contents

သတင်းများ

“ ဗိုလ်မူး အိမ် ” ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် ) ( စ - ဆုံး )

နေ့ရက်:
Jul 18, 2019 08:45:00


အမျိုးအစား :
ဗေဒင်
Lotayamm

          စစ်ပိုင်တို့နယ်မှာ ဗိုလ်မှူးအိမ်ဆို မသိတဲ့သူမရှိသလောက်ပဲ



ဗိုလ်မှူးဆိုတာကလည်း စစ်ပိုင်ရဲ့ ဦးလေးအရင်းအိမ်လေ…. ၊ အရပ်က ဗိုလ်မှူလို့ခေါ်နေကြတာ



စစ်ပိုင်ဦးလေး ဗိုလ်တင့် ကိုပေါ့…. ၊ ဘာကြောင့် ဗိုလ်တင့် ကနေ ဗိုလ်မှူးဖြစ်သွားတာလဲဆိုရင်



အမှန်က ဗိုလ်မှူးမဟုတ်ဘူး… ၊ ဗိုလ်မူးမှ အမှန်…. ၊ စစ်ပိုင်ရဲ့ဦးလေး ဗိုလ်တင့်ကိုကြည့်လိုက်ရင်



သူ့မိန်းမ မရှိတော့တဲ့နောက်ပိုင်း ယမကာနဲ့ပဲ ပေါင်းသင်းနေခဲ့တာ နှစ်တော်တော်ကြာပြီလို့



ဆိုလို့ရတယ် ၊



 



          ဗိုလ်မူးတို့အိမ်ကလည်း နာမည်ကြီးနော်…နာမည်ကြီးတာမှ တော်တော်ကိုကြီးတာ



မကောင်းသတင်းနဲ့နာမည်ကြီးတယ်လို့ပြောရင် ပိုမှန်လိမ့်မယ် ၊ ဗိုလ်မူးရဲ့အိမ်က



သရဲခြောက်တယ်တို့ ၊ ညဘက်သူ့အိမ်နားကဖြတ်သွားရင် အိမ်ထဲမှာ ဘာကိုလှမ်းတွေ့တတ်တယ်



စတဲ့ သတင်းတွေနဲ့ နာမည်ကြီးတဲ့အိမ်ပေါ့….ကာယကံရှင် ဗိုလ်တင့်ကတော့ သူတစ်ကြိမ်မှ



သရဲအခြောက်မခံရဖူးဆိုတာကိုပြောတတ်တယ် ၊ တွေ့တဲ့သူတွေကလည်း တကယ်ကို



သရဲရှိပါတယ်ဆိုပြီး အသက်နဲ့ကိုလောင်းစားပြီး ပြောတတ်ကြတယ် ၊ ဒါကြောင့် ဟုတ်တာမဟုတ်တာ



အပထား… ကလေးကအစ ခွေးအဆုံး ဗိုလ်မူးတို့အိမ်မှာ သရဲခြောက်တယ် ၊ သရဲရှိတယ်ဆိုတာကို



လက်ခံထားကြတယ် ၊



 



          ကုန်ကုန်ပြောရရင် ဆွေမျိုးရင်းခြာတွေနဲ့ စစ်ပိုင် တို့တွေကပါ



နယ်ကိုရောက်တယ်ဆိုရင်တောင် ဗိုလ်မူးအိမ်မှာ တစ်ကြိမ်မှမတည်းကြဘူး… ၊



ဗိုလ်မူးတို့အိမ်နဲ့ ကပ်လျက်နားမှာရှိတဲ့ ဗိုလ်တင့်တို့အမေ … စစ်ပိုင် တို့ အဘွားအိမ်မှာပဲ



သွားတည်းဖြစ်ကြတယ် ၊ ဒီလိုဒီလိုအထိကို နာမည်ကြီးပြီးလူတကာကြောက်တဲ့



ဗိုလ်မူးအိမ်မှာ တစ်နေ့တော့…..



 



          “ စစ်ပိုင်ရေ မနက်ဖြန်က အလှူဆိုတော့ ဒီနေ့မှ အမျိုးတွေလာစုံပြီး



အဘွားအိမ်မှာ လူစည်နေတယ်မြေးရေ… ”



 



          အမှန်ပါပဲ….အဘွားရဲ့ အိမ်အကျယ်ကြီးမှာတောင် ဒီလောက်လူတွေ



ပြည့်လျံနေတာကိုပဲကြည့်လေ….



 



          “ ဟုတ်ကဲ့အဘွား ”



 



          “ ဒီတော့ ငါ့မြေးရယ်…ဟိုမှာတွေ့လား မင်းတို့နှစ်ဝမ်းကွဲ ဘကြီး



လွယ်အိတ်အနီကြီးနဲ့ …. ”



 



          လူအုပ်ကြားထဲက အဘွားလက်ညှိုးညွှန်တဲ့ဘက်ကို စစ်ပိုင် လှမ်းကြည့်လိုက်တော့     



အသက်ငါးဆယ်ဝန်းကျင်လူကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်



 



          “ သြော်…ဟိုမှာပဲ တွေ့ပြီအဘွား… ”



 



          အဘွားက ကျေနပ်သလိုပြုံလိုက်ရင်း



 



          “ အေးအေး….သူ့ကို ဒီမှာ ညသိပ်ဖို့ နေရာ မဆန့်တော့ဘူးသားရေ



တော်တော် ကြပ်နေကြပြီ….ဗိုလ်တင့်တို့အိမ်က အကျယ်ကြီးပါဆိုတာကို



ဘယ်အမျိုးကမှ မျက်စောင်းတောင် မထိုးကြဘူး တို့အမျိုး သတ္တိကောင်းချက်ကတော့



ပြောမနေနဲ့…. ၊ အဲ့တော့ မင်းဘကြီးကို သေချာမေး..သူကတော့ ကြောက်တတ်တဲ့သူ



မဟုတ်ဘူးဆိုတော့ ဗိုလ်တင့်အိမ်မှာ ဒီတစ်ည တည်းလို့အဆင်ပြေမလားမေးကြည့် မြေး…



တကယ်လို့ သူမပြေဘူးဆို ဘုန်းကြီးကျောင်းသာ လိုက်ပို့ပေးလိုက်ကွယ်…



အဘွား ဧည့်သည်တွေအတွက် လဖက်သွားပြင်လိုက်ဦးမယ်ကွဲ့



စိတ်ချမယ်နော် မြေး… ”



 



          “ ဟုတ်ကဲ့ပါ အဘွား စိတ်ချလက်ချနေပါဗျာ ”



 



          “ အေး…အေး…အေးကွယ် ”



 



          စစ်ပိုင် က ပြောပေးမယ်ဆိုပြီး အဘွားကို ကတိပေးထားပေမယ့်



သူကိုယ်တိုင်တောင် ရန်ကုန်ကနေ ဒီကို ရောက်တဲ့အခါတိုင်း အဲ့ဒီ့ အိမ်မှာ မနေရဲတာကြောင့်



အဘွားအိမ်မှာပဲ တည်းနေရတာလေ… ၊ အခု ကိုယ်တောင်မနေချင်တဲ့နေရာကြီးမှာ



သူများကို နေမလားလို့ သွားမေးရမှာ သိပ်တော့ ဘ၀င်မတွေ့မိဘူး ….



ဒါပေမယ့် အဘွားရဲ့စကားမို့ မတက်သာဘဲ သွားမေးဖြစ်ခဲ့တယ်



 



          “ ဘကြီး…ဘကြီး… အဘွားက ဒီမှာ လူပြည့်နေတော့ ဘကြီးကိုအားနာလို့တဲ့



ဘေးနားက ဦးလေးဗိုလ်တင့်တို့အိမ်မှာ တည်းရဲရင်လိုပို့ပေးလိုက်ပါလို့တော့ပြောတယ် ၊



တကယ်လို့မတည်းရဲဘူးဆိုရင် ဘုန်းကြီးကျောင်းကအနီးလေးရှိတယ် တစ်ညပဲမို့ အဆင်ပြတယ်



ဘကြီးဘယ်လိုလုပ်ချင်လဲ ကျွန်တ်ာလိုက်ပို့ပေးမယ် ”



 



          စစ်ပိုင်စကားကို သူ့နှစ်ဝမ်းကွဲဘကြီးက တစ်ချက်လေးတောင် မတွေဝေဘဲ



 



          “ နေ…နေ..ရတယ်ငါ့တူကြီး…ငါက အရပ်ထဲက ကောလဟာလတွေ အယုံအကြည်



မရှိဘူး ၊ ငါ ဗိုလ်တင့်တို့အိမ်မှာပဲ တည်းမယ်… တစ်ညဆိုတာ ဖင်လှဲ့ခေါင်းလှဲ့ပါကွာ….



မဟုတ်ဘူးလား ဟားဟား ”



 



          သူ့ရဲ့မျက်နာမှာ တစ်ချက်လေးမှ ကြောက်စိတ်မမြင်ရတာနဲ့ စစ်ပိုင်လည်း



စိတ်ချသွားပြီးတော့



 



          “ ဒါဆို ဦးလေး ကျွန်တော့်နောက်လိုက်ခဲ့ ကျွန်တော်လိုက်ပို့ပေးမယ် ”



 



          ပြောပြောဆိုဆိုနဲ့ စစ်ပိုင်က ရှေ့ဆုံးက ဦးဆောင်ခေါ်သွားဖြစ်ခဲ့တယ် ။



 



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



 



          ဗိုလ်တင့်တို့ဆီရောက်တော့ အိမ်ရှေ့မှာ ထိုင်ခုံလေးနဲ့ ရီဝေေ၀ယစ်မူးနေတဲ့



ဗိုလ်တင့်ကို တွေ့လိုက်ရတယ် ၊ ဗိုလ်တင့်က သူ့ခြံထဲဝင်လာတဲ့သူတွေကို အမျိုးမှန်းသိတော့



ပြုံးပြနေတယ် ၊ သူဘယ်လောက်သောက်ထားတယ်မသိဘူး ၊ မျက်နာတစ်ခုလုံးနဲ့မျက်လုံးတွေက



ရဲရဲနီနေတာပဲ အနားကပ်လိုက်တယ်ဆိုရင်ပဲ အရက်နံ့က ထောင်းခနဲ ထွက်လာလိုက်တာ ၊



 



 



          “ ဦးလေး ဗိုလ်တင့် ဒီဘကြီးကို ဦးလေးသိပါတယ်…. ”



 



          “ အေးသိတယ်လေကွာ…. ”



 



          ပြောရင်း သူတို့ချင်းနှုတ်ဆက်ကြပြီးတော့ စစ်ပိုင်ကဆက်ပြောတယ်



 



          “ ဒီဘကြီးက ဒီည တည်းဖို့အခတ်အခဲဖြစ်နေလို့ ဦးလေးဗိုလ်တင့်အိမ်ဝိုင်းထဲမှာ



တစ်ညလောက် တည်းချင်လို့ အဆင်ပြေမလားဗျ ”



 



          ဗိုလ်တင့်က တစ်ချက် မဲ့ပြုံးလေးပြုံးလိုက်ရင်း



 



          “ ဟ…ဘာမပြေစရာရှိလို့လဲ စစ်ပိုင် ရ ငါ့အိမ်ကလည်း



အကျယ်ကြီး ငါတစ်ယောက်တည်းနေနေတာပဲ ရတယ်



တစ်ညမဟုတ်ဘူး ပျော်သလေက်သာနေ ”



 



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



 



          ဘကြီးကို စိတ်ချလက်ချ ထားခဲ့ပေးမယ့် နောက်ဆက်တွဲကိုတော့



စစ်ပိုင် မတွေးရဲဘူးဖြစ်နေတယ်… ၊ ဒီလောက်နာမည်ကြီးတဲ့အိမ်မှာ အကြာကြီးနေမှ ညအိပ်ရဲတဲ့



သူရဲကောင်းတစ်ယောက်တော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ တွေးနေမိတယ်….. ၊



ဘကြီးအတွက်တွေးပြီး ရင်လေးမိတာလည်းပါတယ် ၊ အိမ်ထဲမှာ ဘာတွေဖြစ်တတ်တယ်ဆိုတဲ့



သတင်းတွေက အမှန်ဟုတ်မဟုတ် မနက်ဖြန်သိရပြီလေ… ၊ မနက်ဖြန်မနက်အထိ ဘကြီး



ဘာမျှမဖြစ်ဘူးဆိုရင် သေချာမေးမြန်းလို့ရပြီမဟုတ်လား ။



 



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



 



          အိမ်မှာ ယောကျာ်သားတစ်ယောက်တည်းလည်းဖြစ် အိမ်မှာ မိန်မလည်းမရှိတာကြာပြီမို့



တစ်အိမ်လုံးက ပစ္စည်းတွေက ဖုံတွေအပြည့်နဲ့ ပင်ကူအိမ်တွေနဲ့ သန့်ရှင်းမှုလည်းမရှိ



ပန်းကန်တွေခွက်တွေဆိုလည်း စားပြီးသားတွေပစ်လိုပစ်ထား ၊ ဆေးကြောထားတာရယ်လို့



လိုမှ ပြန်ဆေးပြန်သုံးနေတဲ့သဘောကိုမြင်နေရတယ် ၊ သေချာတာက ဗိုလ်တင့် သူ့မိန်းမ မရှိတော့တဲ့



နောက်ပိုင်းမှာ စိတ်ဓါတ်တွေကျပြီး အရက်ကိုပိုဖိသောက်နေတာဖြစ်မယ် ၊ အိမ်နောက်ဖေးမှာ



ဆန်အိတ်အလွတ်ကြီးတွေနဲ့ ထည့်ထားတဲ့ အရက်ပုလင်းကြီးတွေက မနည်းမနောကိုမြင်ရတာ ၊



 



          စိတ်ကျနေတဲ့ ဗိုလ်တင့်အတွက် စိတ်မကောင်းဖြစ်မိပေမယ့်



ညဥ့်ကလည်း နက်လာပြီမို့ ပင်ပန်းထားသမျှအတိုးချပြီး အိပ်ဖို့ပြင်လိုက်မိတယ် ၊



အိမ်ဝိုင်းကြီးက ကျယ်ပြီး အခန်းလေးတွေရှိပါလျက်နဲ့ ဘာလို့ ဒီအိမ်နားကို



လူသူမကပ်တာလည်းဆိုတာကို စဉ်းစားမိရင်းမျက်လုံးတွေက တဖြည်းဖြည်း လေးလံလာပြီး



အိပ်ပျော်မလိုဖြစ်နေတုန်း….



 



          “ ၀ုန်း…… ”



 



          “ ဟင် ဘာဖြစ်တာလဲဟ ”



 



          ဘကြီးလည်း ရုတ်တရက် သူ့အခန်းတံခါးကို ဆောင့်ပိတ်လိုက်တဲ့အသံကို



ကြားလိုက်တော့ ထခုန်မတက် ကြောက်လန့်ကြက်သီမွှေးတွေ ထသွားပြီး



အခန်းဝကိုတစ်ချက်လှမ်းကြည့်မိလိုက်တယ် ၊ အခန်းဝမှာတော့ မိန်းမတစ်ယောက်



သူ့ကို မလိုတဲ့ပုံ ၊ မကျေနပ်တဲ့ပုံနဲ့ မျက်စောင်းထိုး စိုက်ကြည့်ပြီး အခန်းတံခါးကို



နောက်တစ်ကြိမ် ဆောင့်ပိတ်သွားတာကိုမြင်လိုက်ရတယ် ၊ ကုတင်ပေါ်ကနေ



သူလှမ်းကြည့်လိုက်တာ မိန်းမတစ်ယောက်ကိုအသေအချာတွေ့လိုက်ရတယ် ၊



လကလည်း သာနေတော့ အဲ့ဒီ့မိန်းမမျက်နာကို သေချာကိုမြင်လိုက်ရတာလေ ၊



စစ်ပိုင် ပြောတော့ ဒီအိမ်မှာ ဗိုလ်တင့်တစ်ယောက်တည်းနေတယ်လို့သိထားခဲ့တာ ၊



အခုတော့ အခန်းတံခါးကိုဆောင့်ပိတ်သွားတဲ့ မိန်းမတစ်ယောက်ကိုတွေ့နေရပြီ…



ဒီမိန်းမက ဘယ်သူများလဲ ၊ ဗိုလ်တင့်ရဲ့ နောက်အိမ်ထောင်လား ၊ တိတ်တိတ်ပုံးမယားများလား



ဒါမှမဟုတ် သူလို့ပဲ နောက်မှ တည်းဖို့ရောက်လာတဲ့ အမျိုးများလား ၊ သို့လောသို့လော



အတွေးတွေနဲ့ လူစင်စစ်ကြီးမြင်လိုက်တာမို့ ကြောက်စိတ်တွေပြေလျော့သွားရင်း



အတွေးတွေကိုကြိုးစားမေ့ပြစ်ရင်း အိပ်ဖို့ပြန်ကြိုးစားနေမိတယ် ၊



 



          အဲ့ဒီ့အချိန်မှာပဲ အိမ်အောက် လှေကားကနေ အိမ်ပေါ်ကိုတစ်ယောက်ယောက်တက်လာတဲ့



ခြေသံကို အတိုင်းသားကြားလိုက်ရတယ် ခြေသံကြားတော့ ဗိုလ်တင့်များ



အပေါ်တက်လာသလားဆိုပြီး အခန်းဝကို လှမ်းကြည့်လိုက်တော့ အခန်းဝမှာ ခုနကမြင်ရတဲ့



အမျိုးသမီးက ပွင့်လိုက်ဟလိုက်ဖြစ်နေတဲ့ အခန်းတံခါးရှေ့နားမှာ ဟိုသွားဒီသွားလုပ်ပြနေတာကို



မြင်လိုက်ရတယ် ၊ ဒီမိန်းကလေး ငါ့အခန်းရှေ့မှာ ဘာများလုပ်နေသလဲလို့တွေးနေမိရင်း



သေချာစိုက်ကြည့်နေတုန်း အောက်ပြန်ဆင်းတဲ့ ခြေသံမကြားရဘဲ အဲ့ဒီ့ အမျိုးသမီးက



ပျောက်သွားပြန်တယ် ၊



 



          တစ်ဆက်တည်းမှာပဲ ဘာရယ်မဟုတ်ဘူး



အတွေးတွေကို မေ့လိုက်ပြီးတော့ စိတ်ပြေလက်ပြောက် ပြန်အိပ်ပျော်ဖို့ကြိုးစားရင်း



ကုတင်ဘေးနံရံမှာရှိတဲ့ ပြတင်းပေါက်ကနေ အပြင်က လမင်းကြီးကို



ငေးကြည့်နေမိတုန်း ….



 



          “ ၀ုန်း… ”



 



          “ ဟာ..သောက်ကျိုးနဲ ”



 



          သူကြည့်နေတဲ့ ပြတင်းပေါက်က အပြင်က တစ်ယောက်ယောက်



ပြတင်းပေါက်တံခါးကို တွန်းပိတ်လိုက်သလို ဖြစ်သွားပြီး ဘကြီး ဒီတစ်ကြိမ်



တော်တော်လေး လန့်သွားမိတာအမှန်ပဲ ၊ လေမတိုက်ဘဲ ဒီတံခါးက



ဘာကြောင့်များ ပိတ်သွားသလဲဆိုတာကို အဖြေရှာဖို့အတွက် ဘကြီးလည်း အခန်းအပြင်ကိုထွက်ပြီး



အိမ်ဘေးဘက်ကို ထွက်ကြည့်မယ်ပြင်ဖို့ အိမ်ပေါ်ကနေ ဆင်းမလို့ပြင်တုန်းလေးရှိသေးတယ်



သူမြင်လိုက်ရတာက



 



သူ့ကိုခုနက မကျေနပ်သလို အခန်းတံခါးအ၀မှာ ရစ်သီရစ်သီလာလုပ်ပြနေတဲ့



အမျိုးသမီးက အဲ့ဒီ့ဝတ်စုံ ၊ အဲ့ဒီ့ဆံပင်ပုံစံ ဆံပင်ဖျားလျားကြီးနဲ့ပဲ ဘကြီးအခန်းကုတင်ဘေးက



ပြတင်းပေါက်ဘေးနားမှာ လေထဲ ပျံနေတာကို မြင်လိုက်ရတော့ ဘကြီးလည်း သွေးပျက်သွားပြီး



ငယ်သံပါအောင်အော်ရင်းနဲ့ အနောက်ကိုလည်းလှည့်မကြည့် ဘာပစ္စည်းမှလည်းမယူတော့ဘဲ



စစ်ပိုင်တို့အဘွားအိမ်ကို တန်းပြေးသွားခဲ့လိုက်တယ် ၊



 



          “ အား…………. ”



 



          အဘွားအိမ်ကို ဘကြီးအော်ပြီးပြေးဝင်လာတော့ အိမ်ထဲမှာ အိပ်နေကြတဲ့သူတွေလည်း



အကုန်လန့်နိုးလာကြပြီးတော့ ဘာဖြစ်တာလဲလို့ပြာပြာသလဲမေးကြတယ် ၊ ဘကြီးကလည်း



ကျော်မလုံသလိုနဲ့ အိမ်ထဲဝင်ပြီးတော့မှ ဖြစ်သမျှကိုပြောပြလိုက်တဲ့အခါ တစ်အိမ်လုံးကလူတွေက



အကုန် ကြောက်လန့်ကုန်ကြပြီး ဘုရားတနေမိကြတော့တယ် ။



 



          နောက်မှသိလိုက်ရတာက ဘကြီးတည်းမိတဲ့ ဗိုလ်တင့်အိမ်မှာ ဘကြီးအိပ်မိတဲ့



အခန်းက ဗိုလ်တင့်အခန်း ၊ ပြီးတော့ ကုတင်ကလည်း ဗိုလ်တင့်နဲ့ ဆုံးသွားတဲ့ သူ့မိန်းတို့ရဲ့



မင်္ဂလာဦးကုတင်ဖြစ်နေမှန်း ပြန်သိလာရတယ် ၊ ဗိုလ်တင့်မိန်းမကလည်း ယောကျာ်းစိတ်နဲ့



မကျွတ်မလွတ်ဖြစ်နေတာကိုလည်း သိလိုက်ကြရတယ် ၊ အားလုံးကတော့ ဗိုလ်တင့်ကို



အရက်ဖြတ်ပြီးတော့ သာ့သနာ့ဘောင်ဝင်ရင်လည်းဝင် မ၀င်ဘူးဆိုရင်လည်း ဘုရားတရားကို



ဖိဖိစီးစီးလေးလုပ်ပြီး ဘ၀ခြားနေတဲ့ ဇနီးသည်အတွက် ကျွတ်လွတ်ကြောင်းလေးဖြစ်အောင်



လုပ်စေချင်ကြတယ် ၊ ဗိုလ်တင့်ကလည်း ဒီသတင်းတွေပြန်ကြားတော့ သူ့မိန်းကိုသတိရတဲ့စိတ်နဲ့



သနားတဲ့စိတ် ရောပြီး ခြုံးပွဲချ ငိုနေမိတော့တယ်….. ။



 



          ဗိုလ်တင့်အိမ်….ဒါမှမဟုတ် အရပ်ခေါ် ဗိုလ်မူးတို့အိမ်ကတော့



အခုအချိန်အထိ အဲ့ဒီ့မြို့ အဲ့ဒီ့ရွာမှာ နာမည်ကြီးနေတုန်းပါပဲ…. ၊ စစ်ပိုင်ကလည်း



တက္ကသိုလ်တက်တိုင်း သူ့သူငယ်ချင်းတွေကိုအမြဲ ပြန်ပြောပြဖြစ်ခဲ့တဲ့



ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မှားမယ်မထင်…………. ။



 



 



ကြိုးစားပါဦးမည် …



~ မိုးစွေ ~



စာပြီးချိန် - 01.7.2019 ( 9 : 10 Am )



#lotaya_shortstory



အပတ်စဉ် အသစ်သစ်သော ပရလောက ၀တ္ထုတိုများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ " ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။