Lotayamm

search
မာတိကာ

contents

သတင်းများ

လုံခြုံစိတ်ချသည့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးသင်တန်း အခမဲ့ ပို့ချမှု စတင်

နေ့ရက်:
Jan 10, 2017
yangonmedia
''ဒီလိုသင်တန်းတွေက အရင်ကဆို မလေးရှားနဲ့ ကိုရီးယားနိုင်ငံတွေကိုသွားမယ့် လုပ်သားတွေအတွက်ပဲရှိတာ၊ ကျန်တဲ့နိုင်ငံတွေကို သွားလုပ်မယ့်လုပ်သားတွေအတွက်ကို မလုပ်ပေးနိုင်ခဲ့တော့ အခက်အခဲဖြစ် တာပေါ့။ အခုတော့ တရားဝင် ဘယ်နိုင်ငံပဲသွားသွား သင်တန်းတက်ရမယ်။ သင်တန်းဆင်းလက်မှတ်ပေးမယ်။ ပြည်ပသွားမယ်ဆိုရင် အဲ့ဒီသင်တန်းဆင်းလက်မှတ်ရှိရမယ်။ ဘာလို့လုပ်ရလဲဆိုရင် ပြည်ပသွားမယ့် အလုပ်သမား အတော်များများ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေမဖြစ်ရအောင် အသိပညာပေးချင်တာကြောင့်ပေါ့။ ပြည်ပသွားရင် ဘာတွေလိုအပ်တယ်။ အစိုးရသတ်မှတ်ဈေးနှုန်းက ဘယ်လိုရှိတယ်၊ ငွေပိုပေးရတယ် ဆိုတာမျိုးတွေကအစ မဖြစ်ရအောင် အကြိုသင်တန်းတွေနဲ့ အသိပညာတွေ ပေးချင်တာလည်းပါတာပေါ့'' ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောသည်။
မည်သည့်ပြည်ပနိုင်ငံကိုမဆို သွားရောက်လုပ်ကိုင်မည့် လုပ်သားများကို အသိပညာပေးရန်နှင့် လုံခြုံစိတ်ချရသော ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေးအတွက် အခမဲ့သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင် တန်းဆင်းလက်မှတ် ရရှိမှသာ ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှသိရသည်။ ယင်းသုံးရက်တာသင်တန်းသို့ အချိန်ပြည့်တက်ရောက်သူကိုသာ သင် တန်းဆင်းလက်မှတ် ထုတ်ပေးမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ပြီး၊ ကျန်းမာရေးကောင်းမွန်သူ၊ ပြည်ပသို့သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှစတင် လျှောက်ထားနိုင်ကြောင်း သိရသည်။
''ပြည်ပနဲ့ပတ်သက်ပြီး သိထားသင့်တယ်ထင်လို့ ဒီသင်တန်းကိုလေ့လာတဲ့အနေနဲ့ လာတက်တာပေါ့နော်။ ပြီးတော့ ပြည်ပနိုင်ငံအလုပ် ပြဿနာတွေက အမျိုးမျိုးဖြစ်နေတယ်လို့လည်း ကြားထားတော့လေ'' ဟု အဆိုပါ သင်တန်းသို့ လာရောက်တက်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ အဆိုပါသင်တန်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇန်နဝါရီ ၉ ရက်နေ့မှစ၍ ရန်ကင်းအလုပ်သမား သင် တန်းကျောင်း ရန်ကုန်နှင့် မန္တလေး အလုပ်သမားသင်တန်းကျောင်းတို့တွင် တစ်ပြိုင်နက်သင်ကြားပို့ချ ပေးနေကြောင်း သိရသည်။
ZCH
#democracytoday
ORIGINAL ARTICLE