contents

သတင်းများ

ကမ္ဘာတစ်ဝှမ်းက အန္တရာယ်အများဆုံး အလုပ်အကိုင် (၁၀)မျိုး

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

သင်ဟာ အန္တရာယ်များပြီး သည်းထိတ်ရင်ဖိုဆန်တဲ့ အလုပ်မျိုးတွေကိုမှ စိတ်ဝင်စားလို့ အောက်ပါအလုပ်မျိုးတွေထဲက တစ်မျိုးမျိုးကိုလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ သင်သေချာစဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒီအလုပ်တွေက စိတ်လှုပ်ရှားစရာကောင်းပြီး လစာလည်းများမယ်လို့ ထင်ရပေမယ့် သေချာတာတစ်ခုကတော့ အန္တရာယ်အရမ်းများတာပါပဲ။


အန္တရာယ်အများဆုံးအလုပ်တွေက ဘာတွေလဲဆိုတာကို Shwemom ပရိသတ်ကြီး ဗဟုသုတရအောင် ဖော်ပြပေးလိုက်တယ်နော်။ သင်ရော ဘယ်တစ်ခုက အန္တရာယ်အများဆုံးလို့ထင်လဲ။


# ဆောက်လုပ်ရေးလုပ်သား


image: Flickr

အသက်ကာကွယ်ရေးပစ္စည်းကိရိယာတွေ ဝတ်စုံတွေ အသုံးပြုကြပေမယ့်လည်း အလွန်မြင့်တဲ့နေရာတွေမှာ လေးလံအန္တရာယ်များတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သယ်ဆောင်လုပ်ကိုင်ကြရတာဟာ အလွန်ခက်ခဲလှပါတယ်။ လုပ်သားတွေအပေါ်ပစ္စည်းပြိုကျမှု အန္တရာယ်လည်း ရှိပါတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၇၀,၀၀၀ (မြန်မာငွေ သိန်း ၄၀၀ မှ သိန်း ၉၀၀ ခန့်)


# ပစ္စည်းပို့သမား


image: Flickr

ပစ္စည်းမှာထားတဲ့လူတွေက အနည်းငယ်နောက်ကျတာနဲ့ စောဒကတက်တတ်ကြတဲ့အတွက် ပစ္စည်းပို့သမားတွေဟာ စက်ဘီးကို အလျင်အမြန်နင်းပြီး ပို့ပေးကြရပါတယ်။ ပို့နေစဉ်မှာ ပစ္စည်းအလုခံရတာမျိုးလည်း ကြုံတတ်ကြရပါသေးတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၂၇,၀၀၀ မှ ၃၅,၀၀၀ (မြန်မာငွေ သိန်း ၃၅၀ မှ သိန်း ၄၆၀ ခန့်)


# တောင်ပေါ်လမ်းပြသူ


image: Flickr

ဒီအလုပ်ဟာ တာဝန်ယူမှုများစွာ လိုအပ်ပါတယ်။ တောင်တက်ရင်း ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေ မိမိကိုယ်ကို ကာကွယ်ရရုံသာမက မိမိလမ်းပြပေးရတဲ့ ခရီးသည်တွေကိုပါ တာဝန်ယူစောင့်ရှောက်ပေးရပါတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၇၀,၀၀၀ (မြန်မာငွေ သိန်း ၉၀၀ ကျော်)


# မြွေဆိပ်ထုတ်သူ


image: Flickr

မြွေဆိပ်ထုတ်တဲ့အလုပ်လုပ်ရင်း တစ်နေ့တာ ကုန်ဆုံးရတဲ့ လူတွေရှိပါတယ်။ မြွေဆိပ်ကို မြွေဆိပ်ဖြေဆေးထုတ်တဲ့ နေရာမှာ သုံးတာဖြစ်ပြီး အဆိပ်ထုတ်ရာမှာ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပေမယ့်လည်း အန္တရာယ်ကတော့ များသေးတာပါပဲ။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၀,၀၀၀ (မြန်မာငွေ သိန်း ၄၀၀ ခန့်)


# Microchip ထုတ်လုပ်ရေး လုပ်သား


image: Flickr

ကွန်ပြူတာ Chip တွေ ထုတ်လုပ်ရာမှာ အာဆင်နစ်ဓာတ်ပစ္စည်းကဲ့သို့ ဓာတုပစ္စည်းတွေ ပါရှိတဲ့အတွက် ရေတိုမှာ ဘာမှမထူးခြားရင်တောင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အလုပ်ဖြစ်ပါတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၆၁,၀၀၀ (မြန်မာငွေ သိန်း ၈၀၀ ခန့်)


# စစ်ပွဲအတွင်း ဆက်သွယ်သတင်းပေးရသူ


image: Flickr

ဒီအလုပ်က အန္တရာယ်များတာ ပြောစရာတောင်မလိုပါဘူး။ ဒီအလုပ်ရဲ့ အန္တရာယ်တွေကတော့ ပြန်ပေးဆွဲခံရတာတွေ၊ နှိပ်စက်ခံရတာတွေနဲ့ သေဆုံးခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၆,၀၀၀ (မြန်မာငွေ သိန်း ၄၇၀ ခန့်)


# ရေနံလုပ်သား


image: Flickr

သူတို့ဟာ ကမ္ဘာပေါ်မှာ မီးလောင်အလွယ်ဆုံးအရာနဲ့ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ မီးလောင်ပေါက်ကွဲခြင်း၊ ရေနစ်ခြင်းတို့လည်းဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ စက်ပစ္စည်းထဲ ညပ်နိုင်ပါသေးတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၇၀,၀၀၀ မှ ၁၄၀,၀၀၀ (မြန်မာငွေ သိန်း ၉၀၀ မှ သိန်း ၁၈၀၀ ကျော်)


# မိကျောင်းနဲ့ သရုပ်ပြသူ


image: Flickr

မိကျောင်းသရုပ်ပြသူတွေဟာ မိကျောင်းပါးစပ်ထဲကို မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထည့်ပေးတဲ့အထိ အသက်ကို စွန့်စားကြရပါတယ်။ မိကျောင်းမြီးနဲ့လည်း ကစားပြရပြီး အခြားမယုံနိုင်စရာ အကွက်တွေလည်း လုပ်ပြရပါသေးတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – တစ်နာရီကို အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (မြန်မာငွေ တစ်နာရီ ၁ သောင်းကျော်)


# သစ်ဖြတ်သမား



ဒီအလုပ်လုပ်သူတွေဟာ အခြားအလုပ်တွေထက် သေဆုံးနိုင်ချေ အဆ (၂၀)များကြောင်း သိရပါတယ်။ နေ့စဉ်နဲ့အမျှ လွှတွေ၊ စက်တွေနဲ့ အလုပ်လုပ်ရသူတွေဟာ တစ်ခါတစ်ရံစက်ချို့ယွင်းမှုကြောင့် သေဆုံးရတာရှိသလို သစ်ပင်ပိခြင်းကြောင့်လည်း သေဆုံးကြရပါတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၆,၀၀၀ မှ ၄၁,၀၀၀ (မြန်မာငွေ သိန်း ၄၇၀ မှ သိန်း ၅၄၀ ခန့်)


# ငါးဖမ်းသမား


image: Flickr

ဘယ်လိုမှ အေးချမ်းတည်ငြိမ်မှုမရှိတဲ့ အလုပ်ဖြစ်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ၊ ပစ္စည်းကိရိယာချို့ယွင်းမှုတွေကြောင့် ခက်ခဲတဲ့အလုပ်ဖြစ်တဲ့အတွက် အန္တရာယ်အများဆုံး အလုပ်များထဲမှာ ပါဝင်ပါတယ်။


ပျှမ်းမျှတစ်နှစ်စာဝင်ငွေ – အမေရိကန်ဒေါ်လာ ၃၀,၀၀၀ (မြန်မာငွေ သိန်း ၄၀၀ ခန့်)


White (Shwemom)


Ref: Laughing Colors


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။