contents

သတင်းများ

ပညာအရည်အချင်း အဓိကမဟုတ်တဲ့ ၀င်ငွေကောင်းနေတဲ့ အလုပ်အကိုင်များ

နေ့ရက်:
Mar 12, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ဘ၀မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ဘွဲ့ရခြင်း၊ မရခြင်းနဲ့ပတ်သက်လို့ လူတွေရဲ့အတွေးတွေက တစ်ယောက်တစ်မျိုးနဲ့ပါ။ အချို့က ကောလိပ်၊ တက္ကသိုလ်ကကျောင်းပြီးလို့ ဘွဲ့ရမှ ဂုဏ်ရှိတယ်၊ လူရာဝင်တယ်လို့ ယူဆကြပါတယ်။ ဘွဲ့မရပေမယ့်လည်း ကိုယ်ဝါသနာပါရာ အလုပ်မှာ ဘွဲ့ရသူတွေထက် ထူးချွန်အောင် ကိုယ်လမ်းကိုယ်ဖောက်ရင်း ကြီးပွားကြသူတွေလည်း ယနေ့ခေတ်မှာ အများအပြားတွေ့ရမှာပါ။ အောက်မှာတော့ ဘွဲ့ဒီဂရီရဖို့မလိုပဲ ကိုယ်သာအမှန်တကယ်စိတ်ဝင်စားပြီး ကြိုးစားရင် ကြီးပွားနိုင်တဲ့အလုပ်အကိုင်လေးတွေကို ဖော်ပြပေးထားပါတယ်။


၉။ စွန့်ဦးတီထွင်သူ



စွန့်ဦးတီထွင်သူတစ်ယောက်ဟာ သူများပေးတဲ့အခကြေးငွေကိုယူပြီး တစ်နေကုန်ရုံးမှာ ထိုင်အလုပ်လုပ်နေတဲ့သူလို မဟုတ်ပါဘူး။ စွန့်ဦးတီထွင်သူတစ်ယောက်ဆိုတာ သူ့ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်သူပါ။ ကိုယ်ပိုင်လုပ်ငန်းကို ကိုယ်တိုင်ကြိုးစားအားထုတ်ရသူ ဖြစ်တာကြောင့် ဘွဲ့၊ ဒီဂရီတွေအစား ပြင်းပြတဲ့ခံယူချက်နဲ့ အောင်မြင်ဖို့ဆန္ဒသာရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ စာဖတ်သူဟာ အကောင်းမြင်တတ်မယ်၊ ထကြွလုံ့လရှိသူလည်းဖြစ်မယ်၊ အနာဂတ်ကို ကြိုတင်မှန်းဆနိုင်တဲ့ဥာဏ်ရှိသူဆိုရင်တော့ စွန့်ဦးတီထွင်သူ လုပ်ဖို့သင့်ပါတယ်။ အချို့စွန့်ဦးတီထွင်သူတွေကတော့ အတတ်ပညာတစ်ခုမှာ ထူးချွန်အောင်ဆည်းပူးကြပြီး မိမိချဉ်းကပ်မယ့်နယ်ပယ်နဲ့ ဈေးကွက်ကို သေချာလေ့လာပြီးမှ စွန့်စားကြပါတယ်။


၈။ မိတ်ကပ်အလှဖန်တီးရှင်



ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ပြဇာတ်အနုပညာရှင်တွေအတွက် မိတ်ကပ်ဖန်တီးရှင်တွေဆိုတာဟာ မရှိမဖြစ်ပါ။ ဇာတ်ဝင်ခန်းထဲမှာ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သူတို့တွေက အနုစိတ်ခြယ်မှုန်းပေးကြသူတွေ ဖြစ်ပါတယ်။ မိတ်ကပ်လက်စွမ်းထက်သလောက် ၀င်ငွေလည်းကောင်းတဲ့ အလုပ်အကိုင်တစ်ခုပါ။ တကယ်လို့ ဖက်ရှင်လောကကိုလည်းစိတ်ဝင်စားတယ်၊ ဘွဲ့ဒီဂရီတစ်ခုရဖို့အတွက်လည်း စာအများကြီးမဖတ်နိုင်ဘူးဆိုရင် မိတ်ကပ်ပညာရှင်အလုပ်က အသင့်တော်ဆုံး ဖြစ်ပါတယ်။


၇။ အရောင်းကိုယ်စားလှယ်



ကုန်ပစ္စည်းတစ်ခုကို ရောင်းချဖို့ဖြစ်စေ၊ လူသိများအောင်လုပ်ဖို့အတွက်ဖြစ်စေ နေရာအနှံ့သွားပြီး ဖောက်သည်တွေလိုက်ရှာပေးရတာဟာ အရောင်းကိုယ်စားလှယ်တွေပါ။ သူတို့တွေကို များသောအားဖြင့် ကော်မရှင်ပေါ်မှာ မူတည်ပြီးလစာတွက်ချက်ပေးလေ့ရှိပါတယ်။ သူတို့က ကုမ္ပဏီအတွက် အော်ဒါအမှာစာတွေ များများရအောင် လုပ်ပေးနိုင်လေ ကော်မရှင်ပိုရလေပါပဲ။ ဒါပေမယ့် အရောင်းကိုယ်စားလှယ်တွေရဲ့အလုပ်က လွယ်တော့မလွယ်လှပါဘူး။ အပေါင်းအသင်းဆန့်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်ဖို့လိုအပ်တဲ့အပြင် ကိုယ့်ပစ္စည်းကို သူတစ်ပါးက ၀ယ်ချင်လာအောင် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးပြောပြ ပေးတတ်ရပါတယ်။


၆။ ပန်းချီအနုပညာရှင်



စာဖတ်သူဟာ အနုပညာကိုစိတ်ဝင်စားသူဖြစ်ပြီး ပုံဆွဲ၊ ခဲခြစ်၊ ဆေးခြယ်စတဲ့ ပန်းချီနဲ့ဆက်စပ်တဲ့အလုပ်တွေကို လုပ်ကိုင်မယ်လို့ ရည်ရွယ်ထားရင် ဘွဲရဖို့မလိုပါဘူး။ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး ဖန်တီးနိုင်စွမ်းရှိရင် ရှိသလောက် ၀င်ငွေများပြီး တိုးတက်နိုင်တဲ့အလုပ်အကိုင်လည်း ဖြစ်ပါတယ်။


၅။ အွန်လိုင်းစာရေးသူ



အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အတွေးအခေါ်၊ သဘောထားနဲ့ အတွေ့အကြုံတွေကို အွန်လိုင်းပေါ်မှာ သူများတွေအတွက် ပြန်လည်ရေးသား မျှဝေပေးရသူဖြစ်ပါတယ်။ အချိန်ပြည့်ဖြစ်ဖြစ်၊ အချိန်ပိုင်းပဲဖြစ်ဖြစ် လုပ်နိုင်တဲ့အလုပ်အကိုင်လည်း ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ဘလော့ရေးသားခြင်းနဲ့ပတ်သက်လို့ အချိန်အနည်းငယ်ယူရမှာဖြစ်ပေမယ့် ၀င်ငွေတော်တော်လေး ကောင်းတယ်လို့ သိရပါတယ်။


၎။ အသံသွင်းမှတ်တမ်းကူးယူသူ



အသံဖိုင်တွေနားထောင်ပြီး ထိုအသံဖိုင်ထဲကကြားရသမျှတွေကို ကွန်ပြူတာနဲ့ လိုက်ရေးသားပေးရတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီတွေက မှတ်တမ်းကူးယူသူတွေကို အတွေ့အကြုံမရှိလည်း ငှားရမ်းကြလေ့ရှိပါတယ်။ ဒီအလုပ်လုပ်ဖို့အတွက်ကွန်ပြူတာနဲ့ ကီးဘုတ်တစ်လုံးရှိရင်ပဲ တော်တော်ကြီးအဆင်ပြေနေပါပြီ။  အသံသွင်းမှတ်တမ်းတွေမှာ ကောလိပ်သင်ကျောင်းစာတွေကစလို့ ဆရာဝန်ရဲ့ ဆေးပညာသတ်ပုံအကြောင်းတွေ နားထောင်ရတဲ့အထိ အမျိုးမျိုးရှိနိုင်ပါတယ်။


၃။ ဆိုရှယ်မီဒီယာမန်နေဂျာ



ဆိုရှယ်မီဒီယာမန်နေဂျာတွေဟာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအတွက် တွစ်တာ၊ ဖေ့စ်ဘုတ်နဲ့ လင့်ခ်အင်လို ဆိုရှယ်မီဒီယာတွေပေါ်မှာ အလုပ်လုပ်ကိုင်ပေးရပါတယ်။ နေ့စဉ်နေ့တိုင်း ပို့်စ်အသစ်တွေတင်ပေးတာ၊ ကုန်ပစ္စည်းအသစ်တွေ ၀င်လာရင် ပို့စ်အသစ်တွေ ဖန်တီးရေးသားပေးတာ၊ မေးခွန်းတွေနဲ့ ကွန်းမန်တွေကို ပြန်လည်ဖြေဆိုပေးတာ စတာတွေကို လုပ်ဆောင်ရပါတယ်။ တကယ်လို့စာဖတ်သူဟာ လူမှုဆက်ဆံရေး အတော်ကြီးကောင်းမွန်သူလည်းဖြစ်တယ်၊ လုပ်ငန်းအစီအစဉ်တွေကိုလည်း ကျကျနနရေးဆွဲတတ်ပြီး ပြဿနာဖြေရှင်းနိုင်စွမ်းအား ကောင်းသူဆိုရင်တော့ ဆိုရှယ်မီဒီယာမန်နေဂျာအလုပ်နဲ့သင့်လျော်ပါတယ်။ ၀င်ငွေကလည်း မဆိုးလှပါဘူး။


၂။ ဖုန်းအော်ပရေတာ



ဖုန်းအော်ပရေတာအလုပ်လုပ်ဖို့ ဘွဲ့ရစရာမလိုပေမယ့် ဖောက်သည်တွေအပေါ်မှာ စိတ်ရှည်သည်းခံနိုင်ပြီး ဖြတ်ထိုးဥာဏ်ကောင်းဖို့ လိုအပ်ပါတယ်။ မိမိဆီက ပစ္စည်းဝယ်ယူပြီး မိမိဝန်ဆောင်မှုကို သုံးစွဲနေတဲ့ဖောက်သည်က မေးလာတဲ့မေးခွန်းတွေကို ရေရေလည်လည်ဖြေနိုင်ဖို့ လိုအပ်တဲ့အပြင် ဖောက်သည်တွေက တင်ပြလာတဲ့အခက်အခဲတွေကိုလည်း မြန်မြန်ဆန်ဆန် ကူညီဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်။


၁။ စာကြည့်တိုက်ကျွမ်းကျင်ဝန်ထမ်း



စာကြည့်တိုက်မှုးတစ်ယောက်ဖြစ်ဖို့အတွက် နှစ်ရှည်လများကျောင်းတက်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ရယူဖို့လိုပါလိမ့်မယ်။ ဒါပေမယ့် စာကြည့်တိုက်ဝန်ထမ်းတွေကျတော့ အထက်တန်းအဆင့် အောင်လက်မှတ်လေးတစ်ခုရှိနေရင်ကို တော်တော် အဆင်ပြေနေပါပြီ။ စာအုပ်တွေနေသားတကျဖြစ်အောင် စီမံတာ၊ စာအုပ်အသစ်တွေမှာတာ၊ စာအုပ်တွေကို စင်မှာစီစဉ်ထားရတာ၊ စာအုပ်လာငှားတဲ့သူတွေကို စာအုပ်ကူရှာပေးတာ စတာတွေလုပ်ဖို့ ကူညီရမှာဖြစ်ပါတယ်။ လစာတော့ အများကြီးရမှာမဟုတ်ပေမယ့် ဘွဲ့လဲရစရာမလိုပဲ စိတ်အေးလက်အေးနဲ့ လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းခွင်လေးဖြစ်ပါတယ်။


လင်းလင်း (ShweMom)


Source: bornrealist


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။