Lotayamm

search
မာတိကာ

contents

သတင်းများ

ဂျပန်ပြည်မှာ အလုပ်ပိပြီးသေသွားတဲ့သူတွေ

နေ့ရက်:
Oct 12, 2017


အမျိုးအစား :
နေ့စဉ်ဘဝ
Akhayar


ဂျပန်ပြည်မှာ အလုပ်ပိပြီးသေသွားတဲ့သူတွေ


ဂျပန်တွေက စည်းစနစ်ကြီးသလို၊ အချိန်လည်းတိကျတယ်တဲ့သူတွေပါ။ ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးနိုင်ငံပြာပုံဘဝကနေ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်အောင် နိုင်ငံသားတိုင်းက ကြိုးစားခဲ့ရပါတယ်။


ဒီလိုမျိုးကြိုးစားခဲ့တာကြောင့်လည်း ဂျပန်နိုင်ငံသားတွေကို အလုပ်ကြိုးစားတဲ့သူတွေအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြပါတယ်။


ဒါပေမယ့် အလုပ်ဆိုတာ မတရားလုပ်၊ မတရားကြိုးစားတိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ ဂျပန်ဘာသာစကားမှာ Karoshi ဆိုတဲ့စကားရှိပါတယ်။ အဓိပ္ပာယ်က အလုပ်အလွန်အကျွံလုပ်လို့ အသက်သေဆုံးရတာကို ပြောတာပါ။


ဂျပန်နိုင်ငံမှာ Karoshi ဖြစ်ပြီးသေဆုံးသွားတဲ့ နောက်ဆုံးသူက Miwa Sado ဖြစ်ပါတယ်။ သူမဟာ ဂျပန်နိုင်ငံက NHK သတင်းဌာနမှာ အလုပ်လုပ်တဲ့သူတစ်ဦးဖြစ်ပြီး တစ်လအတွင်း နာရီပေါင်း ၁၅၉ နာရီ အချိန်ပိုလုပ်ကိုင်ခဲ့တာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သူမဟာ သေဆုံးမယ့်ရက်မတိုင်ခင် ခွင့်နှစ်ရက်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ အချိန်ပိုတွေဆက်တိုက်ဆင်းပြီး နှလုံးရောဂါနဲ့ သေဆုံးခဲ့တာပါ။


သူမသေဆုံးခဲ့တာဟာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတုန်းကဖြစ်ပေမယ့် သူမရဲ့လုပ်ဖော်ကိုင်ဖက်စီနီယာက ဒီအကြောင်းတွေကို ဖွင့်ပြောမှသာ အများပြည်သူတွေ သိရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့သေဆုံးဟာ Karoshi ကြောင့်ဖြစ်တယ်လို့ ဂျပန်အလုပ်သမားဌာနကလည်း အသိအမှတ်ပြုခဲ့ပါတယ်။


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ၂၀၁၆ ခုနှစ် အစောပိုင်တုန်းက ဂျပန်နိုင်ငံရဲ့အလုပ်ခွင်အလေ့အထကို ပြောင်းလဲဖို့အတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ကုမ္ပဏီတိုင်းကိုတော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ ဂျပန်နိုင်ငံက ကြော်ငြာအေဂျင်စီ Dentsu ကတော့ သူ့ရဲ့ဝန်ထမ်းတွေကို ခြောက်လမှာ အနည်းဆုံး (၅) ရက်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ ည (၁၀) နာရီဆိုတာနဲ့ လုပ်ငန်းတစ်ခုလုံးကို မီးမှိတ်ပြီး ဝန်ထမ်းတိုင်း အိမ်ပြန်နိုင်အောင် လုပ်ပေးနေပါပြီ။


ဒီလိုမျိုးလုပ်ငန်းခွင်ပြောင်းလဲမှုတွေက အသက် (၂၄) နှစ်အရွယ် အလုပ်သမားမလေး Matsuri Takahashi ၂၀၁၅ ခုနှစ်၊ ခရစ်စမတ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုလုပ်ခဲ့တဲ့နောက်ပိုင်းမှာ ပိုမိုသိသာလာပါတယ်။ သူမဟာ တစ်လအတွင်း အချိန်ပို ၁၀၅ နာရီ လုပ်ခဲ့ရပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ဟန်မပျက်နေထိုင်ခဲ့ပေမယ့် Twitter ပေါ်မှာတော့ အမှန်တရားကို ဖွင့်ဟသွားခဲ့ပါတယ်။ Twitter ပေါ်ကပို့စ်မှာ “မနက်လေးနာရီရှိနေပါပြီ။ ကျွန်မတစ်ကိုယ်လုံး တုန်ရီနေပါတယ်။ အရမ်းပင်ပန်းလွန်းလို့ သေချင်နေပါပြီ” ရေးသားခဲ့ပါတယ်။


တချို့ကုမ္ပဏီတွေကတော့ ညဘက်မှာ အချိန်ပိုအလုပ်ဆင်းခိုင်းတဲ့အစား မနက်စောစောပြောင်းဆင်းခိုင်းပါတယ်။


၂၀၁၆ ခုနှစ်စစ်တမ်းတွေအရ တစ်လကို အချိန်ပိုအလုပ်ချိန် နာရီ (၈၀) ကျော်လုပ်ရတဲ့ ဂျပန်အလုပ်သမား ၁၀၀၀၀ ကျော်ကို စစ်တမ်းလုပ်ကြည့်တဲ့အခါမှာ ၂၀ ရာခိုင်နှုန်းကျော်က Karoshi ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် တစ်ပတ်ကို ၄၉ နာရီလောက် ပျှမ်းပျှလုပ်ရတဲ့သူက ၁၆.၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ အလုပ်ပိတဲ့ဒဏ်ကြောင့် သေဆုံးမှုတွေမှာ စိတ်ဖိစီးမှုများတာကြောင့် ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေကြောင့် ဖြစ်တာများပါတယ်။


အများစုဟာလည်း လစာအဖြတ်ခံရမှာကြောင့် ခွင့်မယူကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ပိပြီးသေသွားတာရော၊အလုပ်မရှိဘဲ သေသွားတာရော ဘယ်ဟာမှမကောင်းပါဘူး။


မင်းသုခ (အခရာ)


www.akhayar.com



Copyright © 2017 MPT. All rights reserved.