contents

သတင်းများ

ထိုင်းနိုင်ငံ တောတွင်းတွင် ပုန်းအောင်းရင်း အစာရေစာပြတ်လပ်ခဲ့သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၃ ဦးနှင့် အခြားလုပ်သား ကိုးဦးကို နေရပ်ပြန်ပို့

နေ့ရက်:
Jul 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Akonthi

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်သမားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးနေမှုများကြောင့် ကန်ချနပူရီခရိုင်မှ မြန်မာအလုပ်သမား ၁၃ ဦးသည် လုပ်ငန်းခွင်မှ ထွက်ပြေးပြီး တောတွင်းတွင် ပုန်းအောင်းနေရသောကြောင့် အစာရေစာပြတ်လပ်နေသဖြင့် ဇူလိုင်လ ၆ ရက်တွင် MOEAF (ဘန်ကောက်) Call Centre သို့ အကူအညီတောင်းခံလာကြောင်း MOEAF ပြန်ကြားရေးကော်မတီမှ သိရသည်။



MOEAF မှ တာဝန်ရှိသူများသည် ယင်းဖြစ်စဉ်ကို အလုပ်သမားသံအရာရှိထံ သတင်းပို့၍ ဇူလိုင်လ ၇ ရက်တွင် ကန်ချနပူရီမြို့သို့ သွားရောက်ခဲ့ပြီး မြန်မာအလုပ်သမား ၁၃ ဦးကို ထိုင်းအာဏာပိုင်များနှင့် အတူ ပူးပေါင်းကယ်တင်ခဲ့ပြီး MOEAF သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


ထိုင်းနိုင်ငံ တောတွင်းတွင် ပုန်းအောင်းရင်း အစာရေစာပြတ်လပ်ခဲ့သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၃ ဦးနှင့် အခြားလုပ်သား ကိုးဦးကို နေရပ်ပြန်ပို့

’’ကျွန်တော်တို့ ထိုင်းကလေး ၁၃ ယောက် ဂူတွင်းပိတ်မိနေတုန်းကလည်း မြန်မာနိုင်ငံသားတွေ စိတ်ပူနေကြပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း အကူအညီတွေ ပေးခဲ့ကြောင်း သိရပါတယ်။ အခု မြန်မာနိုင်ငံသား ၁၃ ဦး တောထဲမှာ အစာရေစာပြတ်နေတဲ့အတွက် ခင်ဗျားတို့ နိုင်ငံသားတွေအတွက် ပူပန်နေမယ်ဆိုတာကို ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အကူအညီတွေကို တုံ့ပြန်ပေးတာပါ ” ဟု တောတွင်းတွင် လိုက်ပါကူညီခဲ့သော ထိုင်း လဝက အရာရှိက MOEAF မှ ရုံးအဖွဲ့မှူး ဦးသက်ပိုင်စိုး ကို ပြောကြားခဲ့ကြောင်း သိရသည်။



ယင်းအလုပ်သမား ၁၃ ဦးနှင့်အတူ ထိုင်းနိုင်ငံသို့ ပွဲစားများမှတဆင့် တရားမဝင် ဝင်ရောက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခဲ့သော အလုပ်သမား ငါးဦး၊ အခြားအထောက်အထားမဲ့ လေးဦး၊ စုစုပေါင်း အထောက်အထားမဲ့ ၂၂ ဦးကို MOEAF ဘန်ကောက်ရုံးတွင် ကျွေးမွေး စောင့်ရှောက်ထားခဲ့ပြီး အလုပ်သမားသံအရာရှိများက မြန်မာနိုင်ငံသား ဟုတ်/မဟုတ် စစ်ဆေးကာ ဘန်ကောက်မြို့မှ တဆင့် မြဝတီမြို့ ကျောက်လုံးကြီးစခန်းသို့ ဇူလိုင်လ ၁၉ ရက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 



 - အောင်သူရိန်( အကုန်သိသတင်းဌာန)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။