Lotayamm

search
မာတိကာ

contents

သတင်းများ

သူငယ်ချင်းကောင်းဆိုတာ…

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

လူတိုင်းမှာခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေအများကြီးရှိကြမှာပါ။ဒါပေမဲ့သူငယ်ချင်းကောင်း တစ်ယောက်ကိုရှာတွေ့ပြီလား?သင်ကိုယ်တိုင်ရော သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီလား? ကိုယ်တိုင်မဖြစ်သေးပဲနဲ့တော့ တခြားသူတစ်ယောက်ကောင်းဖို့ကိုမျှော်လင့်လို့မရပါဘူး။ ကိုယ်ကလည်းသူငယ်ချင်းကောင်းဖြစ်မှတူညီတဲ့တုံ့ပြန်မှုဆိုတာရမှာပါ။ဒါဆိုရင်သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?


၁)ပွင့်လင်းမှုရှိပါ


သူငယ်ချင်းအများစုက အဖြူရောင်မုသားကိုသုံးလေ့ရှိပါတယ်။ဒါကလည်း သူတို့ရဲ့ သူငယ်ချင်း အပေါ်မနာကျင်စေချင်လို့ပါ။ဥပမာ သူငယ်ချင်းတွေကရုပ်ရှင်ရုံသွားမယ်လို့ပြောရင် တကယ်မသွားချင်ပေမဲ့လည်း တစ်ခါတည်း မငြင်းရက်ကြပါဘူး။စိတ်မပါပေမဲ့လည်း လာဖြစ်ရင်လာဖြစ်မယ်လို့ပြောလေ့ရှိကြပါတယ်။ဒါပေမဲ့တကယ်တမ်းချိန်းထားတဲ့အချိန်ရောက်ရင် ကိစ္စရှိလို့ဘာညာအကြောင်းပြပြီး မရောက်ဖြစ်တော့ပါဘူး။အဲ့ဒါက ပိုပြီးစိတ်ဆိုးစရာကိစ္စပါ။ နောက်ဆုံးအချိန်ထိသူတို့က သင်လိုက်ဖြစ်မယ်လို့တွေးထားကြပါလိမ့်မယ်။ တကယ်တမ်းအဲ့လို မဟုတ်တဲ့အခါ နှစ်ယောက်လုံးအတွက်အဆင်မပြေနိုင်ပါဘူး။အဲ့လိုမလုပ်ပဲ ကိုယ်မသွားချင်တာကို ပွင့်ပွင့်လင်းလင်းငြင်းဆိုလိုက်ပါ။


၂)ခွင့်လွှတ်ပါ


လူတိုင်းအမှားလုပ်မိနိုင်ပါတယ်။သူငယ်ချင်းတွေကမလုပ်သင့်တဲ့အရာတစ်ခုသင့်အပေါ်လုပ်ခဲ့ မိတယ်ဆိုပါစို့။အဲ့ဒါတွေကအတိတ်တွေဖြစ်သွားခဲ့ပါပြီ။အနာဂတ်အထိသယ်လာဖို့မဟုတ်ပါဘူး။ စိတ်ဆိုးပါ။ဒေါသထွက်ပါ။တစ်ခုခုပြောဆိုလိုက်ပါ။ပြီးရင်တော့သင့်သူငယ်ချင်းကိုခွင့်လွှတ်လိုက်ပါ။


၃)တာဝန်ယူပါ


တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲ တစ်ခြားတစ်ယောက်ကို နာကျင်စေမိတဲ့ အချိန်တွေရှိနိုင်ပါတယ်။လူဆိုတာ ခံစားချက်ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ဒေါသထွက် စိတ်ဆိုးတဲ့အချိန်၊စိတ်ပျော်ရွှင်တဲ့အချိန်စသဖြင့် ရှိတတ်ပါတယ်။စိတ်ဆိုးဒေါသထွက်နေတဲ့အချိန် မှာတစ်ယောက်ယောက်ကိုဒေါသတွေပုံချမိခဲ့ရင် ပြီးရင်ပြန်တောင်းပန်ဖို့မမေ့ပါနဲ့။သင့်ရဲ့ အမှားအတွက်တောင်းပန်ပါ။


၎)အနားမှာရှိပါ


သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ အချိန်တိုင်းအနားမှာရှိပေးတာထက် သူတို့လိုအပ်တဲ့ အချိန်ရှိနေပေးတာ၊အကူအညီလိုအပ်တဲ့အချိန်လုပ်ပေးတာမျိုးပါ။တကယ်အကူအညီလိုအပ်နေတဲ့အချိန်မှာ သူတို့အနားမှာရှိနေပေးတာကသူတို့ကိုသက်တောင့်သက်သာရှိစေသလို အကြံဥာဏ်တွေလည်းပေးနိုင်ပါတယ်။


၅)ကတိတည်ပါ


သူငယ်ချင်းတွေအချင်းချင်းကြားမှာ ကတိပေးထားပြီးရင် တည်ပါ။ကတိမတည်နိုင်ပဲနဲ့ ကတိမပေးပါနဲ့။ကတိဖျက်တာက ယုံကြည်မှုပျက်သွားစေတဲ့အဓိကအကြောင်းအရင်းပါပဲ။


၆)ဂရုစိုက်မှုကိုပြပါ


သင်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ဘယ်လောက်တန်ဖိုးထားလဲ၊ဂရုစိုက်လဲပြပါ။ တစ်ခါတစ်ရံအသေးအဖွဲလေးတွေကလည်း တခြားတစ်ယောက်အတွက် အသေးအဖွဲထက်ပိုတတ်ပါတယ်။


၇)လေးစားမှုရှိပါ


သူငယ်ချင်းတွေကြားထဲမှာလည်းလေးစားမှုရှိသင့်ပါတယ်။သူငယ်ချင်းအုပ်စုတွေကြားထဲရှိနေတဲ့ အချိန် ဘာမဆိုပွင့်ပွင့်လင်းလင်းပြောဆိုလို့ရပေမဲ့ သူစိမ်းတရံတွေနဲ့ဆုံတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် လေးစားမှုရှိသင့်ပါတယ်။


၈)ယုံကြည်မှုပေးပါ


လူအယောက်၁၀၀မှာ ၁၀၀လုံးကမယုံကြည်ရင်တောင် ကိုယ့်အပေါ်ကိုယ့်သူငယ်ချင်းက ယုံကြည်တယ်ဆိုရင်ဒါဟာလည်း သူတို့အတွက်မျှော်လင့်ချက်အကြီးကြီးပါပဲ။ တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်မှုရှိမှ အခက်အခဲတွေကိုရင်ဆိုင်လို့ရမှာပါ။ သူငယ်ချင်းကောင်းတစ်ယောက်ဆိုရင် သူတို့အပေါ်ယုံကြည်မှုပေးပါ။ သူတို့တကယ် မှားခဲ့တယ်ဆိုရင်လည်း ပစ်ပယ်မထားပဲ အဲ့ဒီအမှားကိုသူတို့သိအောင်ဘေးကနေ အားပေးကူညီပေးဖို့လိုပါတယ်။


သူငယ်ချင်းကောင်းဆိုတာ နောက်ပြန်လှည့်ကြည့်တဲ့အချိန်တိုင်း အတူတူပါနေမယ့်သူပါ…


 


 



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။