Lotayamm

search
မာတိကာ

contents

သတင်းများ

အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ် လက်ခံရာ၌ နယ်မြေကျော်လွန် လက်ခံမှုများကို အရေးယူမည်

နေ့ရက်:
May 17, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
''နယ်မြေဧရိယာအလိုက် အပ်နှံရမယ့်ကျောင်းတွေကို မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ ကိုယ့်နယ်မြေထဲကမဟုတ်ဘဲ ကျောင်းအပ်နှံမှုတွေကို ဘယ်လိုအချက်တွေရှိရင် လက်ခံရမယ်ဆိုတာ ညွှန်ကြားထားပြီးသားပါ။ သက်ဆိုင်ရာ နယ်မြေမှာရှိတဲ့ ကျောင်းသားက အပ်လို့မရဘဲ တခြားနယ်မြေက ကျောင်းသားတွေချည်းပဲ လက်ခံထားတယ်ဆိုရင်၊ လိုက်နာရမယ့်စည်းကမ်းကို မလိုက်နာရင် အရေးယူမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး(စီမံ)မှ ညွှန်ကြားရေးမှူးက ပြောသည်။ 
 
ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့နေထိုင်သော မြို့နယ်ဧရိယာအလိုက် သတ်မှတ်ထားသည့်ကျောင်းများတွင်သာ ကျောင်းအပ်နှံခွင့်ပြုမည်ဖြစ်ပြီး ကျောင်းများအနေ ဖြင့် မိမိတို့သက်ဆိုင်ရာနယ်မြေရှိ ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေးလက်ခံပြီးမှသာ အခြားနယ်မြေများမှ တက်ရောက်လိုသူများကို လက်ခံရမည်ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် ကျောင်းအပ်လက်ခံရာတွင် လက်ရှိတွင် ကျောင်း၌ တက်ရောက်နေဆဲ ညီအစ်ကိုမောင်နှမအရင်းအချာရှိသူများ၊ ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၏ သားသမီးများကိုသာ နယ်မြေကျော်လွန်လက်ခံခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ ကျောင်းအပ်နှံမှုနှုန်း မြင့်မားလာခြင်းတို့ကြောင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေပေးလိုခြင်း၊ နယ်မြေ ကျော်လွန်လက်ခံမှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများနှင့် လာဘ်စားမှု၊ ယာဉ်ကြော ကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကျောင်းအပ်နှံ ရန် ညွှန်ကြားထားကြောင်း သိရသည်။  အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံမှုများကို လက်ခံဆောင်ရွက်မည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
PTL ( pyay )
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။