contents

သတင်းများ

ရန်ကုန် တိုင်းဒေသကြီးတွင် ဒီရေတောများ ထိန်းသိမ်း စိုက်ပျိုးခြင်း လုပ်ငန်းများကို WIF အဖွဲ့က ငါးနှစ်ကြာ ဆောင်ရွက်မည်

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
အဆိုပါစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေခြင်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိစေရန်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒီရေတောထိန်းသိမ်းစိုက်ပျိုးပြုစုပေးခြင်းလုပ်ငန်းများကို ၂ဝ၁၉ ခု နှစ်မှ ၂ဝ၂၃ ခုနှစ်အထိ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကော့မှူးမြို့နယ်၊ သံလျင်မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ခရမ်းမြို့နယ်များအတွင်းရှိ ဒီရေတောပေါက် ရောက်နိုင်သည့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဒီရေတော ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
 
Worldview International Foundation-(WIF) မှ စီမံကိန်း မန်နေဂျာ ဦးဝင်းမောင်က ''ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒီရေတောများထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလောလောဆယ် ဒီရေတော အပင်သုံးသိန်းဆံ့ ဒီရေတော ပျိုးဥယျာဉ်ကို တည်ထောင်ပြီးဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဒီရေတောအပင် ၁ဝ သိန်း စိုက်မှာဖြစ်ပါတယ်''ဟု ပြောသည်။ ဒီရေတောများသည် ယင်းနှင့်ဆက်စပ်တည်ရှိသော သန္တာကျောက်တန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၏တည်ငြိမ်မှုနှင့် ရှင်သန်ရပ်တည်မှုအတွက် အရေးပါသည့် ဂေဟစနစ်ဖြစ်ပြီး ကုန်းနေ၊ ရေနေသတ္တဝါနှစ်မျိုးစလုံး မှီခိုကျက်စားနိုင်သည့် ထူးခြားသည့် ဂေဟစနစ် ဖြစ်ပြီး ဒီရေတောများမှထုတ်လုပ်သော သြဂဲနစ်ပစ္စည်းများနှင့် ဆက်စပ်တည်ရှိသည့် ဂေဟစနစ်များ၏ Food web  နှင့် Food Chain များကို ပံ့ပိုးနိုင်သည့်အပြင် ကမ်းရိုးတန်းဒေသများအား မြေပြိုတိုက်စားမှုနှင့် လှိုင်းဒဏ် လေဒဏ်ခံ စားရမှုမှကာကွယ်ပေးခြင်း (သို့မဟုတ်) လျော့နည်းစေခြင်းအကျိုး ကျေးဇူးများကိုပေးခြင်းကြောင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများသည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဒေသခံဖြစ်သူ ဒေါ်ခင်မာဝင်းက ''အစ်မတို့ရဲ့ လက်ခုပ်ကုန်းကျေးရွာဆိုရင်ကမ်းခြေတစ်လျှောက်မှာရှိတဲ့သစ်ပင်တွေက အုတ်တံတိုင်းကြီးဖြစ်ပါတယ်။ ဒီသစ်ပင်တွေရှိလို့ လှိုင်းဒဏ်၊ လေဒဏ်တွေကို ဒီရေတောသစ်ပင်တွေနဲ့ ကာထားတာဖြစ်ပါတယ်။ နောက် အစ်မတို့ရွာတွေရဲ့ ပင်မစီးပွားရေးက ဒီကလာတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးသားပုဇွန်တွေက ဒီရေတော တွေရှိနေလို့ဖြစ်ပါတယ်။ အခုလိုဒီရေတောတွေကို ပြန်လည်ပြုစုပေးတာက အစ်မတို့ရွာတွေအတွက် အုတ်တံတိုင်းကြီးလာခတ်ပေးသလိုခံစားရပါတယ်''ဟု ပြောသည်။
Worldview International Foundation (WIF) သည် ၂ဝ၁၅ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ရွှေသောင်ယံမြို့နယ်တွင် ဒီရေတောဧရိယာ (၁၈ဝဝ) ဧကကို အောင်မြင်စွာ ပြန်လည်ထိန်းသိမ်း စိုက်ပျိုးပြီးသည့်အပြင် ယင်းဒေသတစ်ဝိုက်ရှိ ဒေသခံပြည်သူများ၏ပညာရေးနှင့် လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ 
AA
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။