Lotayamm

search
မာတိကာ

contents

သတင်းများ

အခြေခံပညာကျောင်းများတွင် အားကစားကဏ္ဍပြန်လည်အာရုံစိုက်လုပ်ဆောင်ရန် ဦးဇော်ဇော် မေတ္တာရပ်ခံ

နေ့ရက်:
Jun 18, 2017
7daydaily
 နိုင်ငံတော်အစိုးရအနေ ဖြင့် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံပညာကျောင်းများ၌ အားကစားပြိုင်ပွဲများနှင့် အားကစားကွင်းများကို ပြန်လည်ဖော်ထုတ်ကာ အားကစားကဏ္ဍကို အာရုံစိုက်လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။

ဇွန်လ ၁၇ ရက်က ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နှစ်(၇၀)ပြည့် အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် လူငယ်များကို ပြုစုပျိုးထောင်ရာ၌ အားကစားကဏ္ဍကို အခြေခံကာ လုပ်သင့်ပြီး လူငယ်များ မူးယစ်ဆေးဝါးကင်းစင်ရေး ပေါင်းစည်းလုပ်ကိုင်မှုများတွင် အားကစားကဏ္ဍမှ အကျိုးအမြတ် များ ရရှိလာမည်ဖြစ်ခြင်းကြောင့် အားကစားကဏ္ဍကို ပိုမိုတိုးတက်အောင် ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။




 ‘‘နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ လူငယ်တွေကို ပြုစုပျိုး ထောင်တဲ့နေရာမှာ အားကစား ကဏ္ဍကနေ သွားသင့်တယ်။ အားကစားကို အဓိကကျတဲ့နေရာကထားပြီး သွားသင့်တယ်။ မဖြစ်ဖြစ် အောင် ကြိုးစားချင်တဲ့စိတ်က အားကစားကနေ ရရှိစေတယ်။ မေတ္တာ ရပ်ခံချင်တာကတော့ ကျောင်းတွေမှာ အားကစားကဏ္ဍ ကို ပိုပြီးတော့လုပ်ဆောင်စေချင် တယ်’’ဟု ဦးဇော်ဇော်က ပြော သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်ကို ၁၉၄၇ တွင် စတင်တည် ထောင်ခဲ့ပြီး ၂၀၁၇ ၌ နှစ်(၇၀)  ပြည့်ပြီဖြစ်သည်။ ၂၀၀၅ က စတင် ကာ ဥက္ကဋ္ဌတာဝန်ယူခဲ့ချိန်ကစ၍ ကူညီခဲ့သည့် လက်ရွေးစင်ဘော လုံးသမားဟောင်းများ၊ ဥက္ကဋ္ဌ ဟောင်းများကို ကျေးဇူးတင်ရှိ ကြောင်းနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တည်တံ့အောင် ကူညီခဲ့ သူများကို ကျေးဇူးတင်ကြောင်း ဦးဇော်ဇော်ကပြောကြားသည်။

 ‘‘ပရိသတ်ရဲ့ ပျော်ရွှင်မှုနဲ့ တစ်နိုင်ငံလုံးဝမ်းသာအားရအဖြစ် ဆုံးအချိန်ကတော့ ယူ-၂၀ ကမ္ဘာ့ ဖလားကို ဝင်ခွင့်ရတဲ့အချိန်ပေါ့၊ အဲဒီအချိန်က တစ်နိုင်ငံလုံးရဲ့ ပျော်ရွှင်မှုကို ခဏတာပေးစွမ်းနိုင်တဲ့အချိန်ပါ။ အမှတ်တရဖြစ်ပါ တယ်။ လုပ်ခဲ့သမျှတွေမှာလည်း သာဓကပြစရာ သေသေချာချာ၊ တိတိကျကျ မရှိဘူး။ ဒါပေမဲ့ အာ ဆီယံမှာ ကမ္ဘာ့ဖလားကို ပထမ ဆုံးအနေနဲ့ ဝင်ခွင့်ရသွားတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ အရမ်းဂုဏ်ယူ ပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းအခမ်းအနားတွင် ရွှေခေတ် လက်ရွေးစင်ဘောလုံးသ မားဟောင်းများ ကွယ်လွန်ခဲ့ခြင်းကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး လက်ရွေးစင်ဟောင်းများ အသင်းနှစ်သင်းခွဲကာ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ORIGINAL ARTICLE