Lotayamm

search
မာတိကာ

contents

သတင်းများ

Valentine’s Day မှာ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ လုံးဝမလုပ်သင့်တဲ့အရာများ

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

တစ်နှစ်မှာတစ်ကြိမ်သာကျရောက်တဲ့ ချစ်သူများနေ့ဟာ ချစ်သူတွေအတွက်တော့ တကယ့်ကို ပျော်စရာကောင်းတဲ့ ပွဲတော်နေ့ကြီးလိုပါပဲ။ ဒီအချိန်မှာ အချင်းချင်းလက်ဆောင်လေးတွေပေးကြ၊ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးကြနဲ့ အဓိပ္ပါယ်ရှိရှိဖြတ်သန်းချင်ကြတာ ချစ်သူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ ဘယ်အရာမှအလွန်အကျွံလုပ်တာမကောင်းတာကြောင့် မိန်းကလေးတွေအနေနဲ့ ချစ်သူများနေ့မှာ ဒီအရာလေးတွေကို ရှောင်ရှားပေးတာ အကောင်းဆုံးပါပဲ။


(၁) အတိုအပြတ်တွေဝတ်တာ



မိန်းကလေးတစ်ယောက်ဟာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံကိုဝတ်လို့ရပါတယ်။ ဒါပေမယ့်လည်း ချစ်သူများနေ့လိုမျိုးမှာတော့ လုံလုံခြုံခြုံဝတ်စားတာအကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ဘဲ အတိုအပြတ်တွေ၊ မလုံမခြုံတွေ ဝတ်စားရင် သူတစ်ပါးက သင့်ကိုအိနြေ္ဒသိက္ခာကင်းမဲ့တဲ့ မိန်းကလေးတစ်ယောက်လို့ မှတ်ချက်ချသွားပါလိမ့်မယ်။ ဒါ့အပြင် သင့်ချစ်သူကိုယ်တိုင်က စိတ်ထဲကနေ သင့်ကိုအထင်အမြင်သေးသွားစေနိုင်တာကြောင့် လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ပါ။


(၂) ချစ်သူခေါ်ရာ နေရာတိုင်းလိုက်သွားတာ


သင့်ချစ်သူဟာ သင့်ကိုအတည်တွဲတာဖြစ်ချင်မှလည်းဖြစ်မယ်၊ သင့်ကိုတကယ်ချစ်တာလည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါကြောင့် ၁၀၀% သူ့ကိုယုံကြည်ပြီး သူခေါ်ရာနောက်ကို လိုက်မသွားပါနဲ့။ သင့်ချစ်သူဟာ အစကတည်းက သင့်ကိုအကြံအစည်နဲ့ ချဉ်းကပ်နေတာဆိုရင် တစ်ရက်တည်းနဲ့ သင့်ဘဝကြီးပျက်စီးသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် ဝေးလံတဲ့နေရာတွေ၊ လူသူကင်းမဲ့တဲ့နေရာတွေနဲ့၊ ဆက်သွယ်ရေးလိုင်းမကောင်းတဲ့နေရာတွေကို ခေါ်ရင် လုံးဝလိုက်မသွားပါနဲ့။ သင့်ဘဝဟာ သင့်ဆန္ဒထက်အရေးကြီးပါတယ်။


(၃) တောင်းဆိုသမျှလိုက်လျောပေးတာ



ရှားပါးတဲ့ပစ္စည်းတိုင်းဟာ အဖိုးတန်စမြဲပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေလွှမ်းမိုးလာတဲ့ မြန်မာနိုင်ငံမှာ မိန်းကလေးတော်တော်များများဟာ အရှက်နဲ့ဂုဏ်သိက္ခာကို သိပ်ပြီးတန်ဖိုးမထားကြတော့ပါဘူး။ ဒီအထဲကမှ သင်ဟာ ရှားပါးတဲ့ အဖိုးတန်မိန်းကလေးတစ်ယောက်ဖြစ်ကြောင့် သက်သေပြလိုက်ပါ။ သင့်ချစ်သူရဲ့ တောင်းဆိုမှုတိုင်းကို လိုက်လျောစရာမလိုတာကြောင့် ငြင်းပယ်သင့်တာကို ပြတ်ပြတ်သားသားငြင်းပယ်လိုက်ပါ။ သင့်ရဲ့တစ်ဘဝလုံးနဲ့ရင်းထားရတဲ့ အရှက်နဲ့သိက္ခာကို တစ်ရက်တည်းနဲ့ လဲမပစ်လိုက်ပါနဲ့၊ လက်ဆောင်ပစ္စည်းတွေနဲ့လည်း လဲမပစ်ပါနဲ့။ သင်ဟာ အဖိုးတန်မိန်းကလေးတစ်ယောက်ပါ။


(၄) သတိလက်လွတ်နေတာ


သင်ဟာမိန်းကလေးတစ်ယောက်ဆိုတာ ဘယ်တော့မှမေ့လို့မရပါဘူး။ ဒါကြောင့် သတိလက်လွတ်၊ စိတ်လွတ်ကိုယ်လွတ် နေထိုင်ပြုမူတာတွေကို ရှောင်ပါ။ အစားအသောက်၊ အသွားအလာ၊ အနေအထိုင် အစစအရာရာ ဆင်ခြင်ပါ။ အကြောင်းကတော့ မသမာသူတွေဆိုတာ အမြဲတမ်းရှိနေတတ်တာမို့ ဒီလိုအချိန်ဟာ အခွင့်အရေးယူဖို့ အကောင်းဆုံးအချိန်ပါပဲ။ နေရာတိုင်းမှာ သတိနဲ့နေထိုင်သွားလာပါ။ နေရာတိုင်းမှာ လျှို့ဝှက်ကင်မရာတွေရှိနိုင်တယ်ဆိုတာ အမှတ်ရပါ။ မိသားစုကိုမပြောချင်ရင်တောင် အယုံကြည်ရဆုံး၊ အရင်းနှီးဆုံး BFF ကို ဘယ်သွားနေတယ်ဆိုတာလေးကိုတော့ msg နဲ့ဖြစ်ဖြစ် အမြဲတမ်းအကြောင်းကြားထားပါ။


(၅) ဆက်သွယ်လို့မရအောင်လုပ်တာ



သင့်ရဲ့ဖုန်းကို လုံးဝစက်ပိတ်မပစ်ပါနဲ့။ အကယ်၍ သင့်ချစ်သူက စက်ပိတ်ဖို့ပြောနေတယ်ဆိုရင်တော့ သေချာတယ် သူ့မှာမကောင်းတဲ့အကြံတစ်ခုခုရှိနေလိုပါပဲ။ ဖြစ်နိုင်ရင် လှည့်ပြန်လာလိုက်တာ အကောင်းဆုံးပါပဲ။ စက်ပိတ်မယ့်အစား vibration သို့မဟုတ် mute mode မှာထားလို့လည်းရပါတယ်။ အကယ်၍ သင့်ချစ်သူဖက်က ပုံစံတွေ၊ အမူအယာတွေ ပျက်ယွင်းနေတယ်ဆိုရင် ချက်ချင်း အကူအညီတောင်းနိုင်အောင်လို့ပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူးနော်။


Em Em(Shwemom)