Lotayamm

search
မာတိကာ

contents

သတင်းများ

ဝါရင့်အိမ်ထောင်ဘက်တွေကိုပင် လမ်းခွဲစေနိုင်တဲ့ အကြောင်းတရား (၇)ခု

နေ့ရက်:
May 16, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ဘယ်လောက်ပဲချစ်ခင် ကြင်နာကြတယ် ဆိုပါစေဦး ကွဲဖို့ရာအကြောင်းတရားတွေ ဖန်တီးလာရင်တော့ ကွဲကြရတာပါဘဲ။ တစ်ချို့က ငယ်ချစ်မို့ မကွဲနိုင်ဘူးလို့ထင်တဲ့ စုံတွဲတွေတောင် အောက်မှာဖော်ပြထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြာကြာတောင့်မခံနိုင်ပါဘူး။ ဒီတော့ ဒီပြဿနာတွေကို သိထားရင်/ရှောင်နိုင်ရင် သင်တို့အိမ်ထောင်ရေး သိကြားမင်းဖြတ်တောင် မပြတ်ဘူးမှတ်ပါ။


(၁) လိင်မှုအဆက်အသွယ်



လင်နဲ့မယားဆိုတာ လိင်မှုအဆက်အသွယ်နဲ့ မကင်းစကောင်းပါဘူး။ အိမ်ထောင်သက် ရင့်သွားသူတိုင်း ညားကာစစုံတွဲတွေလို ပျော်ပါးမြူးတူးနေမှာတော့ မဟုတ်ပေမယ့် တစ်ချို့က ဒီကိစ္စကို အသက်(၆၀)ကျော် (၇၀)တွေလို ရှောင်ရှားနေကြတာမျိုးဟာ နုတုန်းပျိုတုန်း အိမ်ထောင်သည်ဘဝမှာတော့ မရှိသင့်ပါဘူး။ ရှိနေပြီဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ အမှားတွေ ရှိနေလို့ပါ။ ဒီလိုခပ်ကင်းကင်းနေလေ ပြဿနာက ကြီးနိုင်လေပါဘဲ။


(၂) ငွေရေးကြေးရေး ပြဿနာ



ငွေဟာ လူ့ဘဝမှာ မရှိမဖြစ်လိုပါတယ်။ ဒါက အခြေခံသဘောတရားပါ။ ဒီတော့ လူတွေရဲ့ဘဝမှာ ငွေမရှိရင်၊ ငွေရေးကြေးရေးပိုင်း ပြဿနာတွေတက်နေရင် ဘယ်သူမှ နေပျော်ကြမှာ မဟုတ်ပါဘူး။ ဒီတော့ ဘယ်လောက်ပဲ အိမ်ထောင်သက် ရင့်ပါတယ်ဆိုတဲ့ စုံတွဲဖြစ်ပါစေ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ လောကဓံတရားကို အချိန်ကြာမြင့်စွာ တောင့်မခံနိုင်ဘဲ ကတောက်ကဆတွေ ဖြစ်တတ်ပါတယ်။


(၃) နေစရာအသိုက်အမြုံမရှိရင်



တူနှစ်ကို တဲအိုပျက်မှာ ထမင်းရေအတူ လျက်ရပါစေတော့-ဆိုတာ သီးချင်းထဲမှာ အလွန်နားထောင်လို့ကောင်းတဲ့ စားသားလေးပါ။ ဆိုတော့ တစ်ချို့ကိစ္စတွေမှာ စိတ်ကူးယဉ်လို့သာ ကောင်းပါတယ်။ တကယ်တမ်း လူတွေမှာ အခြေအနေအရပ်ရပ်ကြောင့် အိုးအိမ်မဲ့ခြင်းစတဲ့လောကဓံကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် ဒီကိစ္စဟာ အိမ်ထောင်တစ်ခု ပြိုကွဲစေနိုင်တဲ့ ပြဿနာဖြစ်သွားတတ်ပါတယ်။


(၄) မတည့်အတူနေ ဖြစ်လာခဲ့ရင်



လင်နဲ့မယားကြားမှာ မတည့်အတူနေဆိုတဲ့ အခြေအနေက မဖြစ်သင့်ပါဘူး။ ဒီလင်ဒီမယား ဖြစ်လာကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မာနနဲ့အတ္တတွေ ပြိုင်ပြီး နောက်ဆုံး တစ်ချိန်က ခါးလေးကိုဖက်၊ ပါးလေးကိုအပ်ပြီး ပေါင်းသင်းလာကြတဲ့ အကြင်လင်မယားဟာ ရန်သူကြီးတွေလို နောက်ကျောမလုံတဲ့ အခြေအနေမျိုး ရောက်လာရင်လည်း ဒီလင်ဒီမယား မကြာဘူး ကွဲမှာပါ။


(၅) ကတိမတည်ခြင်း



ကတိမတည်ခြင်းဆိုတာ တစ်စုံတစ်ယောက်ရဲ့စိတ်ထဲမှာ လွယ်လွယ်ကူကူ မေ့ပျောက်လို့ရနိုင်တဲ့ သေးမွှားတဲ့ ပြဿနာမျိုး တစ်ခါတလေ ဟုတ်ချင်မှဟုတ်မှာပါ။ လက်ထပ်ပြီးရင် ဘယ်လို ချမ်းချမ်းသာသာ နေရပါစေ့မယ်ကွာ-စတဲ့ ကတိမျိုးတွေ၊ လူတစ်ယောက်ရဲ့စိတ်ထဲမှာ အိပ်မက်မက်ထားတဲ့ကိစ္စမျိုးကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်ပေးမယ်ဆိုတဲ့ ကတိမျိုးတွေဟာ တကယ်ဖြစ်သင့်တဲ့အချိန်မှာ မတည်ဘူးဆိုရင် အကြီးအကျယ် ပြဿနာဖြစ်သွားနိုင်ပါတယ်။


(၆) အိမ်ထောင်ရေးဖောက်ပြန်ခြင်း



လင်နဲ့မယားကို ပြတ်ဆဲစေတဲ့ ပြဿနာတွေထဲမှာတော့ အိမ်ထောင်ရေးဖောက်ပြန်မှုဟာ အလွန်ကြီးမားတဲ့ ပြဿနာပါဘဲ။ အချစ်ကိုဝေစားဖို့လောက်အထိ ဘယ်သူကမှ စိတ်ရင်းသဘောထား မကောင်းနိုင်ကြပါဘူး။ တစ်ခါတလေ သားလေးတွေ သမီးလေးတွေ မျက်နှာကြောင့် အောင့်အည်းငြိမ်နေရပေမယ့် သည်းမခံနိုင်တဲ့အချိန်မျိုးမှာ ဒီစစ်ပွဲဟာ သူသေကိုယ်သေအထိ ပြင်းထန်နိုင်ပါတယ်။ နိုင်ငံကျော် အနုပညာရှင်တွေထဲမှာလည်း ဒီလိုမျိုးဖြစ်ရပ်တွေ မကြာခဏ ရှိခဲ့သလို၊ နေ့စဉ် သတင်းတွေထဲမှာလည်း ဒီလိုဖြစ်ရပ်တွေက မြင်တွေ့နေကျ သတင်းတွေပါ။


(၇) အနိုင်ကျင့်စော်ကားခြင်း



တစ်ချို့သောအမျိုးသမီးတွေက ယောက်ျားကို နွားနဲ့နှိုင်းကြပါတယ်။ တစ်ချို့သော အမျိုးသားတွေက မယားနဲ့နွား မသနားနဲ့ဆိုပြီး တစ်ချို့က အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ-လို့ ဆိုတတ်ကြပါသေးတယ်။ ဘယ်သူကမှ ကိုယ့်အသားကို နှင်းဆီပွင့်ဖက်နဲ့ပေါက်တာမဟုတ်ဘဲ တမင်သက်သက် အနိုင်ကျင့်ပြီး နာကျင်စေတာမျိုးကို သဘောကျနှစ်ခြိုက် အူလှိုက်သည်းလှိုက် ရယ်မောနေတာမျိုး ရှိမှာမဟုတ်ပါဘူး။ ဒီတော့ ဒီလို နှိပ်စက်ဖန်များလာတယ်ဆိုရင်တော့ ဘယ်လောက်ပဲ အိမ်ထောင်သက် ရင့်ပါစေ … ကွဲဖို့အကြောင်းသာ ဖြစ်ပါကြောင်း။


နတ်စည်တော် (Shwemom)



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။