contents
သတင်းများ
နိုဝင်ဘာလ ၉ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
နေ့ရက်:
Nov 9, 2018
အမျိုးအစား :
ဗေဒင်
Lotayamm
နိုဝင်ဘာလ ၉ရက်နေ့အတွက် ရာသီခွင်အလိုက်ဗေဒင်ဟောစာတမ်း
                   လိုတရပရိသတ်ကြီးအတွက် မိဿ၊ ပြိဿ ၊ မေထုန်၊ ကရကဋ် စသည့် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်းတွေကိုနေ့စဉ်ဖော်ပြပေးနေပါတယ်။ အခုလည်း နိုဝင်ဘာလ ၉ ရက်နေ့အတွက် ရာသီခွင်အလိုက် ဆောင်ရန်၊ ရှောင်ရန်၊ ယတြာလေးတွေကိုဖော်ပြပေးလိုက်တာမို့ တိုက်ဆိုင်စစ်ဆေးကြည့်ရအောင်ပါလားနော်။
မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀) အတွင်းမွေးဖွားသူများ
          အလုပ်ကိစ္စတွေနဲ့ ပတ်သက်ပြီး စကားအခြေအတင်ပြောဆိုရကိန်းရှိနေပါတယ်။ ချဲ၊ ထီ ကံကောင်းနေပြီး အိမ်ထောင်ဖက်ရဲ့ အရှိန်နဲ့ လုပ်ငန်းတိုးတက်မှုလည်း ရရှိလာပါလိမ့်မယ်။ မိဘ၊ ဆွေမျိုးတွေရဲ့ ကူညီပေးမှုနဲ့ လုပ်ငန်းတိုးချဲ့နိုင်မှာဖြစ်ပြီး အထူးသဖြင့် စနေ၊ အင်္ဂါသားသမီးတွေရဲ့ ပံ့ပိုးမှု ရရှိမှာဖြစ်ပါတယ်။ အ၀တ်အထည်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း အထူးအကျိုးပေးနေပြီး အနုပညာလုပ်ငန်းကတော့ အနည်းငယ် အားနည်းနေပါတယ်။ ပညာရေးအတိုင်ပင်ခံလုပ်ငန်းရှင်တွေ ကောင်းမွန်နေပြီး ၀န်ထမ်းဖြစ်ပါက ကိုယ်ပိုင်လုပ်ငန်းဘက်ကို ပြောင်းလဲလုပ်ကိုင်နိုင်တဲ့အထိ တိုးတက်မှု ရှိမှာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အကြောကပ်တတ်ပါတယ်။
ယတြာ - အိမ်ရှိဘုရားတွင် သတ်သတ်လွတ် ခေါက်ဆွဲကြော် ကပ်လှူပေးပါ။
ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁) အတွင်းမွေးဖွားသူများ
          လုပ်ငန်းပိုင်းဆိုင်ရာမှာ လူမျိုးခြားအကူအညီရပါလိမ့်မယ်။ အိမ်အနီးအနားမှာ နာရေးရှိနေခဲ့ရင် အိမ်ရှိအိမ်ထောင်ဦးစီး ကျန်းမာရေး ဂရုစိုက်ပေးပါ။ ဆေးဝါးလုပ်ငန်း၊ အနုပညာလုပ်ငန်းလုပ်ကိုင်သူများ အထူးအကျိုးပေးမယ့် နေ့ရက်ဖြစ်ပြီး ပြည်ပခရီးလည်း သွားရကိန်းရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရနိုင်တဲ့အချိန်ဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ ငွေကြေး ကိစ္စ စကားများရကိန်းရှိပြီး အိမ်ထောင်ဖက်အိမ်ပေါ်က ဆင်းသွားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာ ဖြစ်ပွားတတ်ပါတယ်။
ယတြာ - လမ်းဘေးခွေးလေးများကို အစာကျွေးပေးပါ။
မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁) အတွင်းမွေးဖွားသူများ
ယတြာ - ဘုရားတွင် တံခွန်တိုင် လှူဒါန်းပေးပါ။   
ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂) အတွင်းမွေးဖွားသူများ
          ပညာရေးပိုင်းဆိုင်ရာ သင်တန်းအသစ်တွေတက်ရောက်ရကိန်းရှိပြီး သင်တန်းရဲ့ အကျိုးကျေးဇူးကြောင့် လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်မှု ရရှိပါလိမ့်မယ်။ နည်းပညာလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ အထူးကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အနည်းငယ်ညံ့နေတဲ့ ကာလပါပဲ။ ပျိုရွယ်သူတွေအနေနဲ့ မိဘလည်း သဘောတူ၊ ကိုယ်တိုင်လည်း စိတ်တိုင်းကျသူနဲ့ ဖူးစာဆုံရပါလိမ့်မယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ တိုးတက်မှုကြောင့် စိတ်ချမ်းသာရပါလိမ့်မယ်။ ရင်သွေးရကိန်းလည်း ရှိပြီး အိမ်ရှိအိမ်ထောင်ဦးစီးကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။
ယတြာ - လမ်းဘေးတွင် ရေချမ်းစင်လှူဒါန်းပေးပါ။
သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃) အတွင်းမွေးဖွားသူများ
          ငွေဝင်သမျှ ပြန်ထွက်နေမယ့်အချိန်ဖြစ်ပြီး လုပ်ငန်းကိစ္စတွေမှာလည်း အနည်းငယ် လွဲချော်နေပါလိမ့်မယ်။ အိမ်တွင်းရေး ဆူပူတတ်ပြီး မိသားစုအချင်းချင်း စည်းလုံးမှ စီးပွားရေး ပိုမိုအဆင်ပြေနိုင်မှာမို့ သတိပြုသင့်ပါတယ်။ အချစ်ရေးအနေနဲ့ ရုတ်တရက် အိမ်ထောင်ကျကိန်းရှိနေပြီး ခိုးပြေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မမြဲနိုင်တဲ့ အချစ်ရေး အိမ်ထောင်ရေးဖြစ်ဖို့များနေလို့ သတိထားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့မှုတွေကို ခေတ္တရပ်နားထားသင့်ပြီး လူယုံသတ်တတ်လို့ အောက်လက်ငယ်သားတွေကိုမယုံသင့်တဲ့အချိန်ပါပဲ။ ကျန်းမာရေး၊ ပညာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
ယတြာ - အိမ်ရှေ့တွင် တောင်ထန်းပင် စိုက်ပျိုးပေးပါ။
ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂) အတွင်းမွေးဖွားသူများ
          လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်နေမယ့် အချိန်ဖြစ်ပြီး မနာလိုသူတွေလည်း ပေါများနေပါလိမ့်မယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုသင့်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းလုပ်ကိုင်ပါက ဆုံးရှုံးမှု ရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ အားလုံးအဆင်ပြေနိုင်ပြီး ရေနဲ့ အဖျော်ယမကာရောင်းဝယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူများအကျိုးများမယ့် နေ့ရက်ဖြစ်ပါတယ်။ အချစ်ရေးကောင်းမွန်နေပြီး အိမ်ထောင်သည်များ ငွေကြေး ကြပ်တည်းတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်ပွားတတ်ပါတယ်။
ယတြာ - မိဘမဲ့ကလေးကျောင်းများကို တတ်နိုင်သလောက်လှူဒါန်းပေးပါ။
တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှ အောက်တိုဘာ(၂၃) အတွင်းမွေးဖွားသူများ
          လုပ်ငန်းငယ်များ အဆင်ပြေချောမွေ့နေပြီး လုပ်ငန်းကြီးလုပ်ကိုင်သူတွေကတော့ ငွေကြေးမြုပ်နေတတ်ပါတယ်။ လက်တွဲဖက်စပ်လုပ်ကိုင်သူတွေရဲ့ ကတိမတည်မှုတွေကိုလည်း ခံရကိန်းရှိပြီး ရေလုပ်ငန်းလုပ်ကိုင်သူတွေ အကျိုးများမယ့်အချိန်ပါပဲ။ အိမ်ထောင်ပရိဘောဂ အသစ်ဝင်ကိန်းရှိပြီး ၀င်လာလျှင်ကောင်းမွန်မှာဖြစ်ပါတယ်။ အိမ်တွင်းရေးသာယာနေပြီး အိမ်ထောင်သည်များ ငွေတစ်လုံးတစ်ခဲ ရကိန်းရှိပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အလိုလိုက်အကြိုက်ဆောင်မှု ခံရမှာဖြစ်ပြီး ပညာရေးပိုင်းမှာလည်း ထူးချွှန်နေပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အကြောညပ်တတ်ပါတယ်။
ယတြာ - လိုအပ်နေသူအား ရေသန့်ဘူးလှူဒါန်းပေးပါ။
ဗြိစ္ဆာရာသီ(Scorpio) - အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂) အတွင်းမွေးဖွားသူများ
          စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေမယ့် အချိန်ဖြစ်ပြီး ရွှေဝင်လာလျှင် ကျန်းမာရေးညံ့တတ်ပါတယ် ။ သွားဒုက္ခပေးတတ်ပြီး အိမ်ရှိအကြီးအကဲတစ်ဦး အကြီးအကျယ်ဖျားနာတတ်ပါတယ်။ လူလိမ်ခံရကိန်းရှိပြီး ငွေကြေးစုဆောင်းခြင်း၊ မဲစုခြင်းများ မလုပ်ကိုင်သင့်ပါဘူး။ ချစ်သူမရသေးသူများ ချစ်သူရကိန်းရှိပြီး အိမ်ထောင်သည်တွေကတော့ မိဘညီအစ်ကိုမောင်နှမတွေနဲ့ စကားများရတတ်ပါတယ်။ ပညာရေးပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့ အစာအိမ်ဒုက္ခပေးတတ်ပါတယ်။
ယတြာ - အိမ်ရှိဘုရားတွင် ကြာဆံကြော် ကပ်လှူပေးပါ။
ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁) အတွင်းမွေးဖွားသူများ
          ဆုံးရှုံးပြီလို့ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာမယ့် အချိန်ဖြစ်ပါတယ်။ ကာလအတန်ကြာဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံစည်းရကိန်းရှိပြီး အိမ်ထောင်သည်တွေအနေနဲ့ အိမ်တွင်းရေး သာယာနေမှာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း အဖိုးတန်စက်ပစ္စည်းတစ်ခုခု ၀င်ကိန်းရှိပြီး ၀င်ငွေလည်း အ၀င်ကြမ်းနေပါလိမ့်မယ်။ ငွေဝင်သလောက်ကျန်းမာရေးအတွက် ငွေပြန်ကုန်နေမယ့်ကာလဖြစ်ပြီး အသည်းရောဂါ သတိပြုပါ။
ယတြာ - အိမ်ရှင်းပေးပါ။
မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀) အတွင်းမွေးဖွားသူများ
          အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ စီးပွားတိုးတက်မယ့် အချိန်ပါပဲ။ အိမ်ပြောင်းရွှေ့ရကိန်းရှိနေပြီး အိုးသစ်အိမ်သစ် ရကိန်းလည်း ရှိနေပါတယ်။ ထီပေါက်ကိန်းလည်း ရှိလို့ ထီထိုးပေးသင့်ပါတယ်။ လုပ်ငန်းတွေကနေ ငွေပေါ်လာမယ့်အချိန်ဖြစ်ပြီး အိမ်ရှိ မောင်နှမသားချင်း အမှုအခင်းဖြစ်တတ်ပါတယ်။ အမှုနိုင်ပေမယ့် ငွေကုန်ကြေးကြများနိုင်လို့ သတိပြုသင့်ပါတယ်။ ဥပဒေနဲ့ မညီတဲ့လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ဒီရက်မှာ တရားတဘောင်ရင်ဆိုင်ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။
ယတြာ - အိမ်ရှိဘုရားတွင် သပြေပန်း ကပ်လှူပေးပါ။
ကုမ်ရာသီ(Aquarius) - ဇန်န၀ါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) အတွင်းမွေးဖွားသူများ
          အရှေ့ရက်တွေက အဆင်မပြေခဲ့သမျှ ဒီနေ့မှာ အကုန်လုံးစိတ်ချမ်းသာစရာတွေပဲ ကြုံရပါလိမ့်မယ်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေး စိတ်ချမ်းသာနေမှာဖြစ်ပြီး လုပ်ငန်းခွင်အပြောင်းအလဲ ကြုံရကိန်းရှိပါတယ်။ အိမ်ထောင်ဖက်ကြောင့် မိဘဆွေမျိုးများနဲ့ အတိုက်အခံဖြစ်တတ်ပြီး အိမ်ခွဲနေရတတ်ပါတယ်။ လူမျိုးခြားအကူအညီရရှိတတ်ပြီး ငွေကြေးလိုအပ်မှုတစ်ချို့လည်း ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ဆီကနေ ပိုက်ဆံချေးငှားမယ့်သူတွေပေါနေမှာဖြစ်ပြီး ပြန်မရတာမျိုး ဖြစ်တတ်လို့ သတိပြုချေးပေးသင့်ပါတယ်။ ပညာရေးမှာ စိတ်လေနေပြီး ကျန်းမာရေးအနေနဲ့ သားအိမ်ရောဂါ သတိပြုသင့်ပါတယ်။
ယတြာ - အိမ်ရှိအ၀တ်အဟောင်းအစုတ်များ စွန့်ပစ်လိုက်ပါ။
မိန်ရာသီ(Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀) အတွင်းမွေးဖွားသူများ
          ချစ်သူမရှိသေးသူများ ချစ်သူရကိန်းရှိပြီး ချစ်သူကြောင့်ဂုဏ်တက်ပါလိမ့်မယ်။ အိမ်ထောင်သည်တွေအနေနဲ့ စီးပွားတိုးတက်ပြီး အိုးအိမ်ပိုင်ရလာပါလိမ့်မယ်။ အိမ်တွင်းရေး အနည်းငယ် ရှုတ်ထွေးနေတတ်ပြီး အိမ်ထောင်ဖက်ဖောက်ပြန်မှု ပြုတတ်လို့ သတိပြုသင့်ပါတယ်။ ယာဉ်ကား မတော်တဆဖြစ်တတ်ပြီး ငွေကြေးသော်လည်း လျော်ရတတ်ပါတယ်။ အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ အဆင်ပြေမယ့် ကာလဖြစ်ပြီး ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ၀မ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။
ယတြာ - အိမ်ရှိဘုရားတွင် လိမ္မော်ရည်ကပ်လှူပေးပါ။
LEO
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။