယ်ပူဇော်သူများ ပိုမိုပေါများလာသည်ဟုဆိုသည်။ ထိလပ်-ပိုးဥဇာတ်ကိုကပြရာတွင် ဝမ်းနည်းစရာကိစ္စ ပေါ်ပေါက်ခဲ့သည်။ ထိလပ်-ပိုးဥဇာတ်မှာ ကိုယ် ပျောက်အတတ်ရရန်ဆိုကာ မိမိမယားဗိုက်ကိုခွဲ၍ ဝမ်း ထဲမှသားငယ်ကို အရှင်လတ်လတ်မီးကင်စားသော ဇာတ်ဖြစ်သည်။ ဘိုးစိန်၏ဇာတ်သရုပ်ပါလွန်းသဖြင့် မှော်အင်း၊ ကျောက်တန်းရွာမှ ''ဆရာအစ်''ဆိုသူသည် ၎င်း၏မယားကိုဗိုက်ခွဲသတ်ကာ သားငယ်ကိုမီးကင်စားခဲ့သည်။ သို့အတွက် ချက်ချင်းပင်ဂတ်ထဲရောက်သွားတော့သည်။ ထိုအဖြစ်အပျက်ကို ဘိုးစိန်ကြားသဖြင့် ထိုဇာတ်ကိုလုံးဝမကတော့ဟူ၏။ ဘိုးစိန်က ပဋိက္ခရားဇာတ်ကသည်။ ပဋိက္ခရား မင်းသားနေရာ၌ သရုပ်ဆောင်သည်။ ထိုသို့သရုပ် ဆောင်ရာတွင် သံပရာခွံသဏ္ဌာန်ရွှေဦးထုပ်အစစ်၊ စူရတီဝေ့စ်ကုတ်၊ ရွှေခြည်ထိုးစူရတီ၊ ဘောင်းဘီရှည်၊ ဖိနပ်ပြိုးပြိုးပြောင်ပြောင်ကိုဝတ်စားဆင်ယင်သည်။ ထိုဇာတ်ကပြီးသောအခါ နေရာအနှံ့ စူရတီများနှင့် ဖြစ်ကုန်ကြသည်ဆို၏။
လေဘာတီမမြရင်တို့ခေတ်အကြောင်း အမေလူထုဒေါ်အမာရေးခဲ့သည်ကိုလည်း ဖောက်သည်ချ ချင်သေးသည်။ ''မမြရင်ကိုတကယ်ကြိုက်သူ၊ သေ လုအောင်ကြိုက်သူတွေအများကြီးရှိခဲ့ပါသည်။ ထိုသူများမှာ ဟေးလားဝါးလားကာလသားများမဟုတ်ကြ။ မမြရင်ကိုကြိုက်သူတွေထဲတွင် ထိုခေတ်ကလျှမ်းလျှမ်း တောက်လူစားတွေဖြစ်သော ကပ္ပတိန်ထွန်းလှအောင်၊ ဘုရင်ခံဆာဂျေအေဦးမောင်ကြီး၊ အိုင်စီအက်စ် ဦးချမ်းသာ၊ ရန်ကုန်မြို့တော်ဝန် ဝတ်လုံတော်ရ ဦးကျော်ဇံ စသူတို့ပါသည်။ ဦးကျော်ဇံမှာ သူ့ခြံဝင်းအတွင်း တနင်္ဂနွေတစ်ပတ်တစ်ကြိမ်အငြိမ့်ခံပြီး ရန်ကုန်မျက် နှာဖုံးများကိုဖိတ်၍ ဦးကျော်ဇံကဧည့်ခံလေ့ရှိသည်။ မမြရင်ရန်ကုန်ဆင်းလာသည့်နှစ်က ဦးကျော်ဇံ၏ ဥယျာဉ်ပွဲသို့တစ်ညသွား၍ကကြရာ ဦးကျော်ဇံနှင့် အပေါင်းအသင်းများကဆုချသဖြင့် ရွှေဒင်္ဂါးအပြား ၃ဝ တိတိရရှိသည်။ ထိုညပွဲတွင် သူဌေးဆာဘိုးသာ၏တူက မမြရင်ကိုဆုချဖို့ဆိုလျှင် ရွှေဒင်္ဂါးတစ်ပြားကို ၁ဝ ကျပ်နှင့် ရောင်းမည်ဟုဆို၍ ပွဲခင်းထဲသို့ရွှေဒင်္ဂါးတွေယူလာပြီး အထူးဈေးနှုန်းနှင့်ပေးသည်။ ထိုစဉ်က ရွှေဒင်္ဂါး တစ်ပြား၏ပေါက်ဈေးမှာ ၁၃ ကျပ် ၈ ပဲ ဖြစ်သည်။  ဦးကျော်ဇံက မမြရင်အား ရိုးရိုးကြည့်ရသည်ကို အားမရဟုဆိုကာ ခြေအိတ်ချွတ်၍ ခြေသလုံးသား ပေါ်အောင်ကရမည်၊ ထိုသို့ကလျှင် ရွှေဒင်္ဂါးနှစ်ပြား ဆုထပ်ချဦးမည်ဟုဆိုလာသည်။ မမြရင်က ထိုစကား ကိုကြားသောအခါ ပြုံး၍သာနေသည်။ ဘာမှပြန်မ ပြော၊ ခြေအိတ်ကိုလည်းမချွတ်ဘဲ ကမြဲအတိုင်းသာ ကလေသည်။
အမေလူထုဒေါ်အမာက မြန်မာအငြိမ့်မင်းသမီး လေးတစ်ဦးအကြောင်းရေးရင်း မြန်မာမိန်းကလေးတို့ စောင့်ထိန်းခဲ့သည့် ဣနြေ္ဒကိုလှလှပပဖော်ပြခဲ့သည်။ ခေတ်ရေစီးကြောင်းကိုတားဆီး၍မရနိုင်ဟုဆိုပါသည်။ ဤသည်ကိုလည်း မငြင်းဆန်လိုပါ။ သို့သော် မြန်မာလူမျိုး၏ သီးခြားဖြစ်သောစာပေ၊ သီးခြားဖြစ် သောယဉ်ကျေးမှု၊ သီးခြားဖြစ်သော ဓလေ့ထုံးတမ်း၊ သီးခြားဖြစ်သောကိုးကွယ်မှု၊ သီးခြားဖြစ်သောနှုန်းစံ တန်ဖိုးထားမှုများကွယ်ပျောက်ခဲ့လျှင် မြန်မာဟု သီးခြားထုတ်ပြစရာကျန်တော့မည်မဟုတ်ပါ။ အစဉ်အလာများကနေဖောက်ထွက်ပြခြင်းသည် တီထွင်ဖန်တီးသောပညာရပ်နယ်ပယ်တွင် ကောင်းပါသည်။ လူမှုရေးနယ်ပယ်တွင် မြန်မာတို့၏ ဓလေ့အစဉ်အလာကိုဖောက်မထွက်ခင် အနောက်ဘက်ယဉ်ကျေးမှု ကူးစက်ဆဲယခုကာလ၌ပင် လက်ငင်းအန္တရာယ်များကိုမြင်လာကြရပါပြီ။ ဘိုးစိန်တို့ ခေတ်၊ လေဘာတီတို့ခေတ်၊ မိုင်လေဆိုင်းရပ်စ်တို့ ခေတ်။ ခေတ်ကရှေ့ကိုပြေးနေမည်ပင်။ သို့သော် အရိုးကိုအရွက်မဖုံးစေရန် စောင့်ထိန်းသင့်ကြောင်း ကိုဖြင့် မမေ့မလျော့စကောင်းဟု သတိပံ့လိုက်ရပါသည်။ ။
 
မောင်ချိုဝေ
#democracytoday