contents

သတင်းများ

လူနာအသက်အန္တရာယ်ရှိသော မည်သည်ကုသမှုမျိုးမဆို လူနာအား အသိပေးရန် လိုပြီး၊ မတည့်သော ဆေးကို မပေးမိရန်လည်း ဆရာဝန်များမှ ဂရုစိုက်ရမည်ဟုဆို

နေ့ရက်:
Jul 13, 2018


အမျိုးအစား :
ကျန်းမာရေး
Akonthi

ဆရာဝန်များသည် လူနာများအား အသက်အန္တရာယ်ရှိသော မည်သည့် ကုသမှုမျိုးကိုမဆို လူနာအား အသိပေးရန် တာဝန်ရှိပြီး မတည့်သော ဆေးကိုလည်း လူနာအား မပေးမိရန်ဂရုစိုက်ရမည်ဖြစ်ကြောင်း ဇူလိုင် ၁၁ရက် တွင်  ဆရာဝန်များထံမှ မေးမြန်းချက်များအရ သိရသည်။



’’ဆရာဝန်က လူနာကို ဂရုမစိုက်ဘူးဆိုရင် အပြစ်ရှိတယ်။ ဒါကသူ့တာဝန်ပေါ့။ ခွဲစိတ်တဲ့ အခါ အန္တရာယ်ရှိတယ်ဆိုရင် လူနာကိုခွဲစိတ်တာ သဘောတူကြောင်း လတ်မှတ်ထိုးခိုင်းရပါမယ်။ သူ့ကို အသိပေးတာပေါ့။ နောက်ဆေးမတည့်တာ ထိုးဆေးဆို စမ်းရတယ်။ ဒါ့အပြင် ဆေးဆိုင်က ဆေးကလည်း အာမခံရောင်းဖို့ လိုတယ်။ နောက်လူနာဘက်ကလည်း ဆရာဝန်ကို ကိုယ့်အသက်ပုံအပ်ထားဖို့မလိုဘူး။ ဘာနဲ့မတည့်ဘူး။ဘယ်လိုရှိတယ်။ဒါတွေပြောပြဖို့လိုတယ်။ ဒါပေမယ့်လူနာအသက်အန္တရာယ်ရှိ တဲ့အရာကိုတော့ ဆရာဝန်က အသိပေးရမယ်’’ ဟု ကျန်းမာရေးဦးစီးဌာန ဗဟိုညွှန်ကြားရေးမှူးငြိမ်းဒေါက်တာ ခင်မောင်လွင်က အကုန်သိသို့ ပြောသည်။


လူနာအသက်အန္တရာယ်ရှိသော မည်သည်ကုသမှုမျိုးမဆို လူနာအား အသိပေးရန် လိုပြီး၊ မတည့်သော ဆေးကို မပေးမိရန်လည်း ဆရာဝန်များမှ ဂရုစိုက်ရမည်ဟုဆို

ဆရာဝန်များ၏ အဓိဌာန်ပြုကတိသစ္စာ ၉ချက်တွင် တစ်ချက် အပါအ၀င်ဖြစ်သော ကျွန်ုပ် သည်လူသားတို့အား ဘေးဥပါဒ်ဖြစ်စေသည့်ဆေး သေစေတတ်သော ဆေးများကို ကိုယ်တိုင်ပေးခြင်းသော်မှလည်းကောင်း၊ သူတစ်ပါးအား ပေးစေခြင်းသော်မှလည်းကောင်း အခါခပ်သိမ်းရှောင်ကြဉ်ပါအံ့ ဟူ၍ ပါရှိသည်။



’’ဆရာဝန်ကအမြဲတမ်း လူနာ ရာဇ၀င်ကို မေးရမှာပေါ့။ ဆေးတည့်လား မတည့်ဘူးလား။ဒါကို လူနာကလည်း ဘာဆေးမတည့်ဘူးဆိုတာ ကြိုတင်ပြောပြရမယ်။ အဓိက ဆရာဝန်က လူနာအသက်ကို စဉ်းစားရမယ်။ လူနာကလည်း ဆရာဝန်ကို သေချာပြောပြရမယ်။ မတည့်ဘူးလို့ ပြောထားတာကို အတင်းဇွတ်ပေးရင်တော့ အပြစ်ရှိတယ်။ ဒါပေမယ့်များသောအားဖြင့် ဆရာဝန်တွေက မတည့်တဲ့ဆေးကို သေချာမေးပါတယ်။ မပေးကြပါဘူး’’ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောသည်။



- မင်းသီဟန်(အကုန်သိသတင်းဌာန)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။