Lotayamm

search
မာတိကာ

contents

သတင်းများ

၂၀၂၀ ခုနှစ်မှသာရုံတင်နိုင်တော့မယ့် Fast and the Furious 9

နေ့ရက်:
Oct 12, 2017


အမျိုးအစား :
နေ့စဉ်ဘဝ
Akhayar


၂၀၂၀ ခုနှစ်မှသာရုံတင်နိုင်တော့မယ့် Fast and the Furious 9


၂၀၀၁ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့ပြီး လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်ကျော်ကြားခဲ့တဲ့ The Fast and the Furious ဇာတ်လမ်းတွေဟာ လက်ရှိအချိန်အထိထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပေါင်း ၈ ကား ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုမြင့်မားခဲ့တဲ့ ဒီဇာတ်လမ်းတွဲတွေရဲ့ အသစ်ထွက်ရှိမယ့် The Fast and the Furious 9 ကိုတော့ ၂၀၂၀ ခုနှစ်မှသာ ရုံတင်ပြသနိုင်တော့မှာဖြစ်ပါတယ်။


နောက်ဆုံးထွက်ရှိခဲ့တဲ့ ရှစ်ကားမြောက်ဇာတ်ကားဖြစ်တဲ့ The Fate of the Furious ဇာတ်ကားဟာ ၂၀၁၇ ခုနှစ် နှစ်စပိုင်းလတွေမှာ ကမ္ဘာတစ်ဝှမ်းလုံးမှာပြသခဲ့ပြီး အမြတ်ငွေပေါင်း အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒီနေ့အချိန်အထိတော့ ဒီဇာတ်ကားတွေကနေ ရရှိခဲ့တဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရှိခဲ့ပါတယ်။


၂၀၁၇ ခုနှစ်ထဲမှာ ရုံတင်ခဲ့တဲ့ The Fate of the Furious ဇာတ်ကားအပြီးမှာတော့ နောက်ထပ်ဇာတ်ကားအသစ် Fast and the Furious 9 ကို ၂၀၁၉ ခုနှစ် ဧပြီလထဲမှာထွက်ရှိနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပြီး Fast and the Furious 10 ကိုတော့ ၂၀၂၀ ဧပြီလမှာထွက်ရှိနိုင်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။


ဒါပေမဲ့ နှောင့်နှေးကြန့်ကြာမှုတွေရှိနေခဲ့တာကြောင့် Fast and the Furious 9 ဇာတ်ကားကို နဂိုမျှော်မှန်းထားတဲ့အချိန်ထက် တစ်နှစ်လောက်နောက်ကျတဲ့ ၂၀၂၀ ခုနှစ် ဧပြီလမှသာ ပြသနိုင်တော့မှာဖြစ်ပြီး Fast and the Furious 10 ကိုတော့ ၂၀၂၁ ခုနှစ် ဧပြီလမှာမှ ပြသနိုင်တော့မှာဖြစ်တယ်လို့ Fast and the Furious ရဲ့ တရားဝင် Twitter နဲ့ Instagram အကောင့်တွေမှာ ဖော်ပြခဲ့ပါတယ်။


ဒီဇာတ်လမ်းတွေကို ဖြန့်ချိနေတဲ့ Universal Pictures စတူဒီယိုကတော့ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒီဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင် Paul Walker ဆုံးပါးခဲ့ပြီးတဲ့နောက် နောက်ပိုင်းဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dwayne “The Rock” Johnson နဲ့ နောက်ထပ်အဓိကသရုပ်ဆောင်တစ်ဦးဖြစ်သူ Vin Diesel တို့ဟာ ဇာတ်ကားရိုက်ကူးနေစဉ် အချင်းများမှုတွေဖြစ်ပွားခဲ့ပေမယ့်လည်း Fast and the Furious 9 ဇာတ်ကားထဲမှာတော့ မင်းသားကြီး Dwayne “The Rock” Johnson ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။


ဒီဇာတ်ကားစီးရီးတွေကို ဆယ်ကားမြောက်ဇာတ်ကား Fast and the Furious 10 မှာ အဆုံးသတ်ပြီး ဇာတ်လမ်းတွဲတွေထပ်မရိုက်တော့ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဇာတ်ကားထုတ်လုပ်သူ Neal Mortiz က ဒီနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။


www.akhayar.com



Copyright © 2017 MPT. All rights reserved.