contents

သတင်းများ

ယခုနှစ်ခြောက်လအတွင်း လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းသာရှိ

နေ့ရက်:
Sep 12, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ဘဲလင်းကျေးရွာတွင် ၁၄၅ ဒသမ ၄၉ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၆၈ဝ သန်းဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းလုပ်ငန်းကိုဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် တရုတ်ကုမ္ပဏီတစ်ခုတို့ ဖက်စပ်ဆောင်ရွက်သည့် Powergen Kyaukse ကုမ္ပဏီကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စက်တင်ဘာ ၇ ရက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''အရင်ဘတ်ဂျက်နှစ်တွေတုန်းကတော့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံဝင်ထားတာတွေရှိပါတယ်။ ဒါပေမဲ့ ''လျှပ်စစ်ကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်လာတာ ဒီ ခြောက်လ ဘတ်ဂျက်နှစ်ထဲမှာ တော့ ဒီတစ်ခုပဲရှိသေးတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေထဲမှာတော့ လျှပ်စစ်ကဏ္ဍတွေဒီဘတ်ဂျက်နှစ်ထဲမှာဝင်တာ တစ်ခုမကဘူး''ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်ကပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်း Powergen Kyaukse ကုမ္ပဏီသည် ၂ဝ၁၉ နွေရာသီတွင် ပြည်တွင်းသို့ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ရောင်းချမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံလျှပ် စစ်ကဏ္ဍတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံရန် အဆိုပြုထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမှာ ယခုခွင့်ပြုခဲ့သည့်တစ်ခုအပြင် မရှိသေးကြောင်းလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု/အတည်ပြုလုပ်ငန်းရှစ်ခု စုစုပေါင်းလုပ်ငန်း ၁ဝ ခုကို ခွင့်ပြု ခဲ့ရာ ယင်းလျှပ်စစ်ကဏ္ဍရင်းနှီးမြှုပ် နှံမှုပါဝင်လာခြင်းဖြစ်သည်။  ယခုနှစ်ဧပြီမှ စက်တင်ဘာလခြောက်လအတွင်း စက်တင်ဘာ ၇ ရက်အထိ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၇၅ ခုရှိခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၈၂ ခုရှိခဲ့ကြောင်းသိရသည်။
TTMT
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။